အရသာနှစ်မျိုး၊ Legitimacy နှင့် ထုတ်လုပ်မှုဘောဂဗေဒ ဆိုင်၊ မဆိုင်

အရသာနှစ်မျိုး၊ Legitimacy နှင့် ထုတ်လုပ်မှုဘောဂဗေဒ ဆိုင်၊ မဆိုင်
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် လုပ်ငန်းခွင်ဝင်နေကြသည်ကို COVID-19 ကာလမတိုင်မီက တွေ့ရစဉ်
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် လုပ်ငန်းခွင်ဝင်နေကြသည်ကို COVID-19 ကာလမတိုင်မီက တွေ့ရစဉ်
Published 12 December 2021
သန်းစိုး (ဘောဂဗေဒ)

အလုပ်လက်မဲ့၊ အနာဂတ်မရေရာမှု စတဲ့ စီးပွားရေးအကျပ်အတည်းဟာ တခြားထွက်ပေါက်တစ်ခုကို ဖန်တီးပေးနေသလားဆိုတဲ့အချက်ကို ဘောဂဗေဒပညာရှင်တွေက စီးပွားရေးရှုထောင့်ဘက်ကနေ အဖြေထုတ်ပေးထားပါတယ်။ 

၁၀ ဦး

၁၉၈၀ ပြည့်လွန်နှစ်တွေမှာ အားကောင်းလာတဲ့ ဖိလစ်ပိုင်ကွန်မြူနစ်ပါတီကို အသက် ၃၂ နှစ်သာရှိသေးတဲ့ ဖိလစ်ပိုင်တက္ကသိုလ်ကထိကတစ်ဦးဖြစ်တဲ့ ဂျိုဆေရီယာဆီဆုန်ရယ် သူ့ရဲဘော် ၁၀ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့တာပါ။ ဖိလစ်ပိုင်ကျေးလက်တွေမှာ အဲဒီတုန်းက ပုန်ကန်ထကြွမှုတွေဟာ အကြောင်းရင်းတစ်ခုနဲ့ တစ်ခု ပင့်ကူအိမ်လို ရစ်ပတ်ဆက်နွှယ်နေခဲ့တယ်။ တချို့က နိုင်ငံရေးအကြောင်းရင်းဖြစ်တယ်။ တချို့လူမှုရေး အကြောင်းရင်းဖြစ်တယ်။ ဒီနေရာမှာ ဘောဂဗေဒပညာရှင်တွေကတော့ စီးပွားရေးအကြောင်းရင်းဖြစ်တယ်လို့ သုံးသပ်ကြတယ်။ ဖိလစ်ပိုင် စီးပွားရေးကျဆင်းမှုက ဖန်တီးလိုက်တဲ့ အကြောင်းတရားလို့ သတ်မှတ်တယ်။

