မြန်မာနှင့် အာဆီယံဥက္ကဋ္ဌသစ် ကမ္ဘောဒီးယား

မြန်မာနှင့် အာဆီယံဥက္ကဋ္ဌသစ် ကမ္ဘောဒီးယား
ဒီဇင်ဘာ ၇ ရက်က ဖနွမ်းပင်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော်တွင် ကမ္ဘာဒီးယားဝန်ကြီးချုပ် ဟွန်ဆန်(ယာ) ၏ ပြောကြားချက်များကို မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် နားထောင်နေစဉ် (Photo:AFP)
ဒီဇင်ဘာ ၇ ရက်က ဖနွမ်းပင်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော်တွင် ကမ္ဘာဒီးယားဝန်ကြီးချုပ် ဟွန်ဆန်(ယာ) ၏ ပြောကြားချက်များကို မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် နားထောင်နေစဉ် (Photo:AFP)
Published 12 December 2021
မိုးဧအောင်

“ အခုအခါမှာ ကျွန်တော်တို့ဟာ အာဆီယံ အနုတ်တစ်အခြေအနေကို ရောက်ရှိနေပါပြီ။ ဒါဟာ အာဆီယံကြောင့် မဟုတ်သလို မြန်မာကြောင့်လည်း မဟုတ်ပါဘူး။ အာဆီယံဟာ သူ့ရဲ့အခြေခံမူဘောင် အကောင်အထည်ဖော်မှုအတွင်းကနေ မြန်မာကို ဖယ်မထုတ်ခဲ့ပါဘူး။ မြန်မာဟာ သူ့ရပိုင်ခွင့်ကို စွန့်လွှတ်ခဲ့တာပါ”

၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း အာဆီယံထိပ်သီးအစည်းအဝေး၌ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်၏ ရုပ်သံတွေ့ဆုံပွဲမှတစ်ဆင့် ကျန်ရှစ်နိုင်ငံခေါင်းဆောင်များကို ပါးလိုက်သော သတင်းစကားဖြစ်ပါသည်။

သူ့စကား၏ အဓိပ္ပာယ်အရ အာဆီယံကိုရော မြန်မာကိုပါ အပြစ်မတင်ဘဲ အဖွဲ့ဝင် ၁၀ နိုင်ငံအကြား ဆက်လက်လျှောက်လှမ်း စေလိုသော လမ်းကြောင်းတစ်ခုကို “ရှဉ့်လည်းလျှောက်သာ၊ ပျားလည်း စွဲသာ” ရွေးချယ်ထားပုံရသည်။ ထိုသို့ ကနဦးလမ်းခင်းရန်လည်း ကမ္ဘောဒီးယားအတွက် မလွဲမသွေ လိုအပ်သည်။ အကြောင်းမှာ အင်္ဂလိပ်အက္ခရာစဉ်အရ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို တစ်နှစ်စီ ထမ်းဆောင်ရသော အာဆီယံ၏မူနှင့်အညီ ဘရူနိုင်းနိုင်ငံပြီးလျှင် ကမ္ဘောဒီးယားက အာဆီယံဥက္ကဋ္ဌအဖြစ် ၂၀၂၂ ခုနှစ် တစ်နှစ်တာခရီးကို ဆက်ရတော့မည်ဖြစ်သည်။

အာဆီယံနှင့် ဘရူနိုင်းဥက္ကဋ္ဌတာဝန်

၁၉၆၇ ခု သြဂုတ် ၇ ရက်တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့၏ နိုင်ငံ ခြားရေးဝန်ကြီး ငါးဦးက အာဆီယံကြေညာချက် (the ASEAN Declaration) ကို လက်မှတ်ရေးထိုးလျက် အာဆီယံခေါ် အရှေ့တောင်အာရှနိုင်ငံများအသင်း (Association of South East Asian Nations-ASEAN) ကို စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ မူလဖွဲ့စည်းချိန်က ငါးနိုင်ငံသာ ရှိသော်လည်း၊ ၁၉၈၄ ခု ဇန်နဝါရီ ၇ ရက်တွင် ဘရူနိုင်းကို ဆဋ္ဌမမြောက်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၁၉၉၅ ခု ဇူလိုင် ၂၈ ရက်တွင် ဗီယက်နမ်ကို သတ္တမမြောက်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၁၉၉၇ ခု ဇူလိုင် ၂၃ ရက်တွင် လာအိုနှင့် မြန်မာကို အဋ္ဌမမြောက်နှင့် နဝမမြောက် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၁၉၉၉ ခု ဧပြီ ၃၀ တွင် ကမ္ဘောဒီးယားကို ဒသမမြောက်နိုင်ငံအဖြစ်လည်းကောင်း ဆက်လက်လက်ခံခဲ့၍ ယခုအခါ အာဆီယံအဖွဲ့ဝင်နိုင်ငံပေါင်း ၁၀ နိုင်ငံ ရှိသည်။

အာဆီယံဥက္ကဋ္ဌတာဝန်ကို အဖွဲ့ဝင် ၁၀ နိုင်ငံတို့ အလှည့်ကျ ထမ်းဆောင်ရာတွင် အင်္ဂလိပ်အက္ခရာစဉ် အသုံးပြုသည့်အတွက် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် (Burnei, Cambodia,Indonesia, Laos, Malaysia, Myanmar, Phillipine, Singapore, Thailand & Vietnam) ဟု အစီအစဉ်အတိုင်း ရှိနေကြ၏။

ဘရူနိုင်းနိုင်ငံက အာဆီယံ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ မဲစာရင်းကွာဟမှုနှင့် မဲမသမာမှုများ အကြီးအကျယ် ပေါ်ပေါက်ခဲ့ကြောင်း မြန်မာတပ်မတော်က အစိုးရနှင့် လွှတ်တော်ထံ တင်ပြခဲ့သော်လည်း ထိုအချိန်က အာဏာသုံးရပ်ကို ချုပ်ကိုင်ထားခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တာဝန်ရှိသူများက ပြဿနာကို ပြေလည်သည်အထိ ပြန်လည်ဖြေရှင်းခြင်း မပြုခဲ့ကြ။ ထို့ကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ယာယီသမ္မတ ဦးမြင့်ဆွေက တိုင်းပြည်ကို အရေးပေါ် အခြေအနေကြေညာပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ နိုင်ငံတော်အာဏာ လွှဲအပ်ခဲ့သည်။ တပ်မတော်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ - နစက (State Administration Council-SAC) ကိုဖွဲ့စည်းကာ ခြောက်လပြည့်မြောက်ပြီးချိန်တွင် အိမ်စောင့်အစိုးရအဖြစ် ဆက်လက်တာဝန်ယူထားပါသည်။

အာဆီယံသည် အစိုးရအဖွဲ့ခေါင်းဆောင်အဆင့် ထိပ်သီးဆွေးနွေးပွဲကို တစ်နှစ်လျှင်နှစ်ကြိမ် ဧပြီလနှင့် အောက်တိုဘာလတွင် ကျင်းပသည်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖေဖော်ဝါရီလတွင် ဖြစ်ပေါ်ပြီးနောက် ဧပြီလထိပ်သီးအစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့၏။ ထိုအစည်းအဝေးက အာဆီယံအနေနှင့် မြန်မာ့ပြည်တွင်းရေးနှင့် ပတ်သက်သော ဘုံသဘောတူညီချက် ငါးရပ်ကို ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်တွင် ချမှတ်ခဲ့ရာ အောက်ပါအတိုင်း တွေ့ရမည်။

