စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် ရွာသစ်ကျေးရွာတွင် ဒလန်ဟုစွပ်စွဲချက်ကြောင့် တိမ်းရှောင်နေသူရများအနက် သုံးဦးအသတ်ခံရပြီး ၎င်းတို့အားလက်ခံနေထိုင်ခွင့်ပေးထားသည့် ဘုန်းကြီးကျောင်းရှိ ကျောင်းဆောင်တစ်လုံးမီးရှို့ခံရကြောင်း သိရသည်။
နိုဝင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းတွင် ခင်ဦးမြို့နယ် ရွာသစ်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ သေနတ်၊ ဓားများကိုယ်စီကိုင်ဆောင်ထားသည့် PDF အင်အား ၅၀ ခန့်က ရောက်ရှိလာပြီး အဆိုပါဘုန်းကြီး ကျောင်းဝင်းအတွင်းရှိ ရှောင်တိမ်းနေထိုင်သူများအနက် အချို့အား သတ်ဖြတ်ကာ ဘုန်းကြီးကျောင်းအား မီးရှို့ဖျက်ဆီးသွားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
အဆိုပါ မီးရှို့ခံရမှုကြောင့် ရွာသစ်ကုန်း ဘုန်းကြီးကျောင်းဆောင်တစ်လုံးနှင့်ပစ္စည်းထားသိုသည့် စတိုခန်းတစ်လုံးတို့ မီးလောင်ပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်းအတွင်း ရှောင်တိမ်းနေထိုင်လျက်ရှိသည့် အဆိုပါကျေးရွာနေသူများဖြစ်သည့် ဦးကုလား (ခ) ဦးတင်မျိုး မောင် (၃၇) နှစ်တွင် ရင်ညွန့်ထိုးသွင်းဒဏ်ရာတစ်ချက်၊ ဦးအုန်းကွန့် (၆၅) နှစ်တွင် လည်ဂုတ်ပြတ် ရှဒဏ်ရာနှစ်ချက်၊ ဝဲလက်ချောင်း များပြတ်ရှဒဏ်ရာများ၊ ဦးမာ (၇၀) နှစ်တွင် ရင်ညွန့်ကျည်ထိမှန် ဒဏ်ရာတစ်ချက်တို့ရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။
ထိုသို့ သေဆုံးခဲ့သူများနှင့် ကျောင်းဝင်းအတွင်း နေထိုင်လျက်ရှိသော အိမ်ထောင်စုငါးစု၊ လူဦးရေ အမျိုးသားလေးဦး၊ အမျိုးသမီး ၁၃ ဦး၊ ပေါင်း ၁၇ ဦးတို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ခေါ်ဆောင်၍ ခင်ဦး-ရေဦး ကားလမ်းအတိုင်း ရေဦးမြို့သို့ ထွက်ခွာလာခဲ့ရာ မကျီးတောကျေးရွာထိပ် ကြာပန်းအဝိုင်း လမ်းဆုံအရောက်တွင် လမ်း၏ယာဘက်ခြမ်းမှ လက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရပြီး ယာဉ်နှင့်လူထိခိုက်ပျက်စီးမှုမရှိဘဲ ည ၉ နာရီခွဲအချိန်တွင် ရေဦးမြို့သို့ ရောက်ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
အလားတူ အထက်ပါဖြစ်စဉ်မပါဘဲ နိုဝင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ခင်ဦးမြို့နယ်တွင် သတင်းပေးဒလန်နှင့် ပျူစောထီးအဖွဲ့၌ ပါဝင်သည်ဟုစွပ်စွဲချက်ဖြင့် ခင်ဦးမြို့ အောင်ချမ်းသာရပ်ကွက်မှ အမျိုးသားတစ်ဦး၊ ကုလားလူးကျေးရွာမှ အမျိုးသားတစ်ဦး၊ ရှားလွင်ကျေးရွာမှ အမျိုးသားတစ်ဦး၊ ငါးတင်းကြီးကျေးရွာမှ အမျိုးသားတစ်ဦး၊ အုန်းပင်ကုန်းကျေးရွာမှ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
အဆိုပါဒေသခံငါးဦးသည် ဒလန်နှင့်ပျူစောထီးအဖွဲ့ဝင်အဖြစ် လုပ်ဆောင်နေခြင်းကြောင့် ၎င်းတို့အဖွဲ့က သတ်ဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ် တောကြီးမြွေဟောက်ဆိုသည့်အဖွဲ့က အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။
ခင်ဦးမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အပါအဝင် သတင်းပေးဒလန်နှင့် ပျူစောထီးအဖွဲ့ဝင်များဟု စွပ်စွဲခံရပြီး မကြာခဏ လုပ်ကြံသတ်ဖြတ်ခြင်းခံနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။