အထူးသဖြင့် ကျေးလက်စီးပွားရေးကျဆင်းမှု၊ ကျေးလက်ဒေသတွေမှာ မငြိမ်မသက်မှုတွေ၊ ထကြွပုန်ကန်မှုတွေ တစ်သီကြီးဖြစ်ပေါ်ခဲ့တာဟာ စီးပွားရေးကျဆင်းမှုကြောင့် လူငယ်တွေ အလုပ်အကိုင်မဲ့အခြေအနေကနေ တွန်းပို့ခဲ့တာဆိုပြီး ကောက်ချက်ချတယ်။ ဆားမား၊ မင်ဒါနာအို၊ ဆီဘူး စတဲ့ပြည်နယ်တွေရဲ့ ထွက်ကုန်တွေဖြစ်တဲ့ ကျွန်း၊ သစ်၊ သကြား၊ အုန်းသီးစျေးနှုန်း ထိုးကျသွားခြင်းဟာ ဒီကဏ္ဍလုပ်ငန်းတွေ ရပ်ဆိုင်းပြီး အလုပ်လက်မဲ့ဖြစ်လာခဲ့လို့ဖြစ်ပါတယ်။ ၁၉၄၀-၅၀-၆၀ ကာလ ဖိလစ်ပိုင် အုပ်စိုးသူတွေဟာ မြေယာပြုပြင် ပြောင်းလဲရေးလုပ်ငန်းကို စိတ်မပါ ့တပါနဲ့ လုပ်ခဲ့ကြတယ်။ ကျေးလက် မြေရှင်ကြီးတွေနဲ့ နိုင်ငံရေးသမားတွေရဲ့ ဆက်ထုံးကြောင့် လယ်ယာမြေ၊ မြေယာပြုပြင်ပြောင်းလဲရေးဟာ ထင်သလောက် မအောင်မြင်ခဲ့ကြဘူး။ လုပ်ကွက်ငယ်သမားမိသားစုတွေ၊ လယ်ယာထွက်ကုန်စျေးနှုန်း မရရှိမှုက တစ်ဖက်၊ နယ်ဘက်တွေမှာ စစ်ဘုရင်တွေ၊ လူမိုက်ဂိုဏ်းအဖွဲ့တွေ၊ မာဖီးယားဆန်ဆန်ကြီးစိုးနေတဲ့ တရားဥပဒေစိုးမိုးမှုလျော့ရဲနေမှုတွေကြောင့် ကျေးလက်ဖိလစ်ပိုင်လူငယ် တော်တော်များဟာ အစိုးရအပေါ် တာဝန်မကျေပွန်စိတ်နဲ့ အစိုးရအပေါ် အမြင်မှားမှုက တော်လှန်လို စိတ်တွေ ဖြစ်ပေါ်ခဲ့ကြတာဖြစ်တယ်။

ဒီလို ဆယ်စုနှစ်သုံးခုလောက် ဖြတ်သန်းပြီး တစ်ကျော့ပြန်ပေါ်လာတဲ့ကွန်မြူနစ်လို အဖွဲ့တွေရဲ့ သားကောင်ဟာ ကျေးလက်မှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ လူငယ်တွေပါပဲ။ ဖိလစ်ပိုင်ကျေးလက်လူငယ်တော်တော်များများဟာ ကွန်မြူနစ်ထဲကို ဝင်ရောက်ကြဖို့ အခွင့်အလမ်း ဖန်တီးပေးသလိုဖြစ်ခဲ့ရတယ်။ အလုပ်လက်မဲ့ဖြစ်နေတဲ့ ကျေးလက်ဖိလစ်ပိုင် လူငယ်တော်တော်များများဟာ စီးပွားရေး၊ လူမှုရေး မကျေနပ်ချက်တွေကြောင့် ကွန်မြူနစ်တွေ လူစုဖို့ လွယ်လွယ်ကူကူဖြစ်သွားကြတာဆိုပြီး စီးပွားရေးရှုထောင့်ကနေ ဘောဂဗေဒသမားတွေက ထောက်ပြကြတာ ဖြစ်ပါတယ်။ အဲဒီတုန်းက ဖိလစ်ပိုင်ပြည်နယ် ၇၄ ပြည်နယ်ရဲ့ ၆၂ ပြည်နယ်အထိ ကွန်မြူနစ်အင်အား ၁၅၀၀၀ ကနေ ၂၀၀၀၀ အထိ ပျံ့နှံ့ခဲ့တယ်ဆိုပြီး အမေရိကန်စစ်ဘက်က ခန့်မှန်းကြတယ်။ ဖိလစ်ပိုင်မြို့ပြမှာလည်း အထူးသဖြင့် မြို့ပြပညာတတ်အလွှာတွေ၊ ကျောင်းသားတွေ၊ လူလတ်တန်းစားတွေအထိပါ ကွန်မြူနစ်တို့ရဲ့အင်အားဟာ များပြားခဲ့တယ်။ မြို့ပြပညာတတ်အလွှာတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းနည်းခြင်း၊ လူငယ်တွေအတွက် ဖန်တီးထားတဲ့ အခွင့်အလမ်းတွေ မရှိခြင်းဟာ အစွန်းတစ်ဖက်ကို ရောက်ရှိစေခဲ့တယ်ဆိုပြီး ထောက်ပြကြတယ်။ ဖိလစ်ပိုင် စူးဘက်ရေတပ်စခန်းနဲ့ လေတပ်စခန်းတည်ရှိရေးကို အာမခံပေးလိုက်လို့ အမေရိကန် ထောက်ခံမှုရရှိခဲ့တဲ့ သမ္မတ မားကို့စ်ရဲ့ ဆယ်စုနှစ်သုံးခုလောက် အုပ်ချုပ်ချိန် စီးပွားရေးကျဆင်း၊ အလုပ်အကိုင်အခွင့်အလမ်းကနည်း၊ သမ္မတနဲ့ အပေါင်းအပါ၊ အသိုင်းအဝိုင်းများ Crony Capitalist လွှမ်းမိုးတဲ့ စီးပွားရေးလက်ဝါးကြီးအုပ်မူဟာ ဖိလစ်ပိုင်လူထုအတွက် ခါးသီးတဲ့အတိတ်တွေကလည်း ရှိနေခဲ့ပါတယ်။ ၁၉၈၆ ခုနှစ် လူထုပါ၀ါနဲ့ မားကို့စ်ကို ဖြုတ်ချပြီးချိန်မှာ ဖိလစ်ပိုင် စီးပွားရေး၊ လူမှုရေး ဆုတ်ယုတ်မှုတွေကို သမ္မတသစ် အကီနိုလက်ထက်မှာ အသည်းအသန် ရှင်းရတော့တာ ဖြစ်ပါတယ်။