(၁) မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများကို အချိန်မဆိုင်းရပ်တန့် ရန်နိုင်ရေးအတွက် အစုအဖွဲ့အား လုံးအနေဖြင့် အဖြစ်နိုင်ဆုံး ထိန်းသိမ်းသင့်ပါသည်။

(၂) ပြည်သူတို့၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသော အဖြေရှာရန်အလို့ငှာ ပတ်သက်ယှက်နွှယ်နေသည့် အစုအဖွဲ့အားလုံးအကြား အပြုသဘောဆောင်သော တွေ့ဆုံပြောကြားမှု စတင်သင့်ပါသည်။

(၃) အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်က (မြန်မာနိုင်ငံတွင်း) တွေ့ဆုံပြောကြားမှုအတွက် စေ့စပ်ညှိနှိုင်းမှုပြုလုပ်နိုင်ရန် အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်၏ ပ့ံပိုးမှုဖြင့် ဆောင်ရွက်သွားမည်။

(၄) အာဆီယံလူသားချင်းစာနာမှု အကူအညီစင်တာမှတစ်ဆင့် လူသားချင်းစာနာမှု အထောက်အပ့ံများ ကူညီသွားမည်။

(၅) အထူးကိုယ်စားလှယ်နှင့် အဖွဲ့သည် ပတ်သက်ယှက်နွှယ်နေသည့် အစုအဖွဲ့အားလုံးနှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့ သွားရောက်ကြပါမည်။

မြန်မာ့နိုင်ငံရေးအခြေအနေမှာ တပ်မတော်၏ အာဏာထိန်းသိမ်းမှုကို မကျေနပ်သော အင်အားစုများက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (Committee for Respresenting Pyidaungsu Hluttaw-CRPH) နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ (National Unity Government) တို့ကို မြန်မာနိုင်ငံပြင်ပ၌ အခြေပြုဖွဲ့စည်းကာ တပ်မတော်အစိုးရကို လက်နက်ကိုင်တော်လှန်ရေးပုံစံဖြင့် ရင်ဆိုင်ခဲ့ကြသည်။ မြန်မာပြည်တွင်း၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People Defence Force-PDF) ဖွဲ့စည်းကာ လက်နက်ကိုင်ရင်ဆိုင်ခဲ့သည့်အတွက် အဆိုပါ CRPH ၊ NUG နှင့် PDF အဖွဲ့များကို ဥပဒေပြင်ပမှ တရားမဝင်အဖွဲ့အစည်းများအဖြစ် နစကအစိုးရက ကြေညာထားပါသည်။

ဘုံသဘောတူညီချက်ငါးရပ်အရ ပြန်လည်စိစစ်လျှင် အပိုဒ် (၁) ဖြစ်သော “မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများကို အချိန်မဆိုင်း ရပ်တန့်ရန်နိုင်ရေး” ဆိုသော အချက်ကို အစုအဖွဲ့အားလုံးက ထိန်းသိမ်းနိုင်ခြင်း မရှိသေးပါ။ အကြမ်းဖက်သူများအနေနှင့် သာမန်အရပ်သားများကို ပစ်မှတ်ထား သတ်ဖြတ်နေမှုများ နေ့စဉ်လိုလို ပေါ်ပေါက်နေဆဲဖြစ်သည်။ တစ်ဖန် အာဆီယံ၏ အထူးကိုယ်စားလှယ်ကလည်း အာဏာထိန်းထားသော သက်ဆိုင်ရာ နစက အစိုးရနှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးခြင်း မပြုရမီကပင် ပြစ်မှုဆိုင်ရာဥပဒေအရ စွပ်စွဲခံထားရသူ ယခင်အစိုးရမှပုဂ္ဂိုလ် (များ) ကို တွေ့ဆုံခွင့်တောင်းခဲ့သည်ဆိုသော သတင်းများပေါ်ထွက်လာခဲ့၏။

ထို့ကြောင့် အာဆီယံ အထူးကိုယ်စားလှယ်အနေနှင့် နေပြည်တော်သို့ ခြေမချရသေးမီမှာပင် လက်ရှိမြန်မာအစိုးရမှာ အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ်ကို ပူးပေါင်းမှုမရှိဟု အာဆီယံအများစုက အုပ်စုဖွဲ့၍ ကောက်ချက်ဆွဲခဲ့ကြ၏။ ၂၀၂၁ ခု အောက်တိုဘာ ၁၅ ရက်တွင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့၏။ အစည်းအဝေး၏ အနှစ်ချုပ်မှာ သဘောတူညီချက် ငါးရပ်နှင့်ပတ်သက်၍ သိသာထင်ရှားသော တိုးတက်မှုတစ်စုံတစ်ရာ မရရှိသည့်အတွက် အောက်တို ဘာလကုန်ပိုင်းတွင်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာအိမ်စောင့်အစိုးရ ဝန်ကြီးချုပ်ကို ဖိတ်ကြားမည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

နေပြည်တော်ရှိ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၁ ခု အောက်တိုဘာ ၂၅ ရက်တွင် အောက်ပါအတိုင်း သတင်းထုတ်ပြန်ခဲ့သည်။

“အာဆီယံအ စည်းအဝေးများ အားလုံးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်တူ၊ တန်းတူ တက်ရောက်ရန် အာဆီယံပဋိညာဉ်စာတမ်းမှ ပြဋ္ဌာန်းထားသည်ဖြစ်ရာ အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၆ ရက် နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည့် (၃၈) ကြိမ်မြောက်နှင့် (၃၉) ကြိမ် မြောက် အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ အခြားအာဆီယံနိုင်ငံများနည်းတူ အဆင့်တူကိုယ်စားပြု တက်ရောက်ရန် အခွင့်အရေး အပြည့်အဝရှိပါသည်။”

“သို့သော် အဆိုပါအစည်းအဝေးများသို့ မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ကိုယ်စားလှယ် (နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်) တက်ရောက်ရန် လက်ရှိ အာဆီယံဥက္ကဋ္ဌ ဖြစ်သူ ဘရူနိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဖိတ်ကြားလာခြင်းသည် အာဆီယံ ပဋိညာဉ်စာတမ်းနှင့် မကိုက်ညီသကဲ့သို့ အာဆီယံ၏ လုပ်ထုံးလုပ်နည်းနှင့် အစဉ်အလာမှလည်း သွေဖည်နေပါသည်။ ထို့ပြင် အစည်းအဝေးတက်မည့် မြန်မာကိုယ်စားလှယ်၏ အဆင့်အတန်းကိုနှိမ့်ပြီး ဖိတ်ကြားခြင်းနှင့် အစည်းအဝေးများ၌ ဆွေးနွေးရာတွင် ကန့်သတ်မှုများထားခြင်းသည် အာဆီယံပဋိညာဉ်စာတမ်း အပိုဒ်- ၅ နှင့်လည်း ကိုက်ညီမှုမရှိကြောင်း တွေ့ရပါသည်။”

