ရီးယဲလ်အသင်း၏ အသင်းခေါင်းဆောင် နောက်ခံလူဟောင်း ရာမို့စ်က ချန်ပီယံလိဂ်ပြိုင် ပွဲ၌ အသင်းဟောင်းနှင့် ပြန်လည်ဆုံတွေ့နေခြင်းနှင့် ပတ်သက်၍ Marca ၏ မေးမြန်းမှုကို လက်ရှိကလပ် PSG အသင်းအတွက် အသက်ပေး၍ ကစားသွားမည်ဟု ပြောကြားခဲ့သည်။
ရာမို့စ်သည် ရီးယဲလ်အသင်းတွင် (၁၆)နှစ်ကြာ ကစားခဲ့သူဖြစ်သော်လည်း အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုမရသောကြောင့် PSG အသင်းထံ ပြောင်းရွှေ့ခဲ့ ခြင်းဖြစ်သည်။
ယခုအခါ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်တွင် အသင်းဟောင်းနှင့် ပြန် လည်ရင်ဆိုင်ရတော့မည်ဖြစ်ပြီး ယင်းအခြေအနေအပေါ် ရာမို့စ်က "ရီးယဲလ်အသင်းက ရင်ထဲမှာ ရှိနေဆဲဖြစ်ပေမဲ့ အခုတော့ တခြားအသင်း လို သဘောထားပြီး ယှဉ်ပြိုင်သွားမှာပါ။ လက်ရှိ အချိန်က ကျွန်တော့်အနေနဲ့ PSG အသင်းအတွက် ကာကွယ်ပေးရမှာဖြစ်ပြီး ရီးယဲလ်ကို ဖြတ်ကျော်နိုင်ဖို့ တတ်နိုင်သမျှအားလုံး လုပ်ဆောင်သွားမှာပါ။ PSG က ကျွန်တော့်ကို ယုံကြည်ခဲ့တဲ့ အသင်းပါ။ ဒီအသင်းအတွက် အသက်ပေးပြီး ကစားသွားမှာပါ"ဟု ပြောကြားခဲ့သည်။
ရာမို့စ်သည် လက်ရှိအချိန်၌ ကြံ့ခိုင်မှုမ ပြည့်ဝခြင်းကြောင့် PSG အသင်းအတွက် ကစားနိုင်ခြင်းမရှိသေးသော်လည်း ရီးယဲလ်နှင့်ပွဲမှာ ဖေဖော်ဝါရီလမှ ယှဉ်ပြိုင်ရမည်ဖြစ်၍ ကစားနိုုင်ဖွယ်ရှိနေသည်။ ရာမို့စ်သည် ရီးယဲလ်အသင်းနှင့် အတူ ချန်ပီယံလိဂ်ဖလား(၄)လုံး ရယူနိုင်ခဲ့သူ ဖြစ်ပြီး PSG အသင်းက ချန်ပီယံလိဂ်အိပ်မက်အတွက် ၎င်းကို ခေါ်ယူခဲ့ခြင်းလည်းဖြစ်သည်။