Moral Recovery Program

သမ္မတ မစ်စစ်အကွီနိုဟာလည်း ဆွေးမြေ့ပုပ်ပွနေတဲ့ စီးပွားရေး၊ လူမှုရေးတွေကို သူ့ရဲ့သက်တမ်းအတွင်းမှာ မရှင်းနိုင်ခဲ့ပါဘူး။ ၁၉၇၀-၁၉၈၀ -၁၉၉၀ ခုနှစ်ကာလများဟာ ဖိလစ်ပိုင်နိုင်ငံ စီးပွားရေးအလွန်အမင်း ကျဆင်းမှု၊ ကျေးလက်ဒေသ အလုပ်လက်မဲ့ဖြစ်ပေါ်မှုနှင့် မတည်ငြိမ်မှု စတဲ့ စီးပွားရေး၊ လူမှုရေးဟာ ပြန်လည်ပြုပြင်ရေးလုပ်တဲ့အချိန်မှာ သမ္မတအကွီနိုလက်ထက်မှာ အောင်မြင်မှုနည်းခဲ့ပါတယ်။ လူမှုရေးဒဏ်ရာဒဏ်ချက်ကို ကုစားတဲ့အခါ အချိန်ကြာမြင့်စွာ အရှိန်ယူရသလို ထိခိုက်မှုလည်း ကြီးမားခဲ့ပါတယ်။ ၁၉၉၂ ဖီဒယ်ရာမို့စ်တက်လာချိန်မှာ သူ့ရဲ့ နိုင်ငံရေးပရိုဂရမ်ဖြစ်တဲ့ Social Recovery Program တစ်ခုနဲ့ ဖိလစ်ပိုင် လူ့အဖွဲ့အစည်းကို ပြန်ထိန်းခဲ့ရတာပါ။