“သို့ဖြစ်ပါ၍ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည့် (၃၈) ကြိမ်မြောက်နှင့် (၃၉) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်ထိပ်သီးအစည်း အဝေးများသို့ နိုင်ငံအကြီးအကဲ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲ သို့မဟုတ် နိုင်ငံအကြီးအကဲကို ကိုယ်စားပြုမည့် ပြည်ထောင်စုဝန်ကြီးအဆင့်ပုဂ္ဂိုလ်က ပါဝင်တက်ရောက်နိုင်ရေးကိုသာ မြန်မာနိုင်ငံက လက်ခံမည်ဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသို့ အကြောင်းပြန်ထားပြီး ဖြစ်ပါသည်။”

“အာဆီယံအစည်းအဝေးများ တက်ရောက်ရာတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုကိစ္စနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံ အချို့နှင့် မြန်မာနိုင်ငံတို့အကြား အမြင်မတူမှုများ၊ အာဆီယံပဋိညာဉ်စာတမ်းပါ သက်ဆိုင်ရာ ပြဋ္ဌာန်းချက်အချို့အပေါ် အဓိပ္ပာယ် ဖွင့်ဆိုချက်ကွဲလွဲမှုများကို ဖြေရှင်းနိုင်ရန်အတွက်လည်း အာဆီယံ ပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့် အာဆီယံ ပဋိညာဉ်စာတမ်း၏ နောက်ဆက်တွဲ သဘောတူညီချက်များနှင့်အညီ မြန်မာနိုင်ငံက ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။”

အာဆီယံအနေနှင့် မြန်မာအစိုးရအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သို့မဟုတ် သူ့ကို ကိုယ်စားပြုနိုင်သူ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို မဖိတ်ဘဲ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကိုသာ တက်ရောက်ရန် ဘရူနိုင်းဘက်က ဖိတ်ကြားခဲ့သောကြောင့် အဆိုပါအစည်းအဝေး၌ မြန်မာကိုယ်စားပြုမှု ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။ ဤအချက်ကို ဘရူနိုင်းပြီးလျှင် ဥက္ကဋ္ဌတာဝန်ယူရမည့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဆောင်းပါးအဖွင့်တွင် ဖော်ပြခဲ့သောစကားအတိုင်း ထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

အာဆီယံနှင့် ပဋိညာဉ်

အာဆီယံမပေါ်ပေါက်မီကပင် စစ်အေးခေတ်ကာလ အရင်းရှင် - ကွန်မြူနစ်ပြိုင်ပွဲအဖြစ် အရှေ့တောင်အာရှ၌ စစ်အုပ်စုသဏ္ဌာန်ဖွဲ့ကာ နေရာယူခဲ့သော ဆီးတိုး  (The Southeast Asia Treaty Organization-SEATO) ဆိုသည့်အဖွဲ့ ဖြစ်တည်ခဲ့သည်။ အရှေ့တောင်အာရှဒေသ ကာကွယ်ရေးဟု ခေါင်းစဉ်တပ်ပြီး ကွန်မြူနစ် သြဇာလွှမ်းမိုးမှုကို ပြန်လှန်ထိန်းချုပ်နိုင်ရန်အတွက် ၁၉၅၄ စက် တင်ဘာလအတွင်း မနီလာ သဘောတူညီချက်  (Manila Pact) အရ ဆီးတိုးကို ဖွဲ့စည်းခဲ့သည်။ အဖွဲ့ဝင်နိုင်ငံများမှာ သြစတြေးလျ၊ ပြင်သစ်၊ နယူးဇီလန်၊ ပါကစ္စတန်၊ ယူနိုက်တက်ကင်းဒမ်း၊ အမေရိကန်ပြည်ထောင်စု၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြ၏။ အရှေ့တောင်အာရှဟု နာမည်ခံခဲ့သော်ငြား ဒေသတွင်းနိုင်ငံ နှစ်နိုင်ငံသာ ပါဝင်ခဲ့ပုံကိုကြည့်ကာ ရည်ရွယ်ချက်အမှန်ကို တွေးဆနိုင်ပါ၏။ တစ်ဖန် အဖွဲ့ ဝင်မဟုတ်သော်လည်း ဆီးတိုး၏ စစ်ရေးအကာအကွယ်ပေးမည့် နိုင်ငံများအဖြစ် လာအို၊ တောင်ဗီယက်နမ်နှင့် ကမ္ဘောဒီးယား (၁၉၅၆ မတိုင်မီအထိ) တို့ကို ထည့်သွင်းထားခဲ့သည်။

တကယ်တော့ ၁၉၆၇ ခုနှစ်၌ အာဆီယံဖွဲ့စည်းခဲ့ခြင်းသည် ကွန်မြူနစ်ဝါဒကို ကြောက်ရွံ့သူများ လူစုခဲ့ခြင်းက အစပြုခဲ့ခြင်း ဖြစ်ပါသည်။ ဗီယက်နမ်တွင် အမေရိကန် ကျူးကျော်မှုနှင့် ဗီယက်ကောင်းတို့ ခုခံတော်လှန်စစ်ဆင်နွှဲမှု အရှိန်တက်နေသော ၁၉၇၀ ပြည့် ဝန်းကျင်နှစ်များတွင် ဤအဖွဲ့ ပေါ်ပေါက်ခဲ့၏။ အာဆီယံဖွဲ့စည်းပြီးနောက်ပိုင်း ဒေသတွင်း စီးပွားရေး တိုးတက်မှုများ ရယူနိုင်ခဲ့သည်မှာ ၁၉၇၉ ခုနှစ်အတွင်း ဗီယက်နမ်က ကမ္ဘောဒီးယားကို ကျူးကျော်ခဲ့ချိန်အထိဟု ဆိုရပါမည်။ (ထိုကာလအထိ ဗီယက်နမ်ရော ကမ္ဘောဒီးယားပါ အာဆီယံအဖွဲ့ဝင်နိုင်ငံ မဖြစ်ကြသေးပါ။)

စစ်အေးကာလ ပြီးဆုံးချိန်တွင် အာဆီယံနိုင်ငံများအဖို့ စူပါ ပါ၀ါများ၏ ၀ါဒရေးရာလွှမ်းမိုးမှုမှ လွန်မြောက်လာကာ နိုင်ငံရေးအရ လွတ်လပ်စွာရပ်တည်ခွင့် ပိုမိုရှင်သန်လာခဲ့သည်။ ထို့ကြောင့် ၁၉၉၀ ပြည့်ဝန်းကျင်၌ အာဆီယံသည် ဒေသတွင်းကုန်သွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များ၌ ပို၍ကျယ်ကျယ်လောင်လောင် ပြောလာနိုင်၏။

