ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ မွန်ပြည်နယ်က ထွက်ရှိတဲ့ နေလှမ်းဆားကြမ်း တစ်ပိဿာကို ကျပ် ၁၃၀ ဝန်းကျင်စျေး ပေါက်ခဲ့တဲ့အတွက် ဆားတောင်သူတွေအနေနဲ့က စျေးကောင်းရတယ်လို့ ဆိုရမှာပါ။
ဒါပေမဲ့လည်း ယခု ဒီဇငဘာလဆန်းပိုင်းကစလို့ ဆားကွင်းကနေ ဆားအသစ်ကို ကျုံးယူနေပြီဖြစ်လို့ မကြာမီ စျေးကွက်ထဲကို ဆား အသစ်တွေရောက်လာပါတော့မယ်။ စျေးကွက်ထဲကို ဆားအသစ်တွေ ဝင်ရောက်လာတော့မယ်ဆိုရင် ဆားကြမ်းစျေးနှုန်းက ပြန် ကျလာနိုင်တယ်လို့လည်း ခန့်မှန်းပြောဆိုတာ တွေရှိပါတယ်။
“၁၉၇၀ ခုနှစ် လောက်တုန်းကဆိုရင် အဲဒီအချိန်တုန်းက ဗိုလ်ချုပ်နေဝင်းက စစ်တောင်းစက္ကူစက်အတွက်ဆိုပြီးတော့ ပင မှာ လယ်တွေသိမ်းပြီးတော့ ဆားကွင်းဖော်တာတို့၊ စက်စဲမှာလည်း လယ်တွေသိမ်းပြီးတော့ ဆားကွင်းဖော်တာတို့၊ ပေါင်မြို့နယ်ထဲက ထန်းပင် ချောင်မှာလည်း လယ်တွေသိမ်းပြီးတော့ ဆားကွင်းဖော်တာတို့ လုပ်ခဲ့တယ်။ အဲဒါတွေက တကယ်တော့ စက်မှုကုန်ကြမ်းအတွက်ပါပဲ။ ပြည်တွင်းအတွက် မဟုတ်ဘူး။ ပြည်တွင်း အတွက်က ဟိုးအရင်ကတည်းကရှိနေတဲ့ ဆားကွင်းအဟောင်းတွေက ထွက်တဲ့ဆားက ပြည် တွင်းအတွက် လုံလောက်ပြီးသားပဲ။ ဟိုတုန်းက လူဦးရေနဲ့ပေါ့ဗျာ။ ဒါပေမဲ့ စက်မှုကုန်ကြမ်း က ၂၀၀၈ ခုနှစ် နာဂစ်ဖြစ်ပြီးနောက်ပိုင်းမှာ စစ်တောင်းစက္ကူစက်က မလည်တော့ဘဲ ရပ်သွားတယ်။ ဆားကြမ်းကို စက်မှုကုန်ကြမ်း အဖြစ် အသုံးပြုနေရာကနေ စက္ကူစက်ရပ် သွားတော့ ထွက်သမျှဆားတွေက စားသုံးသူ စျေးကွက်ထဲရောက်လာတော့ ဆားစျေးက ဆွဲတင်ဖို့က မလွယ်တော့ဘူးဖြစ်သွားတယ်” လို့ သံဖြူဇရပ်မြို့နယ် ပငကျေးရွာက ဆား တောင်သူတစ်ဦးက ပြောပါတယ်။
၎င်းက ဆက်လက်ပြီး “အဲဒီစစ်တောင်း စက္ကူစက်အတွက်ကိုပဲ ဆားကြမ်းတန်ချိန် ၁၈၀၀ လောက်ပို့ရတယ်။ အဲဒီအပြင်ကို တနင်္သာရီဘက်က မြိတ်တို့၊ ထားဝယ်တို့ဘက် မှာ ရေခူဖမ်းတာတို့၊ ငါးခြောက်ငါးပိလုပ်တာ တို့၊ ကင်းမှိုထည့်တာတို့ဆိုရင် ကျွန်တော်တို့ မွန်ပြည်နယ်က ဆားတွေ တစ်နှစ်ကို ပိဿာချိန် ဆယ်ဂဏန်းနဲ့သွားရတယ်။ အခုလို ပွင့်လင်းရာသီရောက်ပြီဆိုတာနဲ့ကို သွားရတာ” လို့ ဆိုပါတယ်။