ဒီစာပိုဒ်တစ်ခုလုံးမှာ ပြောချင်တာက ကျေးလက်စီးပွားရေးကျဆင်းမှု၊ ကျေးလက်အလုပ်လက်မဲ့၊ ကျေးလက်လူမှုရေးမတည်ငြိမ်မှုဟာ ပုန်ကန်ထကြွမှုကိုဖြစ်စေတယ်ဆိုတဲ့ စီးပွားရေးရှုထောင့်ကနေ ဘောဂဗေဒရှင်တွေဘက် တင်ပြတဲ့အခြေအနေကို တင်ပြခြင်းဖြစ်ပါတယ်။ ကိုဗစ်ကာလဟာ အခုဆိုရင် နှစ်ချီကြာမြင့်ခဲ့ပါပြီ။ ပညာရေးခါးဆက်ပြတ်ခြင်းရဲ့ ဒဏ်၊ ကာလရှည်ကြာစွာနဲ့ ဒဏ်ရာရနေတဲ့ အလုပ်လက်မဲ့ကိုလည်း မဖြေရှင်းနိုင်၊ မြို့ပြစီးပွားရေးပြိုကွဲမှုကို ပြန်လည်စတင်ဖို့ အခွင့်အလမ်းနဲ့ စိတ်ဝင်စားမှုကလည်း နည်း၊ ကျေးလက်ဒေသ လူမှုစီးပွားရေး မတည်ငြိမ်မှုကလည်း ဖြစ်ပေါ်နေ၊ တောရော မြို့ပြမှာပါ တရားဥပဒေစိုးမိုးရေးကလည်း အားနည်းလာတဲ့ ဒီလိုအချိန်မှာ ဖိလစ်ပိုင်လူငယ်တွေလို လူတွေ ထွက်ပေါက်ရှာတာ မှားယွင်းမှုလို့ မထင်ပါဘူး။ တည်ငြိမ်ရေး၊ လုံခြုံရေးကို နိုင်ငံရေး ထွက်ပေါက်တစ်ခုအနေနဲ့ အရေးတကြီး ရှုမြင်နေတဲ့ လမ်းကြောင်းကို ပြောင်းစဉ်းစားဖို့ လိုမယ်လို့ မြင်ပါတယ်။ စီမံခန့်ခွဲမှု ဂုရုကြီး ပီတာဒရစ်ကားရဲ့ ဖြန့်ကြက်တွေးခြင်းသဘောတရားထဲက ထွက်ဖောက်စဉ်းစားတတ်ရင် မြင်ရပါလိမ့်မယ်။

ဘောဂဗေဒနဲ့ ဆိုင် မဆိုင်

ကိုဗစ်ရဲ့ စီးပွားရေးဒဏ်ရာ ကုစားတဲ့နိုင်ငံတိုင်းရဲ့ တူညီတဲ့အချက် သုံးချက်ရှိပါတယ်။ ကိုဗစ်ဟာ နှစ်ချီ ဒုက္ခပေးလာပြီးတဲ့နောက်ပိုင်း နိုင်ငံတိုင်းရဲ့ စီးပွားရေးကို ရိုက်ချိုးလိုက်ပါတယ်။ နိုင်ငံတိုင်းရဲ့ နိုင်ငံတကာ ကုန်သွယ်ရေးဒီဇိုင်းဟာလည်း ပြောင်းသွားခဲ့ပါတယ်။ အထူးသဖြင့် သွင်းကုန်ကန့်သတ်မှုဟာ ၁၉၃၀ စီး ပွားပျက်ကပ်က နိုင်ငံတွေ လုပ်နေတဲ့အတိုင်း ကိုယ့်နိုင်ငံအတွင်း ပြည်ပကုန်စည်တွေ မဝင်ရောက်လာဖို့ နည်းမျိုးစုံနဲ့ ကျင့်သုံးနေတဲ့ ပေါ်လစီအတိုင်း အခုကိုဗစ်ကြောင့် ဒီလိုလုပ်နေကြတာဖြစ်ပါတယ်။ ဟိုနိုင်ငံက ပိတ်၊ ဒီနိုင်ငံက ပိတ်နဲ့ ကုန်စည်တွေ ပုပ်သိုးကုန်ပြီး လုပ်ငန်းတွေရပ်ဆိုင်း၊ အလုပ်လက်မဲ့တွေ တစ်သီတစ်သန်း ကြီးဖြစ်ပေါ်ရာကနေ ကမ္ဘာ့စီးပွားရေးပျက်ကပ်ကို ဦးတည်ခဲ့တာပါ။ အခုကိုဗစ်ကြောင့် ကမ္ဘာ့စီးပွားရေး ထိုင်းမှိုင်းနေခြင်းနဲ့ အလားသဏ္ဌာန် တူပါတယ်။

