ရတက်မအေးရသေးသည့် ဧရာဝတီ မြစ်ဆုံအရေး

ရတက်မအေးရသေးသည့် ဧရာဝတီ မြစ်ဆုံအရေး
ကချင်ပြည်နယ် မြစ်ဆုံဒေသဝန်းကျင်ကို COVID-19 ကာလ မတိုင်မီက တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)
ကချင်ပြည်နယ် မြစ်ဆုံဒေသဝန်းကျင်ကို COVID-19 ကာလ မတိုင်မီက တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)
Published 12 December 2021
​​​​​​​ထွန်းလင်းအောင် (မြစ်ကြီးနား)

“မြစ်ဆုံကို အရင်အတိုင်းပဲ ပြန်မြင်ချင်။  သဘာဝပတ်ဝန်းကျင်ပျက်တာတွေ၊ ဆည်ကြီး တွေ ဆောက်မှာတွေ မလိုချင်ဘူး။ အဲဒါတွေ လုပ်ရင်လည်း ကာကွယ်ရမှာပဲ။ မြစ်ဆုံက ကျွန်မဇာတိလေ” ဟု အသက် ၃၀ ဝန်းကျင် မရှိန်ရာခေါန်ဆန့်က ဆိုသည်။

ယခုရက်ပိုင်းအတွင်း လူငယ်အများစုက မြစ်ဆုံဝန်းကျင်အနီး ရွှေတူးဖော်မှုနှင့် မြစ်ဆုံ ထာဝရတည်တံ့ရေးများ ဆက်တိုက်လုပ်ရှားလာကြသည်။ တကယ်တော့ မြစ်ဆုံသည် ရှိန် ရာခေါန်ဆန့်၏ ဇာတိတစ်ခုသာမဟုတ်ပါ။ “မလိအင်မိုင်ဇွပ် မြစ်ကြီးနား မဂျွယ်ရှိန်ရာ” ဟုဆိုသည့် လေးကြိမ်မြောက် ဂျိန်းဖောမျိုးနွယ် စုတို့ ဆင်းသက်နေထိုင်လာသည့် နေရာတစ်ခု လည်းဖြစ်ပါသည်။ (မဂျွယ်ရှိန်ရာ ဆိုသည်မှာ မျိုးနွယ်စု တစ်ခုလုံး စုစည်းနေထိုင်ရာ အရင်း မူလနေရာဖြစ်ပြီး ယင်းနေရာမှ ပြန်ပွားခဲ့သည့် နေရာဖြစ်သည်)။

■ လူမျိုးစုသမိုင်းတွင် အရေးပါသည့် မြစ်ဆုံ

ရိုးရာခံယူချက်အရ ဂျိန်းဖော အုပ်စုတွင် ပထမဆုံး ဂျိန်းဖောမှာ ပေါင်ယောင်ဖြစ်သည် ဟုဆိုသည်။

ပထမဦးဆုံးဖြစ်သော ပေါင်ယောင်မှာ ဂရင်၊ မဂေါင်၊ ၀ါခယက်ဝါ စသည်ဖြင့် အဆင့်ဆင့် ပေါက်ဖွားလာကြသည်။ ဂျိန်း ဖောများသည် ပေါင်ယောင်လက်ထက်မှစ၍ ကျိုင်းခူးမဂျွယ်မဂျွယ်ဒေသတွင် အတည်တကျ ရောက်ရှိနေထိုင်ကြသည်။ဂျိန်းဖောစကား ပြောသူတို့ ခံယူချက်အရ ဂျိန်းဖောတို့၏ မူရင်း ဒေသမှာ ဧရာဝတီမြစ်အထက်ပိုင်း မေခနှင့် မလိခမြစ်ကြား မြောက်ပိုင်း တြိဂံနယ်မြေ အဖြစ် ခံယူကြသည်။

ကျိုင်းခူးမဂျွယ် (ခူးမှာ မြစ်ဖျား၊ ချောင်း ဖျား အဓိပ္ပာယ်ရသည်)၊ ခရန်ခူး မဂျွယ်၊ မလိခူး မဂျွယ်၊ မလိအင်မိုင်ဇွပ်မဂျွယ် ဟူ၍ လေးခုရှိ ရာတွင် မြစ်ဆုံသည် နောက်ဆုံး မလိအင်မိုင် ဇွပ်မဂျွယ်ဖြစ်ရာ ကချင်တိုင်းရင်းသားတို့ တန် ဖိုးဖြတ်မရသည့်နေရာ တစ်ခုဖြစ်ပါသည်။ ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ချုပ် ဦးကရိန် ဘောမ်အောန်းက “ကျိုင်းခူးမဂျွယ်က အခု ခေါင်လန်ဖူး၊ ခေါ်ဘူးတဲဘက်ပေါ့။ အဲဒီ အောက်က ခရန်ခူးမဂျွယ်၊ နောက် မလိခူး ဆိုတာ မလိခမြစ်ကိုခေါ်တာဖြစ်ပါတယ်။ မဂျွယ်ဆိုတာ အမျိုးတွေစုစည်းပြီး အရပ်မျက် နှာပေါင်းစုံကို ဖြန့်ကြက်သွားတဲ့နေရာလို့ယူဆရမှာပေါ့။ အဘိုးအဘွားတွေရဲ့  ဇာတိမြေ၊ အောင်မြေပေါ့။ အလွန်တန်ဖိုးထား ထိန်းသိမ်း ရမယ့်နေရာ ဖြစ်ပါတယ်”ဟု ဆိုသည်။