သို့သော်လည်း နာဂစ်ဖြစ်ပြီးနောက်ပိုင်း မှာ မြိတ်၊ ထားဝယ်ဘက်က ငါးခြောက်သိပ် မလုပ်ကြတော့ဘဲ အအေးခန်းစက်ရုံတွေဖြစ် လာကြောင်း၊ ဖမ်းမိတဲ့ ငါးတွေကိုလည်း အအေးခန်းစက်ရုံကိုပဲ ပို့ကြတော့တဲ့သဘော မျိုးတွေ့ရကြောင်း၊ ထို့အတွက်ကြောင့် တနင်္သာရီတိုင်းဘက်သို့ ဆားတင်ပို့မှုမရှိတော့ ကြောင်း၊ စစ်တောင်းစက္ကူစက်ကလည်း ရပ် သွားတော့ ထွက်သမျှဆားက စားသုံးသူစျေး ကွက်ကိုပဲ ဦးတည်နေရကြောင်း၊ ရာသီဖျက်လို့ ဆားအထွက်နည်းပါက ဆားကြမ်းစျေးတက် ပေမဲ့ ရာသီကောင်းလို့ ဆားကြမ်းအထွက် ကောင်းပါက စျေးနှုန်းကတစ်ခါတည်း အောက်ကိုပြုတ်ကျသွားကြောင်း ၎င်းက ဆက်ပြောပါတယ်။
လက်ရှိ ၂၀၂၁ - ၂၀၂၂ ခုနှစ် မွန်ပြည် နယ် နေလှမ်းဆားရာသီမှာ လိုင်စင်တင်ထား တဲ့ ဆားကွင်းဧကပေါင်း ၄၂၄၁ ဒသမ ၉၀ ရှိပြီးတော့ ဆားကြမ်းတန်ချိန် ၄၂၅၀၁၀ ထုတ် လုပ်ဖို့ လျာထားတယ်လို့ မွန်ပြည်နယ် ဆား လုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။
“ပြီးခဲ့တဲ့ နိုဝင်ဘာလအထိကတော့ ဆားကြမ်းစျေးကကောင်းပါတယ်။ အရောင်း အဝယ်လည်းကောင်းသလို စျေးနှုန်းအနေနဲ့ကလည်း ဆားကြမ်းတစ်ပိဿာကို ၁၃၀ ကျပ် ပတ်ဝန်းကျင်လောက်ရပါတယ်။ အခု ဒီဇင် ဘာလဆန်းမှာတော့ ပငဆားကွင်းတွေမှာက ဆားကြမ်းတွေကို ကျုံးနေပြီဖြစ်ပါတယ်။ ဆား ကြမ်းအသစ် ထပ်ထွက်လာဖို့ရှိသလိုအရောင်း အဝယ်ကလည်း နည်းနည်းပြန်အေးသွားတော့ ဆားကြမ်းစျေးကွက်က နည်းနည်းလေး အေး သွားသလိုဖြစ်သွားတယ်။ စျေးကွက်ကအေး နေတော့ စျေးနှုန်းက ကျရိပ်ဘက်ကို သန်း နေတယ်ပေါ့ဗျာ”လို့ သံဖြူဇရပ်မြို့နယ်က ဆားလုပ်ငန်းရှင်တစ်ဦးဖြစ်သူ နိုင်ဟုက ပြော ပါတယ်။
၎င်းကဆက်လက်ပြီးတော့ “ပြီးခဲ့တဲ့ ဆားရာသီကဆိုရင် ဆားတောင်သူတွေအား လုံး ရှုံးကြတယ်။ ဘာကြောင့်လဲဆိုတော့ COVID-19 ကာလလည်းဖြစ်တယ်။ ဘဏ် အခက်အခဲရော အမျိုးစုံပေါ့ဗျာ။ အဲဒီမှာ ဆား ကြမ်းစျေးက တစ်ပိဿာကို ၅၃ ကျပ်အထိ ကျသွားတယ်။ နောက် ရာသီဥတုကလည်း လာနီညာနဲ့ ထိပ်တိုက်ဆုံတဲ့အခါကျတော့ တစ်နှစ်လုံးနီးပါ မိုးကရွာတယ်။ အဲဒီတော့ ဆားကလည်း တစ်ဝက်လောက်ပဲ ရတယ်။ ကျွန်တော့်ဆားကွင်းတွေဆိုရင် ပုံမှန်ချိန်ဆိုရင် တစ်နှစ်မှာ ၁၄ ကြိမ်လောက်ကျုံးလို့ရတဲ့ကွင်း မှာ ကိုးကြိမ်လောက်ပဲ ကျုံးလိုက်ရတယ်။ ဆား ကြမ်းထွက်နှုန်းက အများကြီးလျော့သွားတာ ပေါ့။ ဒါပေမဲ့ စျေးနှုန်းကလည်း ၅၃ ကျပ်။ မတ်လမှာမှ ၆၀ ကျပ်လောက်ပဲရတယ်။ အဲဒီ တော့ ဆားတောင်သူတွေအနေနဲ့က အများ ကြီးရှုံးကြတယ်”လို့ ပြောပါတယ်။