တစ်နည်းဆိုရသော် နိုင်ငံရေး၊ ၀ါဒရေးရာနှင့် စူပါပါ၀ါတို့၏ သြဇာလွှမ်းမိုးမှုမှ လွတ်ကင်းလာသော အာဆီယံအနေဖြင့် ဒေသတွင်း နိုင်ငံအချင်းချင်း ပဋိပက္ခဖြစ်ပွားမှု၊ ကျူးကျော်ရန်စမှုများကိုရှောင်ရှားလျက် စီးပွားရေးနှင့် ကုန်သွယ်ရေးကို မဏ္ဍိုင်ထားလှုပ်ရှားဆောင်ရွက်မည့် လမ်းကြောင်းပေါ်သို့ ပြောင်းလဲလျှောက်လှမ်းလာခြင်းဖြစ်သည်။ ၁၉၉၀ ပြည့်လွန်ကာလများက မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် အဆိုပြုခဲ့သော ၂၀၂၀ မျှော်မှန်းချက် (Vision 2020) အရဆိုလျှင် အာဆီယံဒေသ တွင်းနိုင်ငံများအကြား ကုန်စည်၊ ဝန်ဆောင်မှုနှင့် ကုန်သွယ်ရေးအထိ လွတ်လပ်စွာ စီးဆင်းကူးသန်းသွားနိုင်ရန် ရည်ရွယ်ခဲ့သည်။ သို့သော် ဤစီးပွားရေးဆိုင်ရာရည်မှန်းချက်များ အမှန်တကယ်ပန်းတိုင်ရောက်ခဲ့ပါသလော။

ဘန်ကောက်အခြေစိုက် အာဆီယံရေးရာ လွတ်လပ်သော သုံးသပ်သူ ပေါ့ပွန်းလဝမ်ဆီရီက “အာဆီယံမူဝါဒတွေဟာ နားထောင်လို့တော့ ကောင်းမှကောင်း၊ ဒါပေမဲ့ အကောင်အထည်ကတော့ ပေါ်မလာ” ဟု ပြောခဲ့၏။ “အာဆီယံဟာ နှစ်စဉ်နှစ်တိုင်း အစည်းအဝေး ၆၀၀ ကျော် လုပ်တယ်။ တကယ်အကောင်အထည်ဖော်တာက သဘောတူညီချက်ရဲ့ ၅၀ ရာခိုင်နှုန်း မပြည့်ပါဘူး။”

ထိုသို့ နိုင်ငံရေးကို အကဲမဆတ်စေဘဲ စီးပွားရေးကို အခြေပြုနိုင်မည့် အလားအလာ ပေါ်ပေါက်စေရေးအတွက် အာဆီယံပဋိညာဉ်ကို ရေးဆွဲပြဋ္ဌာန်းခဲ့သည်။

အာဆီယံပဋိညာဉ်စာတမ်းတွင် အာဆီယံ၏ ရည်ရွယ်ချက် ၁၅ ချက်၊ အခြေခံမူ ၁၄ ချက်၊ အခွင့်အရေးနှင့် တာဝန်သုံးခု၊ ထိပ်သီးအစည်းအဝေးဆိုင်ရာ အချက်ကြီးသုံးချက်နှင့် အချက်ငယ် ကိုးချက်၊ တိုင်ပင်ဆွေးနွေးခြင်းနှင့် ဆုံးဖြတ်ချက် ချမှတ်ခြင်းဆိုင်ရာ လေးချက်စသဖြင့် အပိုဒ်ပေါင်း ၅၅ ပိုဒ် ပါဝင်ပါသည်။

အာဆီယံပဋိညာဉ်၏ အပိုဒ် (၂) အခြေခံမူများ - ၂ (င) “အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှု မရှိခြင်း”နှင့် ၂ (စ) “ပြင်ပမှ ဝင်ရောက်စွက်ဖက်မှု၊ ဖျက်လိုဖျက်ဆီးပြုမှုနှင့် ဖိအားပေးမှုများ ကင်းရှင်းစွာဖြင့် အမျိုးသားရေးတည်ရှိမှုဆိုင်ရာ အဖွဲ့ဝင်နိုင်ငံတိုင်း၏ အခွင့်အရေးကို လေးစားခြင်း” ဆိုသော အခြေခံမူများ ရှိနှင့်ပြီးဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာ ထုံးတမ်းစဉ်လာအရ ပဋိညာဉ်များကို ရေးဆွဲကြရာတွင် လိုက်နာစေလိုသော အချက်များ (DOs) နှင့် ဖောက်ဖျက်ခြင်း မပြုရမည့်အချက်များ (DON’Ts) ကို ထည့်သွင်းလေ့ရှိ၏။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ကိုင်ဆွဲခဲ့သော “ဘုံသဘောတူညီချက်ကို လိုက်နာဆောင်ရွက်ခြင်း” အချက်သည် ပဋိညာဉ်က လိုက်နာစေလိုသော အချက်မျှသာဖြစ်သည်။ အကယ်၍ မလိုက်နာခဲ့လျှင် မည်သို ့အရေးယူဆောင်ရွက်ရမည်ကို ပဋိညာဉ်၌ ရေးသားပြဋ္ဌာန်းထားခြင်း မရှိသကဲ့သို့ နိုင်ငံခေါင်းဆောင် တစ်ဦးကို ထိပ်သီးအစည်းအဝေး ဖိတ်မည်၊ မဖိတ်မည်ကိစ္စအား နိုင်ငံခြားရေးဝန်ကြီးများက ဆုံးဖြတ်ခဲ့ရိုးထုံးစံလည်း မရှိပါ။ တစ်ဖန် ပဋိညာဉ်ပါ အခြေခံမူများ - ၂ (င) “အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုမရှိခြင်း” ဆိုသောအချက်ကို ဖောက်ဖျက်ရာ ရောက်နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အစိုးရအဖွဲ့ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဘရူနိုင်းက မဖိတ်ကြားခဲ့ခြင်းသည် အာဆီယံ၏ ပဋိညာဉ် ကျိုးပေါက်သွားခြင်း ဖြစ်၏။

တရုတ်နိုင်ငံ၏ အာဆီယံ သံခင်းတမန်ခင်း

၂၀၀၃ ခုနှစ်တွင် အရှေ့တောင်အာရှနိုင်ငံများသို့ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရန် တရုတ်နိုင်ငံက ကမ်းလှမ်းခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် အာဆီယံ၏ ဆွေးနွေးဘက် မိတ်ဆွေအဖြစ် တရားဝင်လက်ခံခဲ့သည်။ တရုတ်နိုင်ငံက အာဆီယံဆိုင်ရာ သံတမန်ခန့်အပ်ကာ ၂၀၁၁ ခုနှစ်၌ ဘေဂျင်းတွင် အာဆီယံ - တရုတ်ဗဟိုဌာန (ASEAN-China Centre-ACC) ကို တည်ထောင်ခဲ့၏။ ၂၀၁၂ ခုနှစ်၌ အာဆီယံ၏ အမြဲတမ်းတွဲဖက်နိုင်ငံအဖြစ် ရောက်ရှိလာခဲ့သည်။

အာဆီယံနိုင်ငံများသည် တရုတ်နိုင်ငံအတွက် အလွန်အရေးပါသော ဆက်သွယ်ရေးလမ်းမကြီး ဖြစ်သည်။ သဘာဝသယံဇာတရင်းမြစ်များ ပေါကြွယ်ရာအရပ်ဒေသအဖြစ် ကုန်းတွင်းပိုင်းရော၊ ရေပိုင်နက်ပါ တစ်ဆက်တစ်စပ်တည်း တည်ရှိနေရာ ဤအဖွဲ့နှင့် ပူးပေါင်းလိုက်သည့်အတွက် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်း ချောမွေ့ရုံသာမက တည်ငြိမ်သော စီးပွားရေးတိုးတက်မှုကိုပါ ရယူနိုင်သည်။ တရုတ်၏အိမ်နီးချင်းနိုင်ငံများသည် သက်ဆိုင်ရာတစ်နိုင်ငံချင်း၏ အကျိုးစီးပွားကိုကာကွယ်ရန်အလို့ငှာ တရုတ်နှင့် “ကြည်လိုက်နောက်လိုက်” ဖြစ်ကြဖူးသည့်တိုင် ယခုလိုအဖွဲ့အစည်းလိုက် ချစ်ကြည်ရင်းနှီးမှုက အခြေအနေဆိုးမသွားရန် ထိန်းကျောင်းပေးနိုင်ခဲ့သည်။