ဒုတိယအချက်က နိုင်ငံတိုင်းဟာ ကိုယ့်နိုင်ငံရဲ့ အရင်းအမြစ်တွေဆီကနေ စီးပွားရေးကိုကုစားဖို့ ပြန်ကြိုးစားနေကြတာဖြစ်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI ဟာ ဒီလိုကာလမျိုးမှာ စီးပွားရေးဆွဲတင်ဖို့ မလွယ်ဘဲ ခက်ခဲတဲ့ကိစ္စဖြစ်သလို အားကိုးလို့ မရနိုင်ပါဘူး။ ဒါကြောင့် ပြည်တွင်းအရင်းအမြစ်တွေစုစည်းပြီး စီးပွားရေးကို ဆွဲတင်ရမှာဖြစ်ပါတယ်။ ဒါကလည်း ၁၉၈၀ ပြည့်နှစ်မတိုင်မီ အာရှကျားတွေလုပ်ခဲ့တဲ့ စီးပွားရေး မဟာဗျူဟာသာဖြစ်ပါတယ်။ အာရှကျားလေးကောင်ဟာ ပြည်တွင်းအရင်းအမြစ်စုစည်းမှုကနေ စီးပွားရေး ဆွဲတင်ခဲ့တာပါ။ ပြည်တွင်းမှာရှိတဲ့ အရင်းအနှီးတွေပြန်စု၊ ပြန်ရင်းနှီးမြှုပ်နှံမှုလုပ်၊ ပြည်တွင်းလုပ်ငန်းရှင်တွေကို အခွင့်အလမ်းပေး၊ ပရောဂျက်တွေ စီစဉ်ချပေး၊ ဒီလိုနဲ့ စီးပွားရေးကို ဆွဲတင်နေကြတာ ဖြစ်ပါတယ်။

တတိယအချက်ကတော့ မြန်မာနဲ့ တိုက်ရိုက်ဆက်စပ်လို့ အထူးသင့်လျော်တယ်လို့ မြန်မာအခြေအနေနဲ့ပဲ တင်ပြသွားပါမယ့်။ ပြည်တွင်းစားသုံးသူစျေးကွက် ပြည်တွင်းထုတ်လုပ်မှုကုန်စည်တွေနဲ့ ဖြည့်ဆည်းဖို့ အချိန်ကောင်းအခါကောင်းလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စားသုံးမှုကုန်စည်၊ လူသုံးကုန်စည်၊ ဇိမ်ခံပစ္စည်းကုန်စည်၊ စက်မှုကုန်စည်၊ စက်ကိရိယာကုန်စည်၊ ဓာတုကုန်စည်၊ ကားနဲ့ အီလက်ထရွန်နစ်ကုန်စည် စသဖြင့် ကုန်စည်အားလုံးဟာ ပြည်ပကုန်စည်ကပဲ မြန်မာပြည်စျေးကွက်ကို ၈၀ ရာခိုင်နှုန်း နေရာယူထားကြတာ ဖြစ်ပါတယ်။ စျေးတွေမှာ၊ ကုန်တိုက်တွေမှာ၊ မောလ်တွေမှာ၊ လူသုံးကုန်တွေ၊ စားသုံးကုန်တွေရဲ့ ရာခိုင်နှုန်း တော်တော်များများဟာ ပြည်ပကုန်စည်တွေ နေရာယူထားတာ အားလုံးအသိ ဖြစ်မယ်ထင်ပါတယ်။