ယခုနှစ် ဆားရာသီက အခုမှစနေတုန်း ဖြစ်တဲ့အတွက် ရာသီဥတုအခြေအနေက ဘယ်လိုလာမလဲ မသိသေးကြောင်း၊ စျေးနှုန်း ကလည်း လက်ရှိစျေးနှုန်းထက်အနည်းငယ်ပဲ ကျမလား။ မနှစ်က ဆားရာသီကအတိုင်းပဲ လေး၊ ငါး၊ ခြောက်ဆယ်လောက်ပဲဖြစ်မလား ဆိုတာကိုတော့ အဖြေထုတ်လို့မရသေး ကြောင်း၊ ဧပြီလ သင်္ကြန်ပြီးလောက်မှပဲ အရှုံး အမြတ်တွက်ချက်လို့ ရနိုင်မှာဖြစ်ကြောင်း ၎င်း က ဆိုပါတယ်။
“မနှစ် ဆားရာသီမှာတော့ ဆားလည်းမရ ဘူး။ စျေးလည်းမရကြတော့ အရှုံးကြီးကြီး မားမားနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ ဆားအထွက်နည်းပေမဲ့ စျေးနှုန်းရရင်လည်း နည်း နည်းပါးပါး ကာမိတယ်ပေါ့။ ဆားကလည်း အထွက်နည်းတယ်။ စျေးနှုန်းကလည်း မရ ဘူးဆိုတော့ ဆားတောင်သူတွေက ညပ်သွား တဲ့သဘောဖြစ်ကုန်ကြတာပေါ့ဗျာ” လို့နိုင်ဟု ဆက်ပြောပါတယ်။
ဆားစျေးကွက်တည်ငြိမ်ရေးနဲ့ပတ်သက် လို့ ယခင်က စက်မှုကုန်ကြမ်းအဖြစ် ထုတ်လုပ် နိုင်ရန် ကြိုးစားခဲ့ကြသော်လည်း စက်ရုံများ ပိတ်သိမ်းမှုနှင့် ရပ်ဆိုင်းမှုများကြောင့် ဆား ကြမ်းအထွက်ကောင်းသော်လည်း စျေး ကောင်းမရသည့် အခြေအနေများနှင့် ရင်ဆိုင် ခဲ့ကြရကြောင်း၊ ထို့ကြောင့် လက်ရှိထွက်ရှိနေ သည့် ဆားကြမ်းများထက် အရည်အသွေးပိုမို ကောင်းမွန်သော ဆားများထုတ်လုပ်ကာ ပြည် တွင်းအပြင် ပြည်ပစျေးကွက်များကိုလည်း ရှာဖွေနိုင်ရန်လိုအပ်ကြောင်းနှင့် သို့မှသာ မွန်ပြည်နယ်ထွက် နေလှမ်းဆားကြမ်းစျေးကွက် တည်ငြိမ်နိုင်မည်ဖြစ်ကြောင်း ဆားတောင်သူ တွေရဲ့ပြောကြားချက်အရ သိရပါတယ်။
“မွန်ပြည်နယ်ကထွက်တဲ့ ဆားတွေက ဒေသတွင်းမှာ ဖူလုံတဲ့အပြင်ကို တနင်္သာရီ၊ ကရင်ပြည်နယ်နဲ့ မန္တလေးတိုင်းဘက်အထိကို တင်ပို့နေရတာတွေလည်းရှိပါတယ်။ သို့သော်လည်း ပြည်တွင်းစျေးကွက်မှာ ထိုင်းနိုင်ငံက လာတဲ့ အရည်အသွေးမြင့် ဆားနဲ့ ယှဉ်နိုင်ဖို့ အတွက်ကို ကိုယ်တွေထုတ်လုပ်တဲ့နေလှမ်းဆားကိုလည်း အရည်အသွေးမြှင့်နိုင်ဖို့၊ နည်းပညာအရ အဆင့်မြှင့်နိုင်ဖို့အတွက် လိုအပ်နေ ပါပြီ။ သက်ဆိုင်ရာဌာနတွေအနေနဲ့ကလည်း ဒါကို အကောင်အထည်ဖော်သင့်တယ်လို့ ပြောချင်ပါတယ်”လို့ ပေါင်မြို့နယ်က ဆားလုပ် ငန်းရှင်တစ်ဦးက ဆိုပါတယ်။