၂၀၂၁ ခု အောက်တိုဘာအတွင်း အာဆီယံထိပ်သီးဆွေးနွေးပွဲပြီးချိန်တွင် နိုဝင်ဘာလ၌ တရုတ် - အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့သည်။ ထိုအစည်းအဝေးတွင် မြန်မာခေါင်းဆောင်ကို ဖိတ်ကြားလိုသည့်အတွက် တရုတ်က အာဆီယံနိုင်ငံများအကြား အထူးကိုယ်စားလှယ်စေလွှတ်ကာ ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ပါ။ အထူးသဖြင့် အင်ဒိုနီးရှားနှင့် မလေးရှားတို့က ခါးခါးသည်းသည်း ငြင်းပယ်ခဲ့ကြသည်။ ထိပ်သီးဆွေးနွေးပွဲသို့ မြန်မာခေါင်းဆောင်ကို ဖိတ်ကြားခြင်းမပြုခဲ့သော ဘရူနိုင်းနိုင်ငံ၊ ယခု ငြင်းပယ်ခဲ့သော အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှာ အာဆီယံအတွင်းမှ အစ္စလာမ်မစ်ပူးပေါင်းရေး နိုင်ငံများ (Organization of the Islamic Cooperation - OIC) အဖွဲ့ဝင်ဖြစ်နေကြသည်မှာလည်း ထူးခြားချက်တစ်ရပ် ဖြစ်နေ၏။

ထိုထိပ်သီးအစည်းအဝေး၌ တရုတ်သမ္မတ ရှီကျင့်ဖျင်က “ အပြန်အလှန်လေးစားပြီး နိုင်ငံတကာ ဆက်ဆံရေးအခြေခံမူအား ခိုင်မာစွာ လိုက်နာကြရမည်ဖြစ်ကြောင်း၊ တန်းတူညီမျှဆက်ဆံခြင်း၊ သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်ခြင်းသည် မိမိတို့၏ တူညီသည့်လိုလားမှု ဖြစ်ကြောင်း၊ မိမိတို့သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါးရပ်နှင့် “ဘန်ဒေါင်းစိတ်ဓာတ်”ကို ဦးစွာအဆိုပြုခဲ့ကြကြောင်း၊ တရုတ်နိုင်ငံသည် အာဆီယံနှင့်ဆွေးနွေးမှုမိတ်ဖက် ဆက်ဆံရေးတွင် အရှေ့တောင်အာရှ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်” ၌ ဦးဆုံးပါဝင်သည့် နိုင်ငံဖြစ်ကြောင်း၊ ကွဲပြားမှုများအား ဘေးဖယ်ထားပြီး တူညီမှုများကို ရှာဖွေခြင်းဖြင့် ကွဲလွဲမှုနှင့် ပြဿနာများကို ကောင်းမွန်သင့်တော်စွာ ဖြေရှင်းကာ အာရှတိုက်၏စံတန်ဖိုးကို အတူထိန်းသိမ်းကာကွယ်မြှင့်တင်ခဲ့ကြကြောင်း” ပြောကြားခဲ့သည်။

အရေးကြီးသည့်အချက်အဖြစ် သမ္မတရှီက “မိမိတို့အနေဖြင့် ဒေသငြိမ်းချမ်းရေး၏ တည်ဆောက်သူနှင့် ထိန်းသိမ်းစောင့်ရှောက်သူများ ဖြစ်ရမည်ဖြစ်ကြောင်း၊ ထိပ်တိုက်ရင်ဆိုင်ခြင်းမဟုတ်သည့် တွေ့ဆုံဆွေးနွေးမှု၊ မဟာမိတ်အုပ်စုဖွဲ့ခြင်းမဟုတ်သည့် အပြန်အလှန် အမှီသဟဲပြုသော နေထိုင်မှုဖြင့် အတူလက်တွဲကာ ငြိမ်းချမ်းရေးအား ဖျက်ဆီးသော ခြိမ်းခြောက်မှုနှင့် အပြုသဘောမဆောင်သည့် အကြောင်းရင်းများကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဗိုလ်ကျစိုးမိုးမှုအယူဝါဒနှင့် နိုင်ငံရေးကို ပြတ်သားစွာဆန့်ကျင်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့်အတူ စဉ်ဆက်မပြတ် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံကာ ဒေသရေရှည်ငြိမ်းချမ်းကို အတူကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ရာ ဗိုလ်ကျလွှမ်းမိုးမှုအား လုံးဝပြုလုပ်မည် မဟုတ်သလို ကြီးနိုင်ငယ်ညှဉ်းအပြုအမူမျိုးကို လုံးဝပြုမည်မဟုတ်ကြောင်း” ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေနှင့် အာဆီယံကို မည်သို့သောပုံစံအဖြစ် မျှော်လင့်ထားကြောင်း သမ္မတရှီ၏ မိန့်ခွန်း၌ ပေါ်လွင်လျက်ရှိသည်။ သူ့တိုင်းပြည်နှင့် ဆက်စပ်ပတ်သက်ရာ အကြီးမားဆုံး ကုန်းတွင်းပိုင်းနယ်နိမိတ်သာမက တောင်တရုတ်ပင်လယ်၏ ရေပိုင်နက်ထိစပ်မှုပါ ကြီးမားကျယ်ပြန့်သော အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ ဒေသတွင်းတည်ငြိမ်ရေးဆောင်ရွက်လိုသည်မှာ တရုတ်၏ဆန္ဒဟု ဆိုရပါမည်။ တစ်နည်းအားဖြင့် အာဆီယံအတွက် တရုတ်နိုင်ငံ၏ ရည်စူးချက်မှာ ပထဝီစီးပွားရေး (Geo-economics) ကဏ္ဍဘက် အလေးသာသည်။

အာဆီယံအတွင်း အုပ်စုဖွဲ့အတွေးအခေါ်

အာဆီယံသည် နိုင်ငံရေးအသွေးအရောင်ရှိခဲ့ရာမှ စစ်အေးခေတ်လွန်မြောက်ချိန်တွင် ဒေသတွင်းစီးပွားရေးကို အလေးဂရုပြုခဲ့သည်။

