ကျပ်နှစ်သောင်းနှင့် ကျပ်ငါးသောင်းတန် ထုတ်ဝေမည်ဆိုသည်မှာ သတင်းအမှားဖြစ်ကြောင်း ဗဟိုဘဏ်က ကြေညာခြင်း၊ ဒီဇင်ဘာ ၈ ရက်မှစ၍ နှစ်ဆန်ီးပါးစျေးတက်လာသည့် အင်တာနက်ဒေတာစျေးနှုန်းများ

ကျပ်နှစ်သောင်းနှင့် ကျပ်ငါးသောင်းတန် ထုတ်ဝေမည်ဆိုသည်မှာ သတင်းအမှားဖြစ်ကြောင်း ဗဟိုဘဏ်က ကြေညာခြင်း၊ ဒီဇင်ဘာ ၈ ရက်မှစ၍ နှစ်ဆန်ီးပါးစျေးတက်လာသည့် အင်တာနက်ဒေတာစျေးနှုန်းများ
မိုဘိုင်းဖုန်းသုံးစွဲနေသူတစ်ဦးအား တွေ့ရစဉ်
မိုဘိုင်းဖုန်းသုံးစွဲနေသူတစ်ဦးအား တွေ့ရစဉ်
Published 12 December 2021

ကျပ်နှစ်သောင်းနှင့် ကျပ်ငါးသောင်းတန်ထုတ်ဝေမည်ဆိုသည်မှာ သတင်းအမှားဖြစ်ပြီး ထုတ်ဝေမည်ဆိုပါက ကြိုတင်အသိပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြေညာသည်။

လူမှုကွန်ရက်စာမျက်နှာများတွင် ကျပ်နှစ်သောင်းတန်နှင့် ကျပ်ငါးသောင်းတန်များ ထုတ်ဝေမည်ဟု သတင်းများထွက်ပေါ်နေခြင်းအပေါ် ဗဟိုဘဏ်က ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်အနေဖြင့် ငွေစက္ကူတန်ဖိုး အမျိုးအစားသစ်ထုတ်ဝေခြင်း၊ ထုတ်ဝေပြီးသော ငွေစက္ကူများကို ပုံစံသစ်ဖြင့် ပြောင်းလဲထုတ်ဝေခြင်း စသည်တို့ကို ဆောင်ရွက်မည်ဆိုပါက ပြည်သူများကို ကြိုတင် ကြေညာအသိပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဆိုသည်။

ဒီဇင်ဘာလအတွင်း လက်ရှိအချိန်အထိ နှစ်ကြိမ်ခွဲ၍ ဒေါ်လာ ၂၈ သန်းရောင်းချ

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၃ သန်း ရောင်းချခဲ့ပြီး ဒီဇင်ဘာလအတွင်း လက်ရှိအချိန်အထိ နှစ်ကြိမ်ခွဲ၍ ဒေါ်လာ ၂၈ သန်း ရောင်းချထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာ ၃၂၅ ဒသမ ၈ သန်းအထိ ရောင်းချထားပြီး အောက်တိုဘာလအတွင်း ဒေါ်လာသန်း ၁၁၀ ဖြင့် အများဆုံးဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာရောင်းချခဲ့မှုအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဒေါ်လာ ၆ ဒသမ ၈ သန်းရောင်းချခဲ့ပြီး မတ်လအတွင်း ရောင်းချမှုမရှိခဲ့ပေ။ ဧပြီလအတွင်း ဒေါ်လာ ၁၂ သန်း၊ မေလအတွင်း ဒေါ်လာ ၂၄ သန်း၊ ဇွန်လတွင် ဒေါ်လာ ၁၂ သန်း၊ ဇူလိုင်လအတွင်း ဒေါ်လာ ၃၉ သန်း၊ သြဂုတ်လအတွင်း ၂၈ သန်း၊ စက်တင်ဘာလအတွင်း ဒေါ်လာ ၆၃ သန်း၊ အောက်တိုဘာလအတွင်း ဒေါ်လာ သန်း ၁၁၀ ၊ နိုဝင်ဘာလအတွင်း ဒေါ်လာ ၃၁ သန်းရောင်းချခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၎င်း၏ နိုင်ငံခြားသုံးငွေလုပ်ငန်း ရည်ရွယ်ချက်များဖြစ်သော ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန် ငွေဖြည့်တင်းရန် အချက်နှစ်ချက်ကို အကောင်အထည်ဖော်ရန် စည်းမျဉ်းအခြေခံသည့် နိုင်ငံခြားငွေစျေးပြိုင်လေလံအား ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် စျေးပြိုင်လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင် လေလံတွင်ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းလိုင်စင် (Authorized Dealer – AD) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ်သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံခြားဘဏ်ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေလုပ်ငန်းဆောင်ရွက်ချက်များမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ် ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေလဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန် ဒေါ်လာ ရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ မြန်မာကျပ် ငွေတန်ဖိုး မြင့်တက်သည့်ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန် ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက်တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့်ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာလဲလှယ်နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့ နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန် ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင် လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့်ဆုံးလဲလှယ်နှုန်းအကြား AD ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ ရောင်းချရန် တင်ပြချက်များကို Refinitiv (ယခင် Thomson Reuters) ၏ လေလံအရောင်းအဝယ်စနစ် (Real Time Dealing Platform) ကို အသုံးပြု၍ ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချခြင်းဖြစ်သည်။

