မြန်မာ့ကုန်သွယ်မှု ကျဆင်းနေခြင်းနှင့် အခက်အခဲအကျပ်အတည်းများ

မြန်မာ့ကုန်သွယ်မှု ကျဆင်းနေခြင်းနှင့် အခက်အခဲအကျပ်အတည်းများ
မူဆယ်မြို့နယ် ကျင်ဆန်းကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ် စတင်စမ်းသပ်ဖွင့်လှစ်သည့် နိုဝင်ဘာ ၂၆ ရက်က မြင်ကွင်း (ဓာတ်ပုံ - ပြည့်စုံ)
မူဆယ်မြို့နယ် ကျင်ဆန်းကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ် စတင်စမ်းသပ်ဖွင့်လှစ်သည့် နိုဝင်ဘာ ၂၆ ရက်က မြင်ကွင်း (ဓာတ်ပုံ - ပြည့်စုံ)
Published 12 December 2021
နီလာ

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) နှစ်လနီးပါးအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၃၂၀ နီးပါး လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၂၆ ရက်အထိကာလအတွင်း ပြည်ပကုန်သွယ်မှုတွင် ပို့ကုန်တင်ပို့မှုဒေါ်လာ ၂၂၀၆ ဒသမ ၆၉၅ သန်းရှိပြီး သွင်းကုန်တင်သွင်းမှုဒေါ်လာ ၂၁၀၂ ဒသမ ၇၆၃ သန်း ရှိကာ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄၃၀၉ ဒသမ ၄၅၈ သန်းရရှိသည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၂၆ ရက်အထိ ကာလအတွင်း ပို့ကုန်တင်ပို့မှုဒေါ်လာ ၂၃၁၉ ဒသမ ၈၇၄ သန်းရှိကာ သွင်းကုန်တင်သွင်းမှု ဒေါ်လာ ၂၃၁၁ ဒသမ ၄၄၆ သန်းရှိကာ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄၆၃၁ ဒသမ ၃၂၀ သန်း ရရှိခဲ့သည်။

အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ် နှစ်လနီးပါးအတွင်း ယခင်နှစ်ကာလတူထက် ပြည်ပကုန်သွယ်မှု ဒေါ်လာ  ၃၂၁ ဒသမ ၈၆၂ သန်း လျော့ကျခဲ့သည်။

ယင်းသို့လျော့ကျမှုတွင် ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁၁၃ ဒသမ ၁၇၉ သန်းနှင့် သွင်းကုန်တင်သွင်းမှုမှာလည်း ဒေါ်လာ ၂၀၈ ဒသမ ၆၈၃ သန်း လျော့ကျခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပြည်ပကုန်သွယ်မှု လျော့ကျနေမှုတွင် အထူးသဖြင့် နယ်စပ်ကုန်သွယ်မှု လျော့ကျခြင်းဖြစ်ပြီး ပင်လယ်ရေကြောင်းကုန်သွယ်မှုမှာမူ ယခင်နှစ်ကာလတူကထက် ဒေါ်လာ ၂၆၇ သန်းကျော် ပိုမိုရရှိခဲ့သည်။

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ ကုန်သွယ်မှုပြုလုပ်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP) နှင့် အခြားသောကုန်ပစ္စည်းများကို တင်ပို့နေသည်။

သွင်းကုန်တင်သွင်းမှုတွင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်းများကို အဓိက တင်သွင်းလျက်ရှိသည်။

ပင်လယ်ရေကြောင်း ကုန်သွယ်မှု

ပင်လယ်ရေကြောင်းကုန်သွယ်မှုအခြေအနေတွင် လက်ရှိဘဏ္ဍာနှစ် နှစ်လနီးပါးတွင် ပို့ကုန်တင်ပို့မှု ဒေါ်လာ ၁၅၇၃ ဒသမ ၈၈၁ သန်းအထိ တင်ပို့ထားပြီး သွင်းကုန်ဒေါ်လာ ၁၈၃၅ ဒသမ ၃၈၆ သန်းဖြင့် ကုန်သွယ်မှုဒေါ်လာ ၃၄၀၉ ဒသမ ၂၆၇ သန်းရှိသည်။