ဆယ်စုနှစ်များအလိုက် အကြမ်းဖျင်းဖော်ပြရသော် ၁၉၆၇ မှ ၁၉၉၀ ပြည့်နှစ်များအတွင်း နိုင်ငံရေးအရ ကွန်မြူနစ်ဆန့်ကျင်ရေးကို အခြေပြုကာ အမေရိကန်ဘက်ယိမ်းခဲ့၏။ ၁၉၉၀ ပြည့်လွန်မြောက်၍ ဆိုဗီယက်ယူနီယံပြိုကွဲပြီးချိန်တွင် ၀ါဒရေးရာဘက် အကဲမဆတ်တော့ဘဲ ဒေသတွင်းစီးပွားရေးကို ပိုမိုစောင်းပေးလာခဲ့သည်။ ထိုအချက် မှန်ကန်ကြောင်းကို အရှေ့တောင်အာရှဒေသအတွင်းရှိ ကမ္ဘာတွင် ရှားရှားပါးပါး ကျန်နေခဲ့သော ဆိုရှယ်လစ်ကွန်မြူနစ်နှစ်နိုင်ငံ လာအိုနှင့် ဗီယက်နမ်ကို အဖွဲ့အတွင်းသို့ ဝင်ခွင့်ပြုခဲ့ခြင်းက သက်သေခံနေ၏။ ထိုသို့ ဒေသတွင်းစီးပွားရေးအပေါ် အလေးဂရုပြုမှုမှာ ၂၀၂၀ ပြည့်ဝန်းကျင်အထိ နှစ် ၃၀ နီးပါး ကြာမြင့်သည်ဟု ဆိုရမည်။

ယခု ၂၀၂၁ ခုနှစ်တွင်မူ ကမ္ဘာ့နိုင်ငံရေး အခြေအနေနှင့်အတူ အာဆီယံအဖွဲ့တွင်း နိုင်ငံအချို့၏ ရပ်တည်ချက်များမှာ ကျယ်ကျယ်လောင်လောင် ကွဲပြားမှုရှိလာသည်။ လက်ရှိ ၂၁ ရာစုဆန်းပြီးနောက် ဆယ်စုနှစ်ခုအကြာတွင် တရုတ်နှင့် အမေရိကန်တို့မှာ ကမ္ဘာ့အင်အားကြီးပြိုင်ဘက်များ ဖြစ်လာကြသည်။ တရုတ်က ပထဝီစီးပွားရေး လုပ်ဆောင်ချိန်၌ အမေရိကန်ကလည်း အာရှ-ပစိဖိတ်ဒေသကို မဏ္ဍိုင်အဖြစ်ထားကာ ပထဝီနိုင်ငံရေး (Geopolitics) ကစားနေသည်။ တရုတ်နှင့် အမေရိကန်တို့ သည် တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်သော ရေကြောင်း ကုန်သွယ်မှု၊ တိုင်ဝမ်လွတ်လပ်ရေးနှင့် “တစ်နိုင်ငံတည်းသော တရုတ်ပြည်” အရေးအရာများတွင်တောက်လျှောက် “ငြိ” လာခဲ့ကြသည်။

ထို့ထက်ပို၍ အရေးတကြီး ဖန်တီးလိုက်သောကိစ္စမှာ သြစတြေးလျ၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စု သုံးနိုင်ငံအကြား လုံခြုံရေးဆိုင်ရာ ကတိကဝတ်ပြုထားသည့် သြကပ်စ် (AUKUS) ပဋိညာဉ် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၅ ရက်၌ ကြေညာလိုက်ခြင်းဖြစ်၏။ ဤပဋိညာဉ်အရ အမေရိကန်ပြည်ထောင်စုနှင့် ယူကေတို့က သြစတြေးလျ၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများကို လက်တွေ့အသုံးချ တပ်ဖြန့်ရာတွင် ပိုမိုတိုးတက်အောင် အကူအညီပေးရန် သဘောတူသည့်အတွက် ပစိဖိတ်သမုဒ္ဒရာအတွင်း အနောက်အုပ်စု၏ စစ်အင်အားကို ထင်ထင်ပေါ်ပေါ် ထပ်မံအားဖြည့်လိုက်ခြင်းဖြစ်သည်။

ပထဝီဝင်နိုင်ငံရေးအရ အင်ဒို - ပစိဖိတ်ဒေသအတွင်း၌ သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဖီဂျီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ လာအို၊ မလေးရှား၊ မော်လဒိုက်၊ မြန်မာ၊ နီပေါ၊ နယူးဇီလန်၊ ပါပူဝါနယူးဂီနီ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ သီရိလင်္ကာ၊ တိုင်ဝမ်၊ ထိုင်း၊ တီမောလက်စလေ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်စသည့် နိုင်ငံများပါဝင်သည်။ ထူးခြားချက်မှာ အာရှတိုက်ရှိ အင်အားကြီးဒေသတွင်းအဖွဲ့အစည်းဖြစ်သော အာဆီယံခေါ် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN-Association of South East Asian Nations) ၏ အဖွဲ့ဝင် ၁၀ နိုင်ငံစလုံးမှာ အင်ဒို-ပစိဖိတ်ဒေသအတွင်း ပါဝင်လျက်ရှိ၏။

မည်သို့ဆိုစေ AUKUS ဖွဲ့စည်းခြင်းသည် အင်ဒို - ပစိဖိတ်ဒေသအတွင်း တရုတ်တို့၏ ရေကြောင်း စိုးမိုးမှုကို တန်ပြန်ထိန်းသိမ်းနိုင်ရေး ရည်ရွယ်ခဲ့ကြောင်း သက်သေအခိုင်အမာ မပြနိုင်သော်ငြား သံသယကြီးစွာ ဖြစ်တည်နေပါ၏။ တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ် ရပ်ဝန်းရှိ နိုင်ငံများနှင့် အချုပ်အခြာ ရေပိုင်နက်ဆိုင်ရာ အငြင်းပွားမှုရှိနေသည်။ ထိုအထဲတွင် ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် တိုင်ဝမ်တို့ပါဝင်၏။ ယခုနှစ်များအတွင်း တရုတ်နှင့် အမေရိကန် ရေတပ်အင်အားစုများသည် အငြင်းပွားမှုတို့ ဖြစ်ထွန်းရာ ဤတောင်တရုတ်ပင်လယ်တစ်ဝိုက်တွင် “အနီးကပ် တွေ့ထိမှုများ” ထိ ဖြစ်လုဆဲဆဲ အနေအထားအထိ အကြိမ်ကြိမ်ရောက်ရှိခဲ့ကြ၏။

AUKUS ဖွဲ့စည်းမှုနှင့်အတူ တရုတ်နှင့် အမေရိကန်တို့၏ အာဏာချိန်ခွင်လျှာ ကစားပွဲသည် အာဆီယံကို အကြီးအကျယ် ရိုက်ခတ်ခဲ့သည်။ အဖွဲ့ဝင် ၁၀ နိုင်ငံက တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့မဟုတ် အမေရိကန်ပြည်ထောင်စု မည်သူ့ကို ထောက်ခံမည်နည်းဆိုသော ကိစ္စမှာ နှစ်နိုင်ငံလုံးအတွက် အရေးပါနေသည်။ AUKUS အပေါ် အဖြူအမည်း ရှင်းလင်းစွာ သဘောထားမပေးခဲ့သောနိုင်ငံများမှာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့ ဖြစ်သည်။

AUKUS အတွက် ရပ်တည်ချက်များ အရေးတကြီးလိုအပ်နေချိန် ၂၀၂၁ ခု သြဂုတ်လအတွင်း အမေရိကန် ဒုသမ္မတ ကမ်မလာ ဟားရစ်သည် ဟနွိုင်းသို့ အလည်အပတ် ရောက်ရှိခဲ့ပြီး သူ့ခရီးစဉ်အတွင်း တောင်တရုတ်ပင်လယ်၌ တရုတ်ပြည်၏ “ရေကြောင်းဆိုင်ရာ ကြီးနိုင်ငယ်ညှဉ်း အနိုင်ကျင့်ခြင်းများ” ကို ရှုတ်ချပြောဆိုခဲ့သည်။