အဆိုပါဖော်ပြခဲ့သည့်အတိုင်း ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင် လေလံဖွင့်လှစ်ဆောင်နေခြင်းမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းအတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့်အရန်ငွေဖြည့်တင်းရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖွင့်လှစ်ဆောင်ရွက်နေသည့် နိုင်ငံခြားငွေစျေးပြိုင်လေလံသည် ငွေလဲလှယ်နှုန်းကို နှုန်းထားတစ်ရပ်တွင် ရှိနေစေရန်ဖြစ်စေ၊ မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်စေရန်ဖြစ်စေသို့ မဟုတ်ကျဆင်းစေရန်ဖြစ်စေ ရည်ရွယ်ဆောင်ရွက်ခြင်းမဟုတ်ကြောင်း ဗဟိုဘဏ်က ကြေညာထားသည်။

ပို့ကုန်ရငွေ ပေးသွင်းရန်ကျန်ရှိသည့် ကုမ္ပဏီ ၂၅၉ ခုအား နိုင်ငံခြားငွေဖြင့် ထည့်သွင်းကြရန် ထုတ်ပြန်

ပြည်ပသို့ ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေပေးသွင်းရန် ကျန်ရှိနေသည့် ကုမ္ပဏီ ၂၅၉ ခုအား ပို့ကုန်ရငွေအားလုံး မိမိတို့ဘဏ် စာရင်းအသီးသီးတွင် နိုင်ငံခြားငွေဖြင့် ထည့်သွင်းကြရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲ မှုဥပဒေနှင့် ၂၀၁၅ ခုနှစ် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေအခန်း(၁၁)၊ ပုဒ်မ ၃၈- ခ တွင် မည်သူမျှပို့ကုန် ရငွေအားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်း မရှိစေရဟု ပြဋ္ဌာန်းထားသည်။

ယင်းပြဋ္ဌာန်းချက်အရ ပြည်ပသို့ ပို့ကုန်တင်ပို့သည့်ကုမ္ပဏီများအနေဖြင့် ပို့ကုန်ရငွေအားလုံးကို ပို့ကုန်များ သင်္ဘောတင်သည့် နေ့မှ ခြောက်လအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်း အသီးသီးသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် တာဝန်ရှိကြောင်း ဖော်ပြထားသည်။

၂၀၁၈ ခုနှစ်အတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့ခဲ့ပြီး လက်ရှိအချိန်တွင် ပို့ကုန်ရငွေအားလုံးကိုလည်းကောင်း၊ တစ်စိတ်တစ်ပိုင်းကိုလည်းကောင်း မိမိတို့၏ သက်ဆိုင်ရာ ဘဏ်စာရင်းတွင် ပြန်လည်ထည့်သွင်းရန် ပျက်ကွက်သော ပို့ကုန်တင်ပို့သည့် ကုမ္ပဏီ ၆၁၅ ခုရှိသည်ကို စိစစ်တွေ့ရှိရသဖြင့် အဆိုပါကုမ္ပဏီများအနေဖြင့် ယခုကြေညာသည့်ရက်မှ ရက်ပေါင်း ၉၀ အတွင်း ပို့ကုန်ရငွေ အားလုံးကို မိမိတို့ဘဏ်စာရင်းအသီးသီးတွင် နိုင်ငံခြားငွေဖြင့် ထည့်သွင်းကြရန် နှိုးဆော်ခဲ့ပြီး ယင်းကာလအတွင်းထည့်သွင်းရန် ပျက်ကွက်သည့် ကုမ္ပဏီများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပါ ပြဋ္ဌာန်းချက်များအရလည်းကောင်း၊ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် သြဂုတ် ၉ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ကြေညာခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ  ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၅ မှ ၂၂ ရက်အထိ ပို့ကုန်ရငွေ အပြည့်အဝဝင် ရောက်ပြီးသော ကုမ္ပဏီလေးခုနှင့် ကျန်ရှိသော ပို့ကုန်ရငွေအတွက် ငွေပြန်လည်ဝင်ရောက်မည်မဟုတ်ကြောင်း အထောက်အထားများဖြင့် တင်ပြလာသည့် ကုမ္ပဏီများစာရင်း၊ စုစုပေါင်း ကုမ္ပဏီများ စာရင်းကို ပေးပို့လာခဲ့သဖြင့် ပို့ကုန်ရငွေပြန်လည်ထည့်သွင်းရန် ကုမ္ပဏီ ၂၅၉ ခု ကျန်ရှိနေသည်။