■ မြစ်ဆုံ ထာဝရတည်တံ့ရေး ခပ်စိပ်စိပ်လှုပ်ရှားလာသည့် လူငယ်များ

လွန်ခဲ့သည့်   ဒီဇင်ဘာ ၇ ရက် “အမိဧရာ ဝတီစတင်ရာ မြစ်ဆုံကို ကယ်တင်ပါ”ခေါင်း စဉ်ဖြင့် ရန်ကုန်မြို့နှင့် လိုက်ဇာမြို့က လူငယ် များက မြစ်ဆုံဒေသတွင် စက်ယန္တရားကြီးများ ဖြင့် သဘာဝသယံဇာတ တူးဖော်နေမှုများ လုံးဝ ရပ်တန့်သည်အထိ  လူထုတစ်ရပ်လုံးက ဆန့်ကျင်ရှုတ်ချလှုပ်ရှားရန်  ဓာတ်ပုံများဖြင့် စုရှုံး နှိုးဆော်ကြသည်။   မြစ်ဆုံဒေသတစ်ဝိုက် စက်ယန္တရားကြီးများအသုံးပြုကာ ရွှေနှင့် သဘာဝသယံဇာတ ကုပ်သွေးစုပ်သူ အာဏာ ရှင်နှင့် အပေါင်းပါများကြောင့် ဒေသခံ ပြည် သူများ၏ မိရိုးဖလာ ဓလေ့ထုံးတမ်းများ၊ အ သက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် နေထိုင်ရာ သဘာဝပတ်ဝန်းကျင်များ တစ်နေ့တခြား ပိုမို ယိုယွင်းလာနေပြီး မြန်မာနိုင်ငံ၏ အသက် သွေးကြော အမိဧရာဝတီမြစ်ကို ထိခိုက်ပျက်စီး စေလျက်ရှိကြောင်း၊ ဧရာဝတီကို ခရိုနီများရန် မှ အမြန်ဆုံးကယ်တင်ရန် လိုအပ်နေပြီး မြစ် ဆုံဒေသအတွင်း စက်ယန္တရားကြီးများဖြင့် သဘာဝသယံဇာတ တူးဖော်နေမှုများ လုံးဝ ရပ်တန့်သွားသည့်တိုင် လူထုတစ်ရပ်လုံးက ဆန့်ကျင်ရှုတ်ချလှုပ်ရှားကြရန် ဓာတ်ပုံကမ် ပိန်းဖြင့် နှိုးဆော်တိုက်တွန်းခဲ့သည်။

ဒေသခံ လူငယ်များပါဝင်သည့် အဖွဲ့က လည်း ဒီဇင်ဘာ ၉ ရက်တွင်  အပြည်ပြည်ဆိုင် ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် မြစ်ဆုံ ထာဝရ တည်တံ့ရေး လှုပ်ရှားမှုများကို လက် ရေးဆိုင်းဘုတ်ကိုင်ဆောင်ကာ လှုံ့ဆော်ကြ သည်။ ဒေသခံလူငယ်များနှင့် မြစ်ဆုံအရေး လှုပ်ရှားသူများက “မြစ်ဆုံကို ဖျက်ဆီးသူ ကချင်အားလုံးရဲ့ ရန်သူ၊ မြစ်ဆုံသည် တစ် ဦးတစ်ယောက်တည်းပိုင်မဟုတ်၊ ပြည်ထောင် စုအဓွန့်ရှည်ဖို့ မြစ်ဆုံကို ကာကွယ်ကြစို့၊ မြစ် ဆုံကို ကာကွယ်မပေးနိုင်သည့် မည်သည့် အစိုးရဖြစ်ဖြစ် အလိုမရှိ”စသည့် လက်ရေး မူများဖြင့် လှုပ်ရှားကြသည်။

 “ကျွန်တော်တို့က မြစ်ဆုံကို ထာဝရတည် တံ့စေချင်တယ်။ မြစ်ဆုံနားက သဘာဝပတ် ဝန်းကျင်ကို ဖျက်ဆီးနေကြတာလည်း  မမြင် ချင်ဘူး။ ပတ်ဝန်းကျင်မှာ မြေတွေလှန်နေကြ တယ်။ မေခ၊ မလိခ မြစ်ရေကလည်း မချိုးချင် လောက်အောင် နောက်ကျိနေတယ်။ အခုလို မျိုး မြစ်ဆုံဒေသမှာ ရွှေတူးတာတော့ ဘယ်ရှု ထောင့်က ကြည့်ကြည့် မဖြစ်သင့်ဘူး”ဟု ပါ ဝင်ခဲ့သူ ဆိုသည်။