ထို့အတူ သံဖြူဇရပ်မြို့နယ်က ဆားလုပ် ငန်းရှင် နိုင်ဟုကလည်း “အဓိကကတော့ ကျွန် တော်တို့မှာက Export မရှိလို့ပါ။ ဥပမာ ထိုင်း နိုင်ငံကထွက်တဲ့ ဆားဆိုရင် မျက်နှာမငယ်ရ ဘူး။ သူ့မှာက Export ရှိတယ်။ ကျွန်တော်တို့ နိုင်ငံကတော့ အိမ်သုံးဆားအနေနဲ့ သူတို့ဆီက ပြန်ယူရတာတွေရှိတယ်။ ကျွန်တော်တို့နိုင်ငံက လည်း အဲဒီလိုမျိုးလုပ်နိုင်တယ်ဆိုရင်တော့ အထိုက်အလျောက်တော့ ဆားစျေးကွက်ကို ထိန်းနိုင်မယ်လို့ မြင်ပါတယ်”လို့ ပြောပါတယ်။
၎င်းကဆက်လက်ပြီး “အဲဒီအတွက်ကို ရည်စူးပြီးတော့ ၂၀၁၀ ခုနှစ်လောက်တုန်းက ကျွန်တော့်အနေနဲ့ ဆားကွင်းမှာ ပလတ်စတစ်ခင်းပြီးတော့ ဆားထုတ်ကြည့်ပါသေးတယ်။ ကုန်ကျစရိတ်အများကြီး ရှိပေမဲ့လည်း အရဲစွန့်ပြီးတော့ လုပ်ကြည့်တာပေါ့ဗျာ။ အောင် မြင်တယ်လို့ပြောလို့ရပါတယ်။ ပလတ်စတစ် ဆား ကောင်းကောင်းထွက်ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်တစ်ဦးတည်းဆိုတော့ Export ကို လှမ်း လို့မရဘူးပေါ့ဗျာ။ ပြည်တွင်းလောက်ပဲ ဖြန့် ဖြူးနိုင်ခဲ့တယ်။ ပြည်တွင်းလောက်ပဲဆိုတော့ ရိုးရိုးဆားလောက်ပဲ စျေးနှုန်းကရတော့ ရတာ နဲ့ ကုန်ကျစရိတ်က မကာမိဘူးပေါ့ဗျာ။ အားလုံး လိုက်လုပ်နိုင်ကြမယ်ဆိုရင်တော့ Export ရလာမလားတော့ မပြောတတ်ဘူး။ ဖြစ်နိုင်မယ်လို့လည်း ယုံကြည်တယ်။ ဒီလို ပလတ် စတစ်နဲ့ခင်းပြီးလုပ်တဲ့ဆားက ပိုအဆင့်မြင့်တယ်ပေါ့ဗျာ”လို့ ပြောပါတယ်။
လက်ရှိ မွန်ပြည်နယ်အတွင်းက စား သောက်ကုန်စျေးကွက်မှာလည်း ထိုင်းနိုင်ငံက လာတဲ့ စားပွဲတင်ဆားတွေ ရောင်းချနေတာတွေလည်းရှိပါတယ်။ စားသုံးသူတွေအနေနဲ့က လည်း စျေးနှုန်းတူရင် အရည်အသွေးပိုင်းကို ဦးစားပေးရွေးချယ်ကြလေ့ရှိကြတဲ့အတွက် ကိုယ့်ဒေသထွက် ဆားကိုလည်း အရည်အသွေးမြှင့်ပြီး စျေးကွက်အတွင်း ယှဉ်ပြိုင်နိုင်စွမ်း ရှိနိုင်ဖို့ ကြိုးစားဆောင်ရွက်ကြရမှာ ဖြစ်ပါ တယ်။
ဆားကြမ်းစျေးကွက် တည်ငြိမ်ရေးအတွက် စက်မှုကုန်ကြမ်းအဖြစ် ထုတ်လုပ်ချင်နေ ကြပေမဲ့ အသုံးပြုမယ့် စက်ရုံကမရှိလေတော့ အရည်အသွေးမြှင့်ကုန်ချောအဖြစ် ထုတ်လုပ် ပြီး စျေးကွက်ရှာဖွေနိုင်ကြမှသာလျှင် ဆား စျေးကွက် အခြေအနေတစ်ခုအထိ တည်ငြိမ် နေနိုင်မယ်လို့ ယူဆပါတယ်။