ပင်လယ်ရေကြောင်းကုန်သွယ်မှုတွင် ပို့ကုန်တင်ပို့မှုအနေဖြင့် နှစ်လနီးပါးအတွင်း ဒေါ်လာ ၁၅၇၃ သန်း၊ ယခင်နှစ်ကာလတူက ဒေါ်လာ ၁၂၄၁ သန်းကျော်တင်ပို့ထားသဖြင့် လက်ရှိဘဏ္ဍာနှစ် နှစ်လနီးပါးအတွင်းမှာ ယခင်နှစ်ကာလတူထက် ပို့ကုန်တင်ပို့မှုမှာ ဒေါ်လာ ၃၃၂ သန်းကျော် ပိုမိုတင်ပို့ထားသည်။

ပင်လယ်ရေကြောင်းကုန်သွယ်မှုတွင် သွင်းကုန်တင်သွင်းမှုအနေဖြင့် နှစ်လနီးပါးအတွင်း ဒေါ်လာ ၁၈၃၅ သန်းကျော်၊ ယခင်နှစ်ကာလတူက ဒေါ်လာသန်း ၁၉၀၀ ရှိသဖြင့် လက်ရှိဘဏ္ဍာနှစ် နှစ်လနီးပါးအတွင်း သွင်းကုန်တင်သွင်းမှုမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆၅ သန်းကျော် လျော့ကျနေသည်။

“ ကုန်သွယ်ရေးမှာ မနှစ်က ဒေတာနဲ့ယှဉ်ရင် ၂၀၂၀-၂၀၂၁ မှာ  ကုန်သွယ်မှုကျတယ်။ ဒေါ်လာ ခြောက်ဘီလျံကျော်ကျတယ်ပေါ့။ Over Sea (ပင်လယ်ရေကြောင်း ကုန်သွယ်မှု) ရော နယ်စပ်ရော ကျတာ။ ၂၀၁၈-၂၀၁၉တုန်းကဆိုရင် ကုန်သွယ်မှုက ဒေါ်လာ ၃၅ ဘီလျံကျော်အထိ စံချိန်တင်ခဲ့တယ်။ ပို့ကုန်များသလို သွင်းကုန်လည်း များခဲ့ပါတယ်။ ၂၀၁၉-၂၀၂၀ မှာကျတော့ ဒေါ်လာ ၃၆ ဒသမ ၇ ဘီလျံကျော်အထိတောင် ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့တယ်။ စံချိန်တင်အမြင့် ဆုံးရခဲ့တဲ့နှစ်ပေါ့။ အဲဒီမှာ ကိုဗစ်ထဖြစ်တော့ နယ်စပ်ကကုန်သွယ်မှုတွေ ကိုဗစ်ကြောင့်ပိတ်တာဆို့တာတွေလုပ်တော့ ကုန်သွယ်ရေးရပ်ကုန်တာရှိတယ်။ ပင်လယ်ရေကြောင်းမှာလည်း အခက်အခဲတွေ အများကြီးနဲ့။ ဒီနှစ်ပြောရရင် Mini Budget မှာ စာရင်းတွေကိုကြည့်ရင် ကုန်သွယ်ရေးကျနေတယ်။ ပို့ကုန် တင်ပို့မှုက ဒေါ်လာသန်း ၁၁၀ ကျော်၊ သွင်းကုန်တင်သွင်းမှုက ဒေါ်လာသန်း ၂၀၀ ကျော်ကျတယ်။ ဒီနှစ်အလားအလာကို မျှော်ကြည့်ရင် မူဆယ်နယ်စပ်က အခုအခြေအနေတွေကို သေချာလုပ်နိုင်ဖို့လိုပါတယ်။ ဒါမှ နယ်စပ်ကုန်သွယ်ရေး တက်လာမယ်။ ဒီစျေးကွက်ကြီးမှီခိုနေရတဲ့ တောင်သူတွေ လုပ်ငန်းရှင်တွေရဲ့ အခက်အခဲလျော့သွားနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ နောက်ပြီး နိုင်ငံခြားငွေကြေးစျေးကွက်မြင့်တက်မှုက ပို့ကုန်စျေးကွက်ရော သွင်းကုန်စျေးကွက်ကိုပါ ထိခိုက်စေပါတယ်။ နိုင်ငံခြားငွေကြေး စျေးကွက်တည်ငြိမ်အောင် ဆောင်ရွက်ဖို့ အရမ်းအရေးကြီးပါတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့နေသည့် ပို့ကုန်များအနက် CMP လက်ခစားစနစ်ဖြင့် အထည်ချုပ်ကဏ္ဍမှ ဒေါ်လာ ၃၆၀၉ သန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး သဘာဝဓာတ်ငွေ့မှာ ဒေါ်လာ ၃၁၁၉ သန်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့နေသည့်ပို့ကုန်များအနက် CMP လက်ခစားစနစ်ဖြင့် အထည်ချုပ်ကဏ္ဍမှ ဒေါ်လာ၃၆၀၉ ဒသမ ၆၃ သန်း၊ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၃၁၁၉ ဒသမ ၈ရသန်း၊ ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၇၀၀ ဒသမ ၁၃ သန်းရရှိခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်အများ ဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံစာရင်းတွင် တရုတ်နိုင်ငံသို့ ဒေါ်လာ ၄၉၀၅  ဒသမ ၈၀ သန်းဖြင့် အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံသို့ ဒေါ်လာ ၃၁၇၂ဒသမ ၂၆ သန်းဖြင့် ဒုတိယအများဆုံးဖြစ်ကာ အစဉ်လိုက် ရပ်တည်နေသည်။