■ လူအများ ဝေဖန်ပြစ်တင်နေကြသည့် လက်ရှိမြစ်ဆုံရွှေဖော်မှုနှင့် မြစ်ဆုံဆည်စီမံကိန်းအကျိုးဆက်

လူအများ ဝေဖန်ပြစ်တင်နေကြသည့် လက်ရှိမြစ်ဆုံဒေသတွင် ရွှေဖော်မှုမှာ မြစ် ဆုံစျေးတန်းအထက်နှင့် အနောက်မြောက် ဘက်ခြမ်း သုံးဖာလုံခန့်တွင် ရွှေတူးနေသည့် နေရာဖြစ်သည်။ မလိခမြစ်ကမ်းနံဘေး၊ မြစ် ကြောင်းဟောင်းတွင်ဖြစ်သည်။ ၂၀၀၉ ခုနှစ် တွင် တန်ဖရဲ၊ မြစ်ဆုံရွာများ ပြောင်းရွှေ့ရမည့် အစီအစဉ်များကြောင့် ၂၀၀၉ နှစ်၊ ၂၀၁၀ ခု နှစ်များတွင် ရွာအတွင်းနှင့် လယ်များ၊ လိမ္မော် ခြံများ၊ အခင်းခြံများကို ရွှေတူးခွင့်ပေးလိုက်ကြ သည်။ စက်ယန္တရား မကြီးမားသဖြင့် အားလုံး မကုန်လိုက်။ သမ္မတဦးသိန်းစိန်လက်ထက်က မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပြီးသည့်နောက်ပိုင်း တူးဖော်များရှိနေသော်လည်း ဒေသခံကျေးရွာ သား အများ စုက ရွှေတူးမှုကိုပါ ကန့်ကွက်၍ ရပ်ဆိုင်းသွားခဲ့သည်။  ယခု ရွှေတူးဖော်နေ သည့်နေရာတွင် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်  သြဂုတ် ၄ ရက်ကလည်း ရွှေကျင်း ၁၂ ခုမှ လူ ပေါင်း ၆၁ ဦးကို ရွှေတူးဖော်သည့် ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့သည်။

အစိုးရဌာနက ကုမ္ပဏီသုံးခုကို လေးဧက အသေးစားလုပ်ကွက် ခုနစ်ကွက်ချပေးထားခြင်းဖြစ်ကြောင်း သိရသည်။  Jade Land ကုမ္ပဏီ၊ Jade Jewelry ကုမ္ပဏီနှင့် တော်ဝင်ဖက်ဖူးစိမ်း ကုမ္ပဏီတို့ဖြစ်ကြောင်း၊လုပ်ငန်းရှင် ဦးယွပ်ဇော်ခေါင်နှင့်အဖွဲ့က လျှောက်ထား ခဲ့ပြီး  ကချင်ပြည်နယ်လက်ရှိ သယံဇာတဝန်ကြီး ဦးဆောင်သည့် ဘုတ်အဖွဲ့က ချပေးခဲ့ကြောင်း၊ လေးဧက အကျယ် အသေးစားလုပ်ကွက် ခုနစ်ကွက်ရှိကြောင်း ကချင်ပြည်နယ်  သတ္တုတွင်း ဦးစီးဌာနက ဆိုသည်။

မြစ်ဆုံဒေသခံများက ယခုတူးနေသည့် နေရာမှာ မလိခမြစ်ကြောင်းဟောင်းဖြစ်ပြီး မြစ်ကမ်းမှ တစ်ဆက်တည်း တူးဖော်နေ ကြောင်း၊ အဓိက စိုးရိမ်သည်မှာ မြစ်ကြောင်း ပြောင်းလဲခြင်းနှင့်  မြစ်ဆုံဝန်းကျင်သဘာဝပတ် ဝန်းကျင်များ ပျက်စီးမည်ကို စိုးရိမ်နေကြခြင်း ဖြစ်ကြောင်း ထောက်ပြကြသည်။

မြစ်ဆုံဒေသံတစ်ဦးက “၂၀၁၉ ခုနှစ် လောက်ကလည်း ရွာသားတွေ မြန်မြန်ပြောင်း စေချင်တာနဲ့ နေ့-ည ပွဲလမ်းကြီးလို ဖြစ်သွား တာ။၂၀၁၀ အထိပဲ။ လယ်၊ အခင်း ၊ လိမ္မော်ခြံ တွေ ပါသွားတယ်။ စက်အင်အား အခုလို မကောင်းလို့ ရွာမပြောင်သွားတာ။ အခုလို ယန္တရားနဲ့ဆိုရင် ရွာကျန်မှာမဟုတ်ဘူး”ဟု ဆိုသည်။

