ကုမ္ပဏီ/အဖွဲ့အစည်းအမည်ဖြင့် သီးခြားငွေစာရင်း (Corporate Account) ဖွင့်လှစ်ရန် ညွှန်ကြားခြင်းနှင့် ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းအမျိုးအစားရှစ်ခုတွင် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်း

ကုမ္ပဏီ/အဖွဲ့အစည်းအမည်ဖြင့် သီးခြားငွေစာရင်း (Corporate Account) ဖွင့်လှစ်ရန် ညွှန်ကြားခြင်းနှင့် ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းအမျိုးအစားရှစ်ခုတွင် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်း
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးကို တွေ့ရစဉ်
Published 28 November 2021

ကုမ္ပဏီ/အဖွဲ့အစည်းအမည်ဖြင့် သီးခြားငွေစာရင်း (Corporate Account) ဖွင့်လှစ်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၂ ရက်စွဲဖြင့် ညွှန်ကြားချက်အမှတ် (၁၃၆/၂၀၂၁) ကို ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ဖွဲ့ စည်းတည်ထောင်ထားသည့် အချို့သောကုမ္ပဏီ/အဖွဲ့အစည်းများသည် ငွေကြေးဆိုင်ရာကိစ္စများတွင် ဘဏ်များ၌ သီးခြားငွေစာရင်း ဖွင့်လှစ်ဆောင်ရွက်မှုမပြုဘဲ ဒါရိုက်တာများ၏ ဘဏ်ငွေစာရင်းကိုအသုံးပြု၍ လုပ်ငန်းဆောင်ရွက်နေ ကြသည်ကို တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၅ (က)အရ ကုမ္ပဏီသည် ၎င်းတွင် ပါဝင်သူများ၏ အခွင့်အရေးနှင့် သီးခြားဖြစ်သော ကိုယ်ပိုင်အခွင့်အရေးများရှိသည့် တရားဝင်အဖွဲ့အစည်းတစ်ရပ် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသဖြင့် ကုမ္ပဏီတိုင်းအနေဖြင့် သီးခြားဘဏ်ငွေစာရင်း ထားရှိရမည်ဖြစ်သည်။

သို့ဖြစ်ပါ၍ ကုမ္ပဏီ/အဖွဲ့အစည်းများအနေဖြင့် ငွေကြေးဆိုင်ရာကိစ္စများ ဆောင်ရွက်ရာတွင် ကုမ္ပဏီ/အဖွဲ့အစည်းများအနေဖြင့် သီးခြားဘဏ်ငွေစာရင်း (Corporate Account) ဖွင့်လှစ်၍ ဆောင်ရွက်ကြရန် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၄၆၂ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၂) အရ အပ်နှင်းထားသည့် အခွင့်အာဏာများကို ကျင့်သုံး၍ ယခုညွှန်ကြားချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုညွှန်ကြားချက်သည် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီ/အဖွဲ့အစည်းအားလုံးနှင့် သက်ဆိုင်စေရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးစားပေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်း

လျှပ်စစ်ယာဉ်များထုတ်လုပ်သည့်လုပ်ငန်း၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစားရှစ်မျိုးကို ဦးစားပေးဆောင်ရွက်မည်ဖြစ်သဖြင့်  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ထားသည်။

MIC အနေဖြင့် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများကို အဆိုပြုလွှာတင်ပြလာပါက ဦးစားပေးဆောင်ရွက်မည်ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် အဆိုပြုလွှာများ တင်ပြကြရန် ဖိတ်ခေါ်ထားသည်။

ယင်းလုပ်ငန်းများမှာ ဓာတ်မြေသြဇာထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ဘိလပ်မြေထုတ်လုပ်ခြင်းလုပ်ငန်းများ၊ သံမဏိထုတ်လုပ်ခြင်းလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်း၊အဆိုပါ လုပ်ငန်းများနှင့် ဆက်စပ်သည့်လုပ်ငန်းများ၊ တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊လျှပ်စစ်ယာဉ်များ ထုတ်လုပ်သည့်လုပ်ငန်းများ၊ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ ပစ္စည်းထုတ်လုပ်မှု လုပ်ငန်းများ၊ အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဖြစ်သည်။

အထက်ပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ကဏ္ဍများတွင် စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အဆိုပြုလွှာတင်ပြလာပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ကလည်း လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဟု သိရသည်။

အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊အမှတ်- ၁ ၊သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်၊ ဖုန်း ၀၁-၆၅၈၁၃၂၊ ၀၉၂၀၁၃၈၂၁ email: dica@mptmail.net.mm နှင့် dica.ip.mm@gmail.com တို့ကို ဆက်သွယ်နိုင်ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၁၂၁ သန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး စက်မှုကဏ္ဍတွင် ဒေါ်လာ ၂၈၆ သန်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ကာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃ သန်းကျော်ဖြင့်  တတိယအများဆုံးဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေး ခုနစ်ကြိမ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေး ၇၄ ကြိမ် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုလုပ်ငန်း ၂၂ ခု၊ အတည်ပြုလုပ်ငန်း ၂၆ ခု၊ စုစုပေါင်း ၄၈ ခု ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၇၉၁ ဒသမ ၃၉၈ သန်း ခွင့်ပြုခဲ့သည်။

အဆိုပါလုပ်ငန်းများအနက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုလုပ်ငန်း ၂၂ ခု၊ အတည်ပြုလုပ်ငန်းလေးခုကို ခွင့်ပြုပေးခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီများက အတည်ပြုလုပ်ငန်း ၂၂ ခုကို ခွင့်ပြုပေးခဲ့သည်။ အဆိုပါလုပ်ငန်းများက ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၃၉၅၆ ဦးကို ဖန်တီးပေးခဲ့ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၁၂၁ ဒသမ ၃၂၃ သန်းဖြင့် အများဆုံးဖြစ်ပြီး စက်မှုကဏ္ဍတွင် ဒေါ်လာ ၂၈၆ ဒသမ ၀၂၃ သန်းဖြင့် ဒုတိယအများဆုံးဖြစ်ကာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃  ဒသမ ၅၀၀ သန်းဖြင့် တတိယအများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျန်ကဏ္ဍများမှ အခြားဝန်ဆောင်မှုကဏ္ဍ ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ စက်မှုဇုန်တည်ဆောက်မှုကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် အိမ်ရာအဆောက်အအုံ တည်ဆောက်မှုကဏ္ဍတို့တွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခဲ့သည်။

အထူးစီးပွားရေးဇုန် ဥပဒေအရ  ၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၁၀၂ ဒသမ ၀၆၃ သန်း ဖြစ်သည်။ထို့ကြောင့်  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၈၉၃ ဒသမ ၄၆၁ သန်းဖြစ်သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၄ ဒသမ ၈၈၃ သန်း ဝင်ရောက်မှုတွင် တရုတ်နိုင်ငံက ဒေါ်လာခုနစ်သန်းကျော်ဖြင့် အများဆုံးဖြစ်သည်။

အောက်တိုဘာလအတွင်း နိုင်ငံအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေဖြင့် တရုတ်နိုင်ငံက ဒေါ်လာ ၇ ဒသမ ၁ သန်း၊ တိုင်ပေက ဒေါ်လာ ၃ ဒသမ ၂၀၈ သန်း၊ R.O.K က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၃ ဒသမ ၀၇၅ သန်း၊ နီပေါက ဒေါ်လာ ၁ ဒသမ ၅ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၁၄ ဒသမ ၈၈၃ သန်း ဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်များ

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့နေသည့်ပို့ကုန်များအနက် CMP လက်ခစားစနစ်ဖြင့် အထည်ချုပ်ကဏ္ဍမှ ဒေါ်လာ ၃၆၀၉ သန်း ကျော်ဖြင့် အများဆုံးဖြစ်ပြီး သဘာဝဓာတ်ငွေ့မှာ ဒေါ်လာ ၃၁၁၉ သန်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်် အောက်တိုဘာမှ စက်တင်ဘာလကုန်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့နေသည့် ပို့ကုန်များအနက် CMP လက်ခစားစနစ်ဖြင့် အထည်ချုပ်ကဏ္ဍမှ ဒေါ်လာ ၃၆၀၉ ဒသမ ၆၃ သန်း၊ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၃၁၁၉ ဒသမ ၈၇ သန်း၊ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၇၀၀ ဒသမ ၁၃ သန်း ရရှိခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်အများဆုံး တင်ပို့ထားသည့် ၁၀ နိုင်ငံစာရင်းတွင် တရုတ်နိုင်ငံသို့ ဒေါ်လာ ၄၉၀၅ ဒသမ ၈၀ သန်းဖြင့် အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံသို့ ဒေါ်လာ ၃၁၇၂ ဒသမ ၂၆ သန်းဖြင့် ဒုတိယအများဆုံးဖြစ်ကာ အစဉ်လိုက် ရပ်တည်နေသည်။