ထိုအချိန်မှစ၍ မြန်မာနိုင်ငံ၏ အရေးပေါ်အခြေအနေကြေညာပြီး စစ်ဘက်အာဏာထိန်းသော ကိစ္စမှာ အမေရိကန်နှင့် ယင်း၏ပါ၀ါကို သံယောင်လိုက် ကြိုက်လိုသူ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့အတွက် လိုအပ်သလို အချုံ့အချဲ့လုပ်နိုင်သော နိုင်ငံရေးကစားကွက်ဖြစ်လာသည်။

နိုင်ငံရေးအရ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို မစွက်ဖက်ရသော အခြေခံမူကို လိုက်နာခြင်းမပြုတော့ဘဲ အာဆီယံပဋိညာဉ် ကျိုးပေါက်သည့်အခြေအနေအထိ ရောက်ရှိသွားခဲ့သည်။ ထိုအခြေအနေကို ထိန်းသိမ်းလိုသူမှာ ယခု အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် ကမ္ဘောဒီးယားပင် ဖြစ်သည်။

ကမ္ဘောဒီးယား - မြန်မာဆက်ဆံရေး

ကမ္ဘောဒီးယားနှင့် မြန်မာသည် ၁၉၅၅ ခု ဇူလိုင် ၁၂ ရက်မှ စတင်ကာ သံတမန်အဆက်အသွယ်ပြုခဲ့ကြသည်။ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ ချစ်ကြည်ရေးခရီး အပြန်အလှန်လည်ပတ်မှုများမှာ အစိုးရအဆက်ဆက် ရှိခဲ့ကြသည်။

လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် ပြီးခဲ့သည့် သြဂုတ်လအတွင်း ကမ္ဘောဒီးယားအစိုးရက ကိုဗစ် - ၁၉ ကာကွယ် ကုသရေးအတွက် အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ တန်ဖိုးရှိသော ဆေးပစ္စည်းများကို လှူဒါန်းခဲ့သည်။ ထို့ပြင် အာဆီယံ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်မှတစ်ဆင့် ကမ္ဘောဒီးယား၏ အချိုးကျဝေစု အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ကိုလည်း ထည့်ဝင်ပေးခဲ့သည်။

“အဆွေတော်၏နိုင်ငံတော်က ကိုဗစ် - ၁၉ ကပ်ရောဂါတိုက်ဖျက်မှုအတွက် ကနဦးကပင် စည်းကမ်းချက်များ တိတိကျကျချမှတ်ကာ အားထုတ်နေမှုများကို ကျွန်ုပ်အနေနှင့် လေ့လာသိရှိပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဤကမ္ဘာ့ကပ်ရောဂါကြီးကို ကမ္ဘာမြေပေါ်မှ အပြီးတိုင် ကင်းပစေရန် လက်တွဲတိုက်ဖျက်သွားမည်ဟု ကတိပြုပါသည်” ဟု ဝန်ကြီးချုပ် ဟွန်ဆန်က ပေးစာရေးသားခဲ့သည်။ ဆေးပစ္စည်းများ လှူဒါန်းမှုနှင့်အတူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပေးပို့ခဲ့သည့် စာထဲတွင် “နှစ်နိုင်ငံအကြား မိတ်ဆွေဖြစ်မှုနှင့် စည်းလုံးညီညွတ်မှု စိတ်ဓာတ်” ကို အလေးပေး ဖော်ပြခဲ့၏။

၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်း ဘရူနိုင်း၏ ဥက္ကဋ္ဌတာဝန်ပြီးဆုံးချိန်၌ ကမ္ဘောဒီးယားနိုင်ငံသည် အာဆီယံဥက္ကဋ္ဌတာဝန်ကို တစ်နှစ်တိတိ ထမ်းဆောင်သွားရမည်။ ထိုအချိန်တွင် ဥက္ကဋ္ဌနိုင်ငံအဖြစ် သူမဖြစ်စေချင်ခဲ့သော “အာဆီယံ အနုတ်တစ်” အဖြစ်မှ လွန်မြောက်နိုင်ရန် မြန်မာနိုင်ငံနှင့် သံတမန်ရေးရာ ပူးပေါင်းလက်တွဲမှု စတင်ပြုလုပ်ပါတော့သည်။

၂၀၂၁ ခု နိုဝင်ဘာ ၅ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ကွိုင်ကွန်းက ဒီဇင်ဘာလကုန်၌ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ဘရူနိုင်း နိုင်ငံခြားရေးဒုဝန်ကြီး အီရိုင်ဝမ်ယူဆွတ်မှာ သက်တမ်းကုန်သွားပြီဖြစ်ကြောင်း ဗီအိုအေ သတင်းဌာနကို ပြောခဲ့၏။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာကမူ ဥက္ကဋ္ဌ သက်တမ်းကုန်သော်လည်း အထူးကိုယ်စားလှယ်မှာ ဆက်ရှိနေသင့်ကြောင်း အကြံပြုခဲ့သည်။

“မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ အာဆီယံဥက္ကဋ္ဌ အထူးကိုယ်စားလှယ်ဆိုင်ရာမှတ်ချက်ဟာ မေးခွန်းထုတ်စရာပါ။ ၂၀၂၂ ခုနှစ်အတွင်း အာဆီယံဥက္ကဋ္ဌအနေနဲ့ မြန်မာ့အကျပ်အတည်းကို ကမ္ဘောဒီးယားကပဲ တာဝန်ယူဖြေရှင်းသွားမှာပါ” ဟု တုံ့ပြန်ခဲ့၏။

၂၀၂၁ ခု နိုဝင်ဘာ ၁၉ ရက်တွင် ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီး ပါ့က်ဆိုခွန်းနှင့် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးသစ် ယိုရှီမာဆာ ဟာယာရှီတို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ကြရာတွင် မြန်မာနိုင်ငံအရေး ဖြေရှင်းနိုင်ရန် အာဆီယံဘုံ သဘောတူညီချက်ငါးရပ်ကို ဆက်လက်အကောင်အထည်ဖော်သွားစေရေး ဆွေးနွေးခဲ့ကြသည်။

၂၀၂၁ ခု ဒီဇင်ဘာ ၆ ရက်တွင် မြန်မာနိုင်ငံ အာဆီယံအဖွဲ့ဝင်အဖြစ် ခွင့်တူညီမျှ တက်ကြွစွာပါဝင်နိုင်ရေးနှင့် ပတ်သက်၍ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က

“အာဆီယံမှာ အဖွဲ့ဝင် ၁၀ နိုင်ငံရှိတယ်။ အားလုံးအစည်းအဝေးတွေကို အတူတကွ တက်ရောက်ခွင့်ရှိကို ရှိတယ်” ဟု တရုတ်အကူအညီပေးသည့် ဆောက်လုပ်ရေး ပရော့ဂျက် ဖွင့်ပွဲအခမ်းအနားတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