မြစ်ဆုံစီမံကိန်း စတင်မည်ဟု ဆုံးဖြတ်ချပြီးနောက်ပိုင်း မြစ်ဆုံအနီးတစ်ဝိုက် မြစ်ကမ်းအားလုံးနီးပါး ရွှေတူးကြခြင်းဖြစ်သည်။ ယင်းအချိန်က စတင်တူးဖော်ခဲ့မှုများတွင် ပါဝင် သည့် ကချင်ပြည်နယ်ရှိ အကောင်းဆုံး လိမ္မော် သီးထွက်ရှိသည့် မန်ဒေါင်ဒေသ မခမြစ်ကမ်း နံဘေးမှ လိမ္မော်ခြံများမှာ ပျောက်ကွယ်သွားခဲ့ ပြီ ဖြစ်သည်။

■ အသက်မွေးဖို့ မလွယ်သည့် စီမံကိန်းဒုက္ခသည်များ

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ရ မည့်ရွာပေါင်း ၄၇ ရွာ၊ အိမ်ထောင်စု ၁၉၀၄ စု၊ လူဦးရေ ၁၀၅၀၅ ဦးရှိပြီး လက်ရှိတွင်   မြစ် ဆုံ (မလိဇွပ်)၊ တန်ဖဲ၊ ရွေပါး၊ ကဒန်ပါ၊ ဒွန်ဘန်၊ လဖျဲ့ စသည့်ကျေးရွာများမှာ အောင်မြင်သာ ကျေးရွာနှင့် မလိယန်ကျေးရွာသို ရွှေ့ပြောင်း နေကြရသည်။ အောင်မြင်သာကျေးရွာတွင် အိမ်ထောင်စု ၃၁၇ စု၊ လူဦးရေ ၂၀၇၅  ဦး၊ မလိယန်ကျေးရွာတွင် အိမ်ထောင်စု ၁၂၀ စု၊ လူဦးရေ ၅၀၀ ကျော်ရှိသည်။

မြစ်ဆုံဒေသက ပြောင်းရွှေ့သူများ မေး လိုက်တိုင်း ဇာတိမြစ်ဆုံမှာလို မပျော်ကြ။ အဘယ်ကြောင့်နည်း။ ဝမ်းစာခက်ခဲခြင်းသည် အကြောင်းမူလဖြစ်နေသည်။ တောင်ပေါ်နေ တိုင်းရင်းသားတွေ ရွာတည်ဖို့ အဓိကကြည့်ရ သည်မှာ ရေနှင့်မြေဖြစ်သည်။ တန်ဖဲ (မြစ်ဆုံ) ရွာသည် ရေကောင်းသည်။ မြေကောင်းသည်။လုပ်ကွက်ကျယ်သည်။ ကျွဲနွားစားကျက် ကောင်းသည်။ သားငါးပေါသည်။ ထို့ကြောင့် “မဂျွယ်ရှိန်ရာ” ဆိုသည့် ဂုဏ်ထူးကို ဆောင် နိုင်ခဲ့ခြင်းဖြစ်သည်။ ယခင်ကာကလများက မြစ်ကမ်းဘေးမှထွက်ရှိသည့် မြစ်ဆုံလိမ္မော် သီး နာမည်ရသည်။

အလုံးလတ်ပြီး အရည်ရွှမ်းကာ အရသာ ချိုသည်။ လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး အောင်မြင်သာ ရွာသို့ ပြောင်းရွှေ့ခဲ့သူ  ဒေါ်လုရာက “ကိုဗစ်တွေ မဖြစ်ခင်ကတော့ အပန်းဖြေ စခန်းက ဆိုင်ဖွင့်တဲ့သူတွေ ချောင်လည်တယ်။ နှစ်နှစ်လည်းကျော်လာ နိုင်ငံရေးကလည်း မကောင်းဖြစ်တော့ ရွာကလူတွေက ရွာမှာ မရှိကြဘူး။ ဝမ်းစာရှာထွက်ရတာ။ ဒီဘက်မှာ က တောင်ယာလည်း မရ။ အိမ်ထဲမှာတောင် စိုက်ပျိုးလို့ အဆင်မပြေ။ တိရစ္ဆာန်စားကျက် မရှိတော့ မွေးမရ။ လုပ်အားရှိရင် အပြင်ထွက် ပြီးပဲ လုပ်စားကြတယ်။အနီးဆုံး မြစ်ဆုံရွာကိုပဲ ပြန်ပြန်ပြီး လုပ်စားနေကြရတာ။ဒီရွာမှာနေရင် အလကားနေရင် အချိ်န်ဖြုန်းသလိုဖြစ်နေတာ။ အလုပ်မရှိ ဝင်ငွေမရှိ။ ဒီမှာပြောကြတာ စီမံ ကိန်း ဒုက္ခသည်တဲ့”ဟု ဆိုသည်။