ဂျပန်နိုင်ငံသို့ ဒေါ်လာ၉၄၄  ဒသမ၂၁ သန်း၊ အိန္ဒိယနိုင်ငံသို့ ဒေါ်လာ ၈၃၆ ဒသမ ၃ရသန်း၊ အမေရိကန်သို့ ဒေါ်လာ ၆၂၀ ဒသမ ၅၉ သန်း၊ ဂျာမနီနိုင်ငံသို့ ဒေါ်လာ  ၄၂၆ ဒသမ၂၅သန်း၊ စပိန်နိုင်ငံသို့ ဒေါ်လာ  ၄၁၁ ဒသမ ၇၁ သန်း၊ UK သို့ ဒေါ်လာ ၃၈၅ ဒသမ ၄၀ သန်း၊ နယ်သာလန်သို့ ဒေါ်လာ ၃၆၆ ဒသမ ၁၈ သန်း၊ တောင်ကိုရီးယားနိုင်ငံသို့ ဒေါ်လာ ၃၀၅ ဒသမ ၇၆ သန်း တင်ပို့ခဲ့သည်။

နယ်စပ်ကုန်သွယ်မှု

နယ်စပ်ကုန်သွယ်မှုတွင် လက်ရှိဘဏ္ဍာနှစ် နှစ်လနီးပါးအတွင်း ပို့ကုန်တင်ပို့မှုဒေါ်လာ ၆၃၂ ဒသမ ၈၁၄ သန်း ရရှိသည်။ ယခင်နှစ်ကာလတူက ဒေါ်လာ ၁၀၇၈ ဒသမ ၄၈၆ သန်း ရရှိခဲ့သည်။ အဆိုပါ ကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ် နှစ်လနီးပါးအတွင်း နယ်စပ်မှ ပို့ကုန်တင်ပို့မှုမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၁၃ ဒသမ ၁၇၉ သန်း လျော့ကျခဲ့သည်။

နယ်စပ်မှသွင်းကုန်တင်သွင်းမှုအနေဖြင့် လက်ရှိဘဏ္ဍာနှစ် နှစ်လနီးပါးအတွင်း ဒေါ်လာ ၂၆၇ ဒသမ ၃၇၇ သန်း တင်သွင်းထားသည်။ ယခင်နှစ်ကာလတူက ဒေါ်လာ ၄၁၀ ဒသမ ၆၄၅ သန်းရှိသည်။ အဆိုပါ ကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ် နှစ်လနီးပါးအတွင်းမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၄၃ ဒသမ ၂၆၈ သန်း လျော့ခဲ့သည်။

နှစ်အလိုက် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအခြေအနေအရ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရာခိုင်နှုန်း ၇၀ နီးပါးနှင့် နယ်စပ်ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၃၀ ကျော် ဆောင်ရွက်နေခြင်းဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ၆၆ ရာခိုင်နှုန်းကျော်နှင့်  နယ်စပ်ကုန်သွယ်မှုမှ ၃၃ ရာခိုင်နှုန်းကျော် ပါဝင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

နယ်စပ်ကုန်သွယ်မှုပမာဏ စုစုပေါင်း၏ ၄၅ ရာခိုင်နှုန်းခန့်ကို မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာ-တရုတ်နယ်စပ်တွင် မူဆယ်နယ်စပ်သည် အကြီးဆုံးကုန်သွယ်ရေးစခန်းတစ်ခုဖြစ်ပြီး ကြီးမားသည့်စျေးကွက်ရှိသည့် တရုတ်နိုင်ငံသို့ နယ်စပ်မှတစ်ဆင့် ပို့ကုန် အများဆုံးတင်ပို့နေသည့် ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည်။ အဓိကအားဖြင့် လယ်ယာထွက်ကုန်များ၊ သစ်သီးဝလံများ စသည်တို့ကို တင်ပို့နေခြင်းဖြစ်သည်။