၂၀၂၁ ခု၊ ဒီဇင်ဘာ ၇ ရက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဖနွမ်းပင်သို့ ရောက်ရှိကာ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ၂၀၂၂ နှစ်ဆန်း၌ ကမ္ဘောဒီးယား အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်လွှဲပြောင်းယူချိန်တွင် အသစ်ခန့်အပ်မည့် အထူးကိုယ်စားလှယ်ကိစ္စကို ဆွေးနွေးခဲ့သည့်အပြင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ မြန်မာနိုင်ငံ အလည်အပတ်ခရီးစဉ်မှာ ဇန်နဝါရီ ၇ ရက်တွင် စတင်မည်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

အာဆီယံအတွင်း ဤသို့သော ဖြစ်ထွန်းတိုးတက်မှုများ ဆောင်ကြဉ်းနိုင်ရန် ကမ္ဘောဒီးယားက ကြိုးပမ်းနေစဉ်အတွင်း ဒီဇင်ဘာ ၉ ရက်တွင် အမေရိကန်က ကမ္ဘောဒီးယား နိုင်ငံအနေနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့ခြင်း၊ တရုတ်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုများ ကြောင့် အမေရိကန် အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံး ပစ္စည်းများ အပါအဝင် လက်နက်တင်ပို့ ရောင်းချမှု ပိတ်ပင်ကန့်သတ်လိုက်သည်။ ၂၀၁၉ ခု၌ ထိုင်းပင်လယ်ကွေ့အတွင်းရှိ Ream ရေတပ်အခြေစိုက် စခန်းကို တရုတ်နိုင်ငံတစ်နိုင်ငံတည်းသာ အသုံးပြုခွင့်ပေးမည်ဆိုသော သဘောတူစာချုပ်ကို ကမ္ဘောဒီးယားက လျှို့ဝှက်လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းထွက်လာပြီး နောက်ပိုင်း အမေရိကန်နှင့် ကမ္ဘောဒီးယားအကြား ဆက်ဆံရေးတင်းမာခဲ့ပြီးဖြစ်သည်။

၂၀၂၁ ခု ဒီဇင်ဘာ ၁၀ ရက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်ဆန်က ကမ္ဘောဒီးယားစစ်တပ်၌ လက်ရှိသုံးစွဲနေဆဲ သို့မဟုတ် လက်နက်တိုက်များ၌ ဆွေးမြည့်နေသော အမေရိကန်လုပ် လက်နက်အားလုံးကို ဖျက်ဆီးပစ်ရန် အမိန့်ပေးခဲ့သည်။

မြန်မာ၏ အာဆီယံအနာဂတ်

ဘရူနိုင်းထိပ်သီးအစည်းအဝေး၌ နိုင်င့ံခေါင်းဆောင်ကိုယ်စား အဆင့်နှိမ့်ဖိတ်ကြားမှုကို မြန်မာက မတက်ရောက်ခဲ့သည့်တိုင် “မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့သို့ ဝင်ရောက်ပြီးသည့်အချိန်မှစ၍ အာဆီယံပဋိညာဉ် စာတမ်းပါမူနှင့် လုပ်ထုံးလုပ်နည်းများကို လေးစား၊ လိုက်နာခဲ့ပြီး အာဆီယံအသိုက်အဝန်း ထူထောင်ရာတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တူညီဆန္ဒ ငါးချက် အကောင်အထည်ဖော်ရာတွင် အာဆီယံနှင့် အပြုသဘော ဆက်လက်ပူးပေါင်းဆောင်ရွက်သွားပါမည်” ဟု အောက်တိုဘာ ၂၆ ရက်တွင် နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ဖြစ်၏။

ယခု ဥက္ကဋ္ဌအဖြစ် တာဝန်ယူတော့မည့် ကမ္ဘောဒီးယားကလည်း နှစ်နိုင်ငံဆက်ဆံရေးကို အခြေပြုကာ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးနှင့် မြန်မာနိုင်ငံ အာဆီယံ အဖွဲ့အတွင်း တန်းတူရည်တူ ဆက်လက်ပါဝင်ရေးအတွက် လိုလားလျက်ရှိသည်။

ဤအခြေအနေမှာ “တိုင်း၍ ရက်သည့်ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့်” ဟူသော ဆိုရိုးစကားနှင့်အညီ အခွင့်သာခိုက်တွင် မိမိတို့ မြန်မာနိုင်ငံ၏ပုံရိပ်ကို မလွဲမသွေ ရေရှည်တည်တ့ံခိုင်မာစေရန် ထိန်းသိမ်းနိုင်သော အခွင့်အလမ်းပင် ဖြစ်ပါသည်။

အခြားတစ်ဖက်တွင် ပထဝီ စီးပွားရေးနှင့် ပထဝီနိုင်ငံရေး ကစားနေကြသော အင်အားကြီးနိုင်ငံများအကြား မိမိ၏ဂုဏ်သိက္ခာနှင့်အညီ လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို တိကျပြတ်သားစွာ အကောင်အထည်ဖော်သွားရပါမည်။

သံခင်းတမန်ခင်းတို့ မည်သည် နိုင်ငံတစ်နိုင်ငံအတွက် ထာဝရမိတ်ဆွေ သို့မဟုတ် ထာဝရရန်သူ မရှိဘဲ ထာဝရအကျိုးစီးပွားကိုသာ အခြေခံရိုးထုံးစံ ရှိပါသည်။ သို့သော် ဤသို့သော အကျိုးစီးပွားကို ဖော်ဆောင်ရာတွင် ပါးနပ်လိမ္မာမှုက အခရာဖြစ်သည့်အတွက် ကဗျာဆရာကြီး ရောဘတ်ဖရော့စ်၏ သံတမန်ဆိုင်ရာ တင်စားချက်ဖြင့် ဆောင်းပါးနိဂုံး အဆုံးသတ်လိုက်ပါသည်။

“A diplomat is a man who always remembers a woman’s birthday but never remembers her age.

“သံတမန်တစ်ယောက်ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့မွေးနေ့ကို ထာဝရသတိရနေပြီး သူ့အသက်ကို ဘယ်တော့မှ မှတ်မထားတဲ့ လူမျိုး”References:

https://asiatimes.com/2021/11/china-looms-large-over-cam-bodias-asean-chairman-ship/

https://en.m.wikipedia.org/wiki/Foreign_relations_of_Cambodia

https://cambojanews.com/cambodia-donates-to-myanmars-military-junta-to-c...

https://m.phnompenhpost.com/national-politics/foreign-ministers-cambodia...

https://www.voacambodia.com/a/cambodia-insists-on-naming-new-asean-envoy... 6301037.html

https://www.reuters.com/world/asia-pacific/cambodian-pm-says-plans-visit-myanmar-talks-with-military-rulers- 2021-12-06/

https://thediplomat.com/ 2021/12/new-asean-chair-cambodia-to-push-engage-ment- with-myanmar-junta/

https://www.khmertimeskh.com/50986567/cambodian-led-myanmar-talks-a-potential-path-for-sending-of-special-envoy-and-conflict-resolution/

https://burmese.voanews.com/a/cambodia-china-american-embargo-human-rights-voa-burmese-/6346668.html

https://www.bangkokpost.com/world/2230015/angry-hun-sen-orders-us-weapons-destroyed

https://www.brainyquote.com/quotes/robert_frost_107290?src=t_diploma