ကျေးရွာမှ အရွယ်ရှိသည့် လူငယ်များက ရွှေမှော်၊ ကျောက်မှော်၊ ပယင်းမှော်များဘက် ရောက်သည်။တရုတ်နိုင်ငံ သွားရောက်လုပ်ကိုင်သူများရှိသည်။နယ်ဝေးက ပြန်လာသည့် ကလေးများက မူးယစ်ဆေးသုံးမှုများပါလာတော့ ရွာမှာ မူးယစ်စွဲသည့် လူငယ်တွေ များလာသည်။မြစ်ဆုံကျေးရွာတွင် ဓမ္မအမှုတော် ထမ်းခဲ့ဖူးသည့်

ဆရာဦးတူးခေါင်က “မြစ်ဆုံမှာတုန်းက မူးယစ်ဆေးဝါးက ဘိန်းမည်းကို လူကြီးပိုင်း လက်ချိုးရေလို့ရတဲ့ အရေအတွက်လောက်ပဲ သုံးတယ်။ ဘိန်းဖြူတို့၊ဆေးပြားတို့ ရွာမှာမသုံးဘူး။ ရွာသားတွေက ဘာသာရေး၊လူမှုရေးစည်းစည်းလုံးလုံးရှိကြတယ် ။စည်းလုံးမှု အားနည်းသွားတာ ပြောင်းရွှေ့ရွာတွေ အားလုံးပဲ” ဟု ဆိုသည်။

အောင်မြင်သာ တစ်ဖက်ကမ်းက ရွှေ့ပြောင်း မလိယန်ရွာဖြစ်သည်။ အောင်မြင်သာရွာမှ စက်လှေဖြင့် မြစ်ကူးကာ သွားရသည်။ အိမ်ခြေ ၁၂၀ ကျော်ရှိပြီး အများစုက မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ဝေသည့် ဆန်ကို မျှော်နေရကြောင်း သားသမီး ခုနစ်ယောက်မိခင်ဖြစ်သူ ဒေါ်တိမ့်ဝမ်က ဆိုသည်။

“ဆန်လောက် မထောက်ရင် ရွာက ငတ်မယ်။ အားလုံးက တစ်နေ့လုပ်တစ်နေ့စားဖြစ်နေကြတာ။ ရွာသားအများစုက မြစ်ထဲမှာ ရွှေကျင်တဲ့လုပ်ငန်းမှာ နေ့စားသွားကြတာများတယ်။ တောင်ယာကလည်း အရင်ငါးနှစ်လောက်လုပ်ပြီးတော့ လုပ်စရာနေရာ မရှိတော့ဘူး။  ကျွန်မတို့ဒွန်ဘန်မှာ နေကြတုန်းကတော့ ၀ါးခြံ၊လယ်၊ အခင်းတွေနဲ့ အများကြီးပြည့်စုံတယ်။ အခုကျွန်မတို့သားသမီး တွေဆိုရင် ပညာမတတ်ရင် လုပ်စားကွက် မကျန်တော့ဘူး ”ဟု ဆိုသည်။

ဒေသခံတို့ ပြောကြားချက်အရရွှေ့ပြောင်းရွာသားများအတွက် ဝေငှသည့် လယ်မြေမှာ  စပါးစိုက်မရသည့် အခြေအနေတွင် ရွှေထွက်သဖြင့်ရွှေတူးဖော်လိုက်ကြပြီဖြစ်ကြောင်း သိရသည်။

 ■ “ရွှေ့ပြောင်းရွာများ၏ ပျောက်ကွယ်လာသည့် ဓလေ့များ”

လူမှုစီးပွားလျော့ကျလာပါက နေထိုင်မှုပုံစံ (လူမှုဓလေ့)ပြောင်းသည်မှာ ဓမ္မတာဖြစ်သည်။ ဓလေ့ကို ဘာဘာရေးနှင့် လူမှုအဖွဲ့အစည်းက တွဲဖက်ထိန်းကြရသည်။ မြစ်ဆုံတွင်  နှစ်ပေါင်းများစွာ အမှုထမ်းလာသူများကအပြောင်းအလဲကို ကိုယ်တွေ့ကြုံကြရသည်။