မူဆယ်နယ်စပ်တွင် ယခင်က တစ်ရက်လျှင် ပုံမှန်အားဖြင့် ပျှမ်းမျှကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅ သန်းနီးပါး ရှိခဲ့သော်လည်း COVID-19 ကြောင့် တစ်ရက်လျှင် ကုန်သွယ်မှု ဒေါ်လာငါးသန်းနှင့် ခြောက်သန်း ကြားသာ ကုန်သွယ်မှု ရှိတော့သည်။

COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားလာသည့် ၂၀၂၀ ပြည့် နှစ်မှစ၍ တရုတ်ဘက်မှ နယ်စပ်ကုန်သွယ်ရေးကို တဖြည်းဖြည်းတင်းကျပ်လာခဲ့သည်။ နယ်စပ်ကုန်သွယ်မှုရပ်ဆိုင်းလုနီးပါးအခြေအနေများအထိ ဖြစ်ပေါ်ခဲ့သဖြင့် ကုန်သည်များနှင့် တောင်သူများ အထိနာနေခဲ့သည်မှာ တစ်နှစ်ခွဲကျော် နှစ်နှစ်နီးပါးရှိလာပြီဖြစ်သည်။

မြန်မာ တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်ပေါက်များကို တရုတ်နိုင်ငံက ယခုနှစ်ဆန်းပိုင်းမှစတင်၍ COVID-19 ရောဂါအကြောင်း ပြချက်ဖြင့် ပိတ်ထားခဲ့ရာ မူဆယ်နယ်စပ်ဂိတ်ပေါက်တစ်ခုဖြစ်သည့်  ကျင်ဆန်းကျော့ယာယီဂိတ်အား တရားဝင်နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာန၊ ဒေသဆိုင်ရာအာဏာပိုင်များနှင့် သက်ဆိုင်ရာ အသင်းအဖွဲ့များက ၀ိုင်းဝန်းဆောင်ရွက်နေခြင်းဖြစ်သည်။

ထိုသို့ဆောင်ရွက်နေစဉ်အတွင်း နှစ်နိုင်ငံအလွတ်သဘော သဘောတူညီမှု၌ နှစ်နိုင်ငံကုန်သွယ်မှု ညီမျှစေရန် ညွှန်ကြားချက်နှင့်အညီ ပေ ၄၀ ကွန်တိန်နာ Box ဖြင့် တရုတ်နိုင်ငံဘက်က ဆိုင်ကယ်နှင့် ဆိုင်ကယ် အပိုပစ္စည်း တင်ဆောင်ထားသော ကွန်တိန်နာ Box ငါးခုနှင့် မြန်မာဘက်က ဆန်၊ ဆန်ကွဲ၊ ပဲ၊ နှမ်း၊ ရော်ဘာ တင်ဆောင်ထားသော ကွန်တိန်နာ Box ငါးခုဖြင့် နိုဝင်ဘာ၂၆ ရက်၌ စမ်းသပ်ဖွင့်လှစ်ခဲ့သည်။

COVID-19 ကပ်ရောဂါစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ် အစောပိုင်းကာလမှ စတင်ကာ တုံ့ဆိုင်းနေခဲ့သည့်မူဆယ်နယ်စပ်ကုန်သွယ်မှုမှာ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၆ ရက်တွင် ကွန်တိန်နာဖြင့် ကုန်တင်ပို့တင်သွင်းမှုစတင်လုပ်ကိုင်ခဲ့သည်။