ဂျပန်နိုင်ငံသို့ ဒေါ်လာ ၉၄၄ ဒသမ ၂၁ သန်း၊ အိန္ဒိယနိုင်ငံသို့ ဒေါ်လာ ၈၃၆ ဒသမ ၃၇ သန်း၊အမေရိကန်သို့ ဒေါ်လာ ၆၂၀ ဒသမ ၅၉ သန်း၊ ဂျာမနီနိုင်ငံသို့ ဒေါ်လာ ၄၂၆ ဒသမ၂၅ သန်း၊စပိန်နိုင်ငံသို့ ဒေါ်လာ ၄၁၁ ဒသမ ၇၁ သန်း၊ U.K သို့ ဒေါ်လာ ၃၈၅ ဒသမ ၄၀ သန်း၊ နယ်သာလန်သို့ ဒေါ်လာ ၃၆၆ ဒသမ ၁၈ သန်း၊ တောင်ကိုရီးယားသို့ ဒေါ်လာ ၃၀၅ ဒသမ ၇၆ သန်း တင်ပို့ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံး တင်သွင်းထားသည့် ၁၀ နိုင်ငံတွင် တရုတ်နိုင်ငံမှ ဒေါ်လာ ၄၆၄၇ သန်းကျော်၊ စင်ကာပူမှ ဒေါ်လာ ၂၆၀၄ သန်းကျော်နှင့်ထိုင်းနိုင်ငံမှ ဒေါ်လာသန်း ၁၉၈၀ ကျော်ဖြင့် အစဉ်လိုက် ရပ်တည်နေသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိအတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံး တင်သွင်းထားသည့် နိုင်ငံများတွင် တရုတ်၊စင်ကာပူ၊ထိုင်း၊ အင်ဒိုနီးရှား၊မလေးရှား၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ ဂျပန်နှင့် အမေရိကန်တို့ဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့  သွင်းကုန်အများဆုံး တင်သွင်းမှုအနေဖြင့် တရုတ်နိုင်ငံမှ ဒေါ်လာ ၄၆၄၇ ဒသမ ၁၀ သန်း၊ စင်ကာပူမှ ဒေါ်လာ ၂၆၀၄ ဒသမ ၂၂ သန်း၊ ထိုင်းနိုင်ငံမှ ဒေါ်လာ ၁၉၈၀ ဒသမ ၈၉ သန်း၊အင်ဒိုနီးရှားနိုင်ငံမှ ၁၁၆၄ ဒသမ ၅၁ သန်း၊ မလေးရှားနိုင်ငံမှ ဒေါ်လာ ၇၈၇ ဒသမ ၃၄ သန်း၊အိန္ဒိယနိုင်ငံမှ ဒေါ်လာ ၃၈၆ ဒသမ ၅၄ သန်း၊ တောင်ကိုရီးယားနိုင်ငံမှ ဒေါ်လာ ၃၇၆ ဒသမ ၈၅ သန်း၊ ဗီယက်နမ်နိုင်ငံမှ  ၅၈ သန်း၊ ဂျပန်နိုင်ငံမှ ဒေါ်လာ ၃၅၂ ဒသမ ၄၆ သန်းနှင့် အမေရိကန်မှ ဒေါ်လာ၂၂၇ ဒသမ ၃၂ သန်း တင်သွင်းထားသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ နိုဝင်ဘာ ၅ ရက်အထိ တစ်လကျော်အတွင်း နယ်စပ်ကုန်သွယ်မှု ဒေါ်လာ ၁၀၇၇ သန်းကျော် ရရှိခဲ့သော်လည်း လက်ရှိ Mini Budget ကာလတူအတွင်း  ဒေါ်လာ ၅၄၅ သန်းကျော်သာ ရရှိခဲ့သဖြင့် ယခင်နှစ်ကာလတူထက် ထက်ဝက်နီးပါး လျော့ကျလျက်ရှိသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ  နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅၄၅ ဒသမ ၈၆၅ သန်း ရရှိခဲ့သည်။ယခင်နှစ်ကာလတူက ဒေါ်လာ ၁၀၇၇ ဒသမ ၉၇၆ သန်း ရရှိခဲ့သည်။

အဆိုပါ ကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိ Mini Budget တစ်လကျော်အတွင်း နယ်စပ်ကုန်သွယ်မှုမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၅၃၂ ဒသမ ၁၁၁ သန်း လျော့ကျခဲ့သည်။

Most Read

Most Recent