တန်ဖရဲ ရွာ၌ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်(KBC) တွင်  အမှုထမ်းခဲ့သူ ဓမ္မဆရာ ဦးတူးလွန်က ဒဒအဓိကတော့ ကျွန်တော်တို့အသင်းတော်က ဒေသခံတွေရဲ့ အလှူငွေနဲ့ရပ်တည်ကြတာ။ ရွာဟောင်းမှာက စျေးရောင်း၊အခင်းလုပ်၊လယ်လုပ်၊ တံငါလုပ်၊တောင်ယာလုပ် အသင်းတော်ရဲ့ အသင်းသူ အသင်းသားတိုင်းက သူအဆင့်နဲ့သူ ဝင်ငွေလေးရှိကြတယ်။ လည်ပတ်တာ လုံလောက်တယ်။ အခုဒီဘက်ရွာမှာ မလုံလောက်တော့ဘူး။ ဆယ်ဖို့တစ်ဖို့ ထည့်တဲ့ အလှူခံပုံးမှာ ရာဂဏန်း၊ ထောင်ဂဏန်းထည့်တာတွေ များလာတယ်။ မရှိတာတွေလည်း တွေ့လာရတယ်။ အဓိက သိသာတာက နိုဝင်ဘာမှာ လုပ်တဲ့ ကောက်သစ်စားပွဲလို့ ခေါ်ကြတဲ့ ကျေးဇူးတော် ချီးမွှမ်းပွဲမှာဆိုရင် ကိုယ်အိမ်က ထွက်တာ မထည့်နိုင်ကြတော့ဘဲ စျေးထဲက သစ်သီးတန်းကနေပဲ ဝယ်လှူကြတော့ အနှစ်သာရကွာတယ်။ ရွာဟောင်းမှာတုန်းက ဆိုရင် အလှူစင်ကို ပြိုမလိုဘဲဒဒ ဟု ဆိုသည်။

တန်ဖရဲရွာ၌နေကြစဉ်က တောင်ယာကို စုပေါင်းစိုက်သည့် စနစ်ရှိသည်။ ရွာသစ်ပြောင်းတော့အလုပ်ချင်းကွဲ၊လူချင်းကွဲကာ စိတ်ဝမ်းလည်း ဝေးလာကြသည်။ တန်ဖရဲရွာသူ ဒေါ်လုရာက ဒဒအရင်က မင်္ဂလာဆောင်ဖြစ်ဖြစ်၊ မသာပွဲ ဖြစ်ဖြစ် တောထဲတောင်ထဲ စုပေါင်းသွား ဟင်းရွက်ခူး၊ဖက်ခူး၊၀ါးခုတ် လုပ်ကြရတယ်။ တောင်ယာစပါးလည်း သူအခင်းပြီး ငါ့အခင်းအလှည့်ပဲ။ ရိတ်ရင်လည်း  သူ့အလုပ်ငါကူ၊ငါ့အလုပ်သူကူ။ အခုက လူလိုရင် ငွေပဲ။ အရင်က အိမ်ဆောက်ရင် ငွေမကုန်ဘူး။ အခုက ငွေမရှိရင် ဘာမှလုပ်မရဘူး။  ဟိုအိမ်က ၀ါးယူ။ဒီအိမ်က သစ်ယူပဲ။ အခုကအဲဒါ ရွာဓလေ့တွေ ပျောက်ကုန်ပြီ။ ရွာသားတွေ အချင်းချင်း စိတ်တင်မကဘူး။  သေတာတောင် မြုှပ်တဲ့နေရာ မတူကြဘူး။ ဘယ်လောက်ဝေးသွားကြသလဲဆိုရင် ရွာသင်္ချိုင်းက ချောင်းခြားနေတော့ တန်ဖဲနဲ့ ငွေကြေးတတ်နိုင်သူက မိုင် ၂၀ လောက်ဝေးတဲ့ မြစ်ကြီးနား ဂျော်ဘွန်ကိုသွားမြုှပ် ရတယ်။ သက်ဆိုင်ရာက သတ်မှတ်တဲ့ရွာသင်္ချိုင်းက ချောင်းဖြတ်ရ၊တောင်တက်ရနဲ့ ရွာသားတွေ မမြုှပ်ကြဘူးဒဒဟု ဆိုသည်။

■ “ပျောက်ကွယ်လာသည့် မြစ်ဆုံမှ ငါးသယံဇာတ”

မြစ်ဆုံကို အပန်းဖြေ သွားကြပါက အများဆုံးစားရသည်မှာ ငါးကင်ဖြစ်သည်။ မေခနှင့် မလိခ မြစ်များတွင် ကျောက်တုံး၊ကျောက်ဆောင် ပေါများသဖြင့် ကျောက်ငါးလူး၊ကျောက်ငါးကြင်း၊ ရေခဲငါးများ ၂၀၀၀ ပြည့်နှစ်မတိုင်းခင်က ပေါများလွန်းသည့် ဒေသဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မြစ်အတွင်း ရွှေတူးဖော်မှုများကြောင့် တဖြည်းဖြည်းရှားပါး ပျောက်ကွယ်လာခြင်းဖြစ်သည် ။

ရေခဲငါးကဲ့သို့သော အလွန်စားကောင်းသည့် ငါးအမျိုးအစားမှာ ၂၀၀၃ ခုနှစ် နောက်ပိုင်းတွင် မြစ်ဆုံဒေသတွင် မတွေ့ရတော့ကြောင်း သိရသည်။ ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းမှ ၂၀၁၀ ပြည့်နှစ်အထိ တံငါအလုပ်ဖြင့်အသက်မွေးခဲ့သူ ဒေသခံ တစ်ဦးက ဒဒရေခဲငါးက ကြေးခွံသေးသေးနဲ့ ချက်စားရင် အရမ်းချိုတယ်။မေခမြစ်ဘက်မှာ မိတာ။ နှစ်ပိဿာထက် ကြီးတာမရှိဘူး။ အခု နိုဝင်ဘာကနေ ဇန်နဝါရီလကုန်အထိပဲ မိတတ်တယ်။ အခုက