သို့သော်လည်း ထိုသို့ စမ်းသပ်ဖွင့်လှစ်မှုအပိုင်း၌ ကွန်တိန်နာစနစ်နှင့် ရှန်တိန်အစားထိုးယာဉ်မောင်းစနစ်တို့ ပါဝင်လာခြင်းဖြစ်ရာ ထိုစနစ်အပေါ်၌ ကုန်ကျစရိတ် အဆမတန် မြင့်တက်လာခြင်းများရှိခြင်း‌ကြောင့်  ကုန်သည်လုပ်ငန်းရှင်များ အသင်းအဖွဲ့များက ကုန်ကျစရိတ် နည်းနိုင်သမျှနည်းအောင် လျှော့ချပေးနိုင်ရန် အကြံပြုဆွေးနွေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ လူဦးရေ၏ ရာခိုင်နှုန်း ၇၀ ခန့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်နေကြသည်။ ဆန်၊ ပဲ၊ ပြောင်း၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ စသည့်ရာသီအလိုက်သီးနှံများ စိုက်ပျိုးထုတ်လုပ်တင်ပို့ကာ အသက်မွေးဝမ်းကျောင်း ပြုနေကြသည်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းသည် လယ်ယာထွက်ကုန်၊ သစ်သီးဝလံများကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေသည့် မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုဖြစ်သဖြင့် မူဆယ်နယ်စပ်မှ ကုန်သွယ်မှုသည် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍအတွက် အဓိကကျသည့်အခန်းကဏ္ဍမှပါဝင်လျက် ရှိသည်။

နယ်စပ်ကုန်သွယ်မှုတွင် အဓိကကျသည့် မူဆယ်အပါအဝင် နယ်စပ်ကုန်သွယ်ရေးစခန်းအများစု ကုန်သွယ်မှုလျော့ကျနေခြင်းက မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့နိုင်မှုအတွက် ကောင်းသည့်အလားအလာ မဖြစ်နိုင်သကဲ့သို့ ယင်းပို့ကုန်များအပေါ် မှီခိုနေရသည့်စိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့်လုပ်ငန်းရှင်များ  များစွာထိခိုက်နစ်နာကာ မြန်မာနိုင်ငံ၏ စီးပွားရေးတွင် လယ်ယာကုန်ထုတ်လုပ်မှုကဏ္ဍမှာ နစ်နာဆုံးရှုံးမှု များစွာရှိနေခြင်းဖြစ်သည်။

သို့သော်လည်း ရေရှည်ဆောင်ရွက်နိုင်မည့် ပုံမှန်ကုန်သွယ်မှုလမ်းစ ပြန်ရရန်အတွက်မူ ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်ရဦးမည်ဖြစ်ကြောင်း နယ်စပ်ကုန်သည်များက သုံးသပ်ပြောကြားခဲ့သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လအမျိုးသားစီမံကိန်း၏ အရေးကြီးသည့် ရည်မှန်းချက်များမှာ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ပုံမှန်စျေးနှုန်းအရ ၃ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ရန်၊ ကဏ္ဍအလိုက် တိုးတက်မှုနှုန်းများမှာ ပုံမှန်စျေးနှုန်းအရ  (၁) လယ်ယာကဏ္ဍတွင် ၂ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်ရန်၊ (၂) သားငါးကဏ္ဍတွင် သုံးရာခိုင်နှုန်း တိုးတက်ရန်၊  (၃) သစ်တောကဏ္ဍတွင် ၁၂ ဒသမ ၈ ရာခိုင်နှုန်း လျော့နည်းဖြစ်ပေါ်ရန်၊ (၄) စွမ်းအင်ကဏ္ဍတွင် ၂ ဒသမ ၉ ရာခိုင်နှုန်း လျော့နည်းဖြစ်ပေါ်ရန်၊ (၅) သတ္တုနှင့်တွင်းထွက်ပစ္စည်းကဏ္ဍတွင် ၉ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ရန်၊  (၆)စက်မှု လက်မှုကဏ္ဍတွင် ၅ ဒသမ ၂  ရာခိုင်နှုန်း တိုးတက်ရန်၊ (၇) လျှပ်စစ်ဓာတ်အား ကဏ္ဍတွင် ၉ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ရန်၊ (၈) ဆောက်လုပ်မှုကဏ္ဍတွင် ၁ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ရန်၊ (၉) ပို့ဆောင်ရေးကဏ္ဍတွင် ၅ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ရန်၊ (၁၀) ဆက်သွယ်ရေးကဏ္ဍတွင်  ၇ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ရန်၊ (၁၁) ငွေရေးကြေးရေးကဏ္ဍတွင် ၁၂ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ရန်၊ (၁၂) လူမှုရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍ၌ သုည ဒသမ ၃ ရာခိုင်နှုန်းတိုးတက်ရန်၊ (၁၃) အခြားဝန်ဆောင်မှုကဏ္ဍတွင် ၄ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်ရန်  စသည်တို့ကို မျှော်မှန်းထားသည်။

ထို့ပြင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လအမျိုးသားစီမံကိန်း၌ ကုန်သွယ်မှုကဏ္ဍတွင် ၄ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားကြောင်း ဖော်ပြထားသည်။

Most Read

Most Recent