အဆိုပါကုမ္ပဏီ ၂၅၉ ခု တို့၏ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်အား ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှစ၍ ဆက်လက်ယာယီ ပိတ်သိမ်းထားဆဲဖြစ်သဖြင့် ပို့ကုန်ရငွေအားလုံးကို မိမိတို့၏ ဘဏ်စာရင်းအသီးသီးတွင် နိုင်ငံခြားငွေဖြင့် ထည့်သွင်းကြရန် ထပ်မံနှိုးဆော်ထားသည်။

အင်တာနက်ဒေတာစျေးနှုန်းများ နှစ်ဆနီးပါးမြင့်တက်

အင်တာနက် ဒေတာစျေးနှုန်းများ ဒီဇင်ဘာ ၈ ရက်မှစ၍ နှစ်ဆနီးပါး စျေးတက်သွားကြောင်း သုံးစွဲသူများထံမှ သိရသည်။

ပြည်တွင်းရှိ ဆယ်သွယ်ရေး တယ်လီကွန်ကုမ္ပဏီများဖြစ်သော MPT ၊ Ooredoo ၊ Telenor ၊ Mytel တို့မှ ရောင်းချသော အင်တာနက် ဒေတာပက်ကေ့စျေးနှုန်းများ စျေးတက်သွားခြင်းဖြစ်သည်။

MPT က အင်တာနက် ဒေတာစျေးနှုန်း ၅၁၅ MB ကို ၉၇၉/၉၉၉ ကျပ်၊ ၉၃၅ MB ကို ၁၇၉၉ ကျပ် အထိလည်းကောင်း၊ Ooredoo က အင်တာနက်ဒေတာစျေးနှုန်း ၅၂၅ MB ကို ၉၉၉ ကျပ်၊ 1GB ကို ၁၉၉၉ ကျပ်အထိ လည်းကောင်း စျေးနှုန်းပြောင်းလဲသတ်မှတ်လိုက်သည်။

ဆက်လက်၍ Telenor က အင်တာနက် ဒေတာ စျေးနှုန်း ၅၂၅ MB ကို ၉၉၉ ကျပ်၊ ၈၄၅ MB ကို ၁၅၉၉ ကျပ်၊ 1GB ကို ၁၉၉၉ ကျပ်အထိ လည်းကောင်း၊ Mytel က ၅၁၂ MB ကို ၉၆၈ ကျပ်၊ ၁၂၆၅ MB ကို ၂၄၀၀ ကျပ်အထိလည်းကောင်း စျေးနှုန်းများ မြင့်တက်ခြင်းဖြစ်သည်။

ယခင် MPT ၏ အင်တာနက် ဒေတာ စျေးနှုန်းမှာ ၉၃၅ MB ကို ၉၃၅ ကျပ်၊ Ooredoo နှင့် Telenor ၏ အင်တာနက်ဒေတာစျေးနှုန်းမှာ ၉၂၅ MB ကို ၉၉၉ ကျပ်ဖြစ်ပြီး Mytel ၏ ဒေတာစျေးနှုန်းမှာ ၉၂၀ MB ကို ၉၆၈ ကျပ်ဖြစ်သည်။

ဆက်သွယ်ရေး ‌ကုမ္ပဏီများအနေဖြင့် အင်တာနက်ဒေတာ စျေးနှုန်းများ ပြောင်းလဲတိုးမြှင့်မှုများအပြင်‌ဖုန်းခေါ်ဆိုမှု နှုန်းထားများလည်း တိုးမြှင့်သွားဖွယ်ရှိကြောင်း သုံးစွဲသူများထံမှ သိရသည်။

လက်တလောအနေဖြင့် Ooredoo  သည် ယခင်က မည်သည့်ဆက်သွယ်ရေးကွန်ရက်ကိုမဆို ဖုန်းခေါ်ဆိုနိုင်သည့် Voice Packs All Call ပက်ကေ့တွင် မိနစ် ၉၀ ကို  ၉၉၉ ကျပ်ဖြင့်ရောင်းချခဲ့သော်လည်း ယခုအခါ ၇၅ မိနစ်ကို ၉၉၉ ကျပ်ဖြင့် တိုးမြှင့်ပြောင်းလဲခဲ့သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ဖုန်းခေါ်ဆိုမှုနှင့် အင်တာနက် အစီအစဉ်စျေးနှုန်းများ မကြာမီ ပြောင်းလဲသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး တယ်လီကွန်းကုမ္ပဏီများက သုံးစွဲသူများထံ ဒီဇင်ဘာ ၈ ရက်မတိုင်ခင်က မက်ဆေ့များ ပေးပို့ထားမှုအရ သိရသည်။

Most Read

Most Recent