ရွှေကျင်တော့ မြစ်ရေတွေနောက် ကျောက်တုံးတွေမှာ ရေညှိတွေစားတဲ့ ကြေးခွံငါး မရှိတော့ဘူး။ ပိဿာ၁၀ ကျော်၊ ၂၀ ကောင်တွေ ရဖူးတယ်။ အသားစားငါးမျိုး ငါးချောဆိုရင် ပိဿာ ၃၀ ကျော်တယ်။ရောင်းမကုန်လို့ ဆွေမျိုးတွေ ဝေပြီး စားခဲ့ရတာ။  အခုက သုံးပိဿာ အထက်တောင် မမြင်ဖူးတော့ဘူး” ဟုဆိုသည်။

ကချင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနက ဧရာဝတီမြစ်နှင့် ၎င်း၏မြစ်လက်တက်များ၏ ငါးသယံဇာတကို သုတေသနပြုနိုင်သေးခြင်းမရှိဘဲ ငါးမျိုးစိတ်များ တဖြည်းဖြည်း လျော့နည်းလာသည့် မှန်ကန်သည့်အခြေအနေသာ ဖြစ်ကြောင်း ၊ မြစ်ဆုံဒေသတွင် ရေခဲငါးမှာ ယခင်ကာလ သုတေသန ပြုချက်အရ ပျောက်ကွယ်လုနီးဖြစ်နေကြောင်း ပြောကြားသည်။

■ “ရတတ်မအေးရသေးသည့် မြစ်ဆုံဆည်အရေး”

CPI ကုမ္ပဏီသည် ဧရာဝတီ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် တည်ဆောက်ရန် မြစ်ဆုံ၊ ချီဖွေ၊ ဝူဆောက်၊ ဖီဆော၊ ခေါင်လံဖူး၊ ယဲ့နန်၊ လာဆာတို့တွင် စီမံကိန်း ခုနစ်ခုရှိပြီး စုစုပေါင်းစက်တပ်ဆင်အင်အားမှာ မဂ္ဂါဝပ် ၂၀၀၀၀ ခန့်ရှိကာ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှုန်း ၁၀၀ ဘီလီလျှံ ယူနစ်ခန့်ရှိမည်ဟု ယင်းကုမ္ပဏီ၏ မှတ်တမ်းစာအုပ်တွင် ဖော်ပြထားသည်။ ၂၀၁၀ ပြည့်နှစ် မေ ၂၈ ရက်တွင် နိုင်ငံတော်အစိုးရက မေခ-လိခ နှင့် ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ခြင်း၊ မောင်းနှင်ဓာတ်အားထုတ်လုပ်ခြင်း၊ပြန်လည်လွှဲပြောင်းခြင်းတို့ဆောင်ရွက်ရန် ရင်းနှီးမြုပ်နှံခွင့်လိုင်စင်ထုတ်ပေးခဲ့သည်။

အစိုးရသစ် အပြောင်းအလဲကာလတွင် လူမှုအဖွဲ့အစည်းများ၊ ပညာရှင်များ၊ နိုင်ငံရေးအဖွဲ့အစည်းပေါင်းစုံနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ၊ဒေသခံများက ထာဝရ ရပ်ဆိုင်းရန် တောင်းဆိုခဲ့ကြသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ပူတာအိုမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်  ဦးဂျေယောဝူက တင်သွင်းပြီးနောက် သမ္မတ ဦးသိန်းစိန်က မြစ်ဆုံဆည်ရေကာတာစီမံကိန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ရပ်ဆိုင်းလိုက်ကြောင်းကြေညာခဲ့သည်မှာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ၁၀ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Mr. Hong Liang နှင့်ကောင်စစ်ဝန်ချုပ် Mr. Wang Yu က တို့ပါဝင်သည့် ၁၁ ဦးအဖွဲ့သည် ၂၀၁၆ ခုနှစ် ဇွန် ၃ရက် ကချင်ပြည်နယ် ခရီးစဉ်အတွင်း မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်ပြုလုပ်လိုကြောင်း၊ ပြည်ထောင်စုအစိုးရက လူထု၏ဖြေရှင်းချက်ကို အကြံဉာဏ်ယူပြီး ညှိနှိုင်းတိုင်ပင်စေလိုကြောင်း၊ မြန်မာပြည်သူလူထုနှင့် ဆက်သွယ်မှုများ လုပ်ရဦးမည်ဖြစ်ကြောင်း ပြောကြားသည်။