ပြည်တွင်းထွက်ကုန် ပြည်တွင်းစျေးကွက် ပြန်ယူရေး

ဒီအချက်ဟာ ပြည်တွင်းထုတ်လုပ်သူကို ရိုက်ချိုးလိုက်သလို နိုင်ငံခြားငွေ ယိုဖိတ်မှုကိုလည်း ဖြစ်စေပါတယ်။ ပြီးတော့ လူတစ်ဦးချင်းစု ဆောင်းမှုကိုလည်း ပဲ့ထွက်စေပါတယ်။ ကျပ်ငွေတန်ဖိုးကျဆင်းမှုကိုလည်း ဖြစ်စေတာပေ့ါဗျာ။ ပိုဆိုးတာက ကုန်သွယ်မှုမှာ ရောင်းသူစျေးကွက် ဖန်တီးခံရတဲ့အခြေအနေ၊ စျေးနှုန်းမှာ ရောင်းသူအလိုကျ စျေးကစားခြင်းခံရတာတို့၊ နောက်ဆုံး ဒီတိုင်းပြည်ကို စိတ်ကြိုက်ကစားလို့ရတဲ့ သြဇာလွှမ်းမိုးခံရသလို ဖြစ်သွားတတ်ပါတယ်။

ဒီလိုအချိန်မှာ မြန်မာစျေးကွက်ရဲ့ စားသုံးမှုကုန်စည်၊ လူသုံးကုန်စည်စျေးကွက်ကို အနည်းဆုံး မြန်မာ ထုတ်ကုန်တွေက ၅၀ ရာခိုင်နှုန်းတော့ ပြန်လည်လွှမ်းမိုးသင့်ပါတယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ ပြည်ပကုန်သွယ်ရေးနဲ့ပတ်သက်ရင် အတတ်နိုင်ဆုံး စားသုံးကုန်စည်၊ နေ့စဉ်သုံး စားသုံးကုန်စည်တွေ ကိုယ့်နိုင်ငံတွင်း ဝင်မလာအောင် ကုန်သွယ်မှုဆိုင်ရာ ကန့်သတ်ချက်၊ ပေါ်လစီတွေနဲ့ ဘန်းထားကြတာပါ။ ဒါဟာ နိုင်ငံတိုင်းရဲ့ အမျိုးသားအကျိုးစီးပွားဖြစ်ပါတယ်။ မဖြစ်မနေ တင်သွင်းရမယ်ဆိုရင်လည်း ကိုတာစနစ်တွေ၊ အခွန်အကောက်မြှင့်ထားတာတွေ၊ ပြည်တွင်းကုန်စည်တွေထက် စျေးနှုန်းမြှင့်ထားရတာတွေ၊ ဟိုဒေသ ဒီဒေသ သယ်ယူခွင့်မရှိဘူးဆိုတဲ့ ဒေသကန့်သတ်ထားမှုတွေ၊ စားသောက်ဆိုင်တွေမှာ ရောင်းမယ်ဆိုရင် ဆိုင်ကြီးတွေမှာ ရောင်းချခွင့်ပြုတာတွေနဲ့ ပြန်ထိန်းကြတာဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာတော့ မုန်လာဥ၊ အာလူး၊ ကြက်သွန်၊ ကြက်ဥ၊ အသားအမျိုးမျိုး၊ ငါး၊ ပုစွန်၊ စည်သွပ်ဘူးအမျိုးမျိုး၊ ဆန်တချို့စတဲ့ နေ့စဉ်သုံး လူသုံးကုန်၊ စားသုံးကုန် ကုန်စည်တွေ တရဟော တင်သွင်းနေကြတာကို ဒီအတိုင်း လက်ပိုက်ကြည့်နေကြရတာပါ။ အထူးသဖြင့် တရုတ် ကုန်စည်မျိုးစုံဟာ မြန်မာ့စားသုံးသူ စျေးကွက်ကို လွှမ်းမိုးထားပါတယ်။ အသေးစားလူသုံးကုန်၊ အဝတ်အထည်၊ စားသုံးကုန်အမျိုးမျိုး၊ အချိုရည်နဲ့ ကလေးအစားအစာ၊ လျှပ်စစ်ပစ္စည်း၊ အများကြီးပါပဲ။

ဒါကြောင့် အခုပြောချင်တာက ပြည်တွင်းကုန်စည်တွေ၊ ပြည်တွင်းထုတ်လုပ်မှုတွေ၊ ပြည်တွင်းစားသုံးမှု စျေးကွက်ကိုပြန်ယူဖို့ ကြိုးစားနေတဲ့ ပြည်တွင်းက ထုတ်လုပ်သူတွေအတွက် လမ်းအကျယ်ကြီး ဖွင့်ထားဖို့ အထူးလိုအပ်နေပါပြီ။ အနည်းဆုံး မြန်မာစားသုံးသူ ကုန်စည်တွေကို၊ ဘဏ္ဍာရေးထောက်ပံ့မှု၊ ကုန်သွယ်ရေးဆိုင်ရာထောက်ပံ့မှုမပေးနိုင်ရင် တောင်မှ၊ တခြားနည်းပညာဆိုင်ရာတွေ ထောက်ပံ့မပေးနိုင်ရင်တောင်မှ၊ ဒေသထွက်ကုန်စည်တွေကို အားပေးတဲ့နည်းနဲ့ ထောက်ပံ့သင့်ပါတယ်။

အမြင်

ဒေသထွက်ကုန်စည်တွေကို ထောက်ပံ့ခြင်းအားဖြင့် ကုန်စည်ထုတ်လုပ်တဲ့ဒေသရဲ့ အလုပ်အကိုင် အခွင့်အလမ်းကို ထောက်ပံပေးခြင်းလည်းရောက်တယ်။ စျေးကွက်ဝေစုကိုလည်း ပြန်ရနိုင်ပါတယ်။ ဒေသထွက်ကုန်စည်တွေကို ထောက်ပံ့ခြင်းအားဖြင့် ကုန်စည်ထုတ်လုပ်တဲ့ဒေသရဲ့ အလုပ်အကိုင်အခွင့်လမ်းကို ထောက်ပံ့ပေးခြင်းလည်း ရောက်တယ်၊ စျေးကွက်ဝေစုကိုလည်း ပြန်ရနိုင်တယ်၊ လုပ်ခလစာလည်း ရကြမယ်၊ နိုင်ငံခြားငွေယိုဖိတ်မှုလည်း မဖြစ်ဘူး။ ဒေသတွင်း စီးပွားရေး ကဏ္ဍတွေ တိုးတက်လာမယ်။ ဒေသတွင်း အလုပ်အကိုင်ဖန်တီးနိုင်လို့ Megration လည်း နည်းသွားမယ်။ နိုင်ငံစီးပွားရေးကိုလည်း အထောက်အကူပြုပါတယ်။

လူတွေရဲ့ Legitimacy ရချင်တယ်ဆိုရင် ကိုယ့်ရဲ့ Performance နဲ့ပဲ တည်ဆောက်ပါ။ ရလဒ်ကောင်း ထွက်တဲ့ Legitimacy နဲ့ပဲ တည်ဆောက်မှ လူတွေက လက်ခံကြတာပါ။ တရုတ်နဲ့ ဗီယက်နမ်မှာ အလုပ်ဖြစ်နေတာက Economics Well Being နဲ့ ဆိုင်တဲ့ Legitimacy ကို တည်ဆောက်ထားတာပါ။