သံအမတ်ကြီးခရီးစဉ်တွင် တရုတ်နိုင်ငံ နိုင်ငံတကာ စီးပွားရေးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Lieu Zan က  ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့်ပြောကြားရာတွင် အချက်သုံးချက်ရှိခဲ့ပြီး (၁)ဆည်စီမံကိန်းကို ဖျက်ပစ်နိုင်ကြောင်း၊  ဒီလိုဖျက်သည့်အတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ လျော်ကြေးပေးရမည်ဖြစ်ကြောင်း၊ (၂) ဆည်စီမံကိန်းပြန်စပြီး ဆည်ကိုပြီးစီးသည်အထိ ဆောင်ရွက်ခွင့်ပြုမည်ဆိုပါက စီမံကိန်းမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ နှစ်စဉ်အခွန်ငွေရမည်ဖြစ်ကြောင်း၊ (၃) အပေါ်ကနှစ်ချက်ကို မရွေးချယ်ဘဲ စီမံကိန်းကို မဖျက်သိမ်းဘဲ၊ ဆက်မလုပ်ဘဲ ဆည်စီမံကိန်းကို ရပ်ဆိုင်းသရွေ့ တရုတ်ကုမ္ပဏီများက တင်ရှိနေသည့် အလုံးအရင်း ချေးငွေများ၏ အတိုး အမေရိကန်ဒေါ်လာ သန်း ၅၀ ကို တရုတ်ကုမ္ပဏီများကိုယ်စား မြန်မာနိုင်ငံမှ နှစ်စဉ်ပေးဆပ်ရန် နည်းလမ်းသုံးသွယ်ကို ချပြခဲ့သည်။

NLD ပါတီ အစိုးရလက်ထက်တွင် ဧရာဝတီမြစ်ဆုံ ရေကာတာ စုံစမ်းစစ်ဆေးရေးကော်မတီကို ၂၀၁၆ ခုနှစ် သြဂုတ် ၁၂ ရက်က ဖွဲ့စည်းခဲ့သည်။ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က  ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ကချင်ပြည်နယ်မှ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ဥပဒေပညာရှင်  ဒေါ်မေရီမေနမ် ပါဝင်ခဲ့သည်။ ဧရာဝတီ   မြစ်ဆုံ၊မြစ်ညာ မြစ်ဝှမ်း ရေအာားလျှပ်စစ်စီမံကိန်းများ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ၁၂ ဦးသည် မြစ်ကြီးနားမြို့သို့ ၂၀၁၆ ခုနှစ် စက်တင်ဘာ၁၅ ရက်မှ ၁၈ ရက်အထိ လေးရက်ကြာကွင်းဆင်းလေ့လာမှုများပြုလုပ်ခဲ့သည်။ ဧရာဝတီ မြစ်ဆုံ၊မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ၁၂ ဦးသည် မြစ်ကြီးနားမြို့သို့ ၂၀၁၆ ခုနှစ် စက်တင်ဘာ၁၅ ရက်တွင် ရောက်ရှိခဲ့ပြီး ၁၆ ရက်တွင် မြစ်ဆုံဒေသနှင့် လုပ်ငန်းခွင်များသို့ကွင်းဆင်းလေ့လာခဲ့သည်။ ခရီးစဉ်သည် လေးရက်ကြာမြင့်ခဲ့ပြီး စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမတွင် လူထုနှင့်တွေဆုံကာ လူထုက ကန့်ကွက်ခဲ့ကြသည်။

မြစ်ဆုံအရေးကိစ္စနှင့် ပတ်သက်၍  ၂၀၂၀ ပြည့်နှစ်တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က “ မြစ်ဆုံစီမံကိန်းအစည်းအဝေးက နောက်ဆုံးပြီးခဲ့တာကြာပြီ။ နိုင်ငံတော်သမ္မတရှုံးကလည်း ဘာမှအကြောင်းပြန်တာ မရှိသေးဘူး။  အဲဒီ နှစ်နိုင်ငံစာချုပ်ဆိုတာက ချပြလို့မရဘူး။ ကျွန်တော်တို့တောင်မှ စာချုပ်ကို ဖတ်ပြီးနောက် အဲဒီအစည်းအဝေးမှာပဲ ထားခဲ့ရတယ်။ပြည်သူတွေရဲ့ အကျိူးကိုကြည့်ပြီး အကောင်းဆုံးဖြစ်လာမှာပါလို့ ကျွန်တော်ကတော့ပြောချင်ပါတယ်” ဟု ဆိုသည်။

အစိုးရအဆက်ဆက်ပြောင်းနေသော်လည်း မြစ်ဆုံအရေးကိစ္စမှာ  ဒေသခံများ၊ အတတ် ပညာရှင်များ၊ အနုပညာရှင်များ၊ ဧရာဝတီကို မြတ်နိုးတန်ဖိုးထားသည့်  နိုင်ငံသူနိုင်ငံသားများက ဆက်လက်ကန့်ကွက်နေကြဦးမည်ဖြစ်သည်။