နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းနှင့်ပြည်နယ် ကိုးခုမှ မြို့နယ်၂၈ မြို့နယ်ကို နိုဝင်ဘာ ၂၅ ရက်မှစ၍ Stay at Home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က နိုဝင်ဘာ ၂၄ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် နေပြည်တော်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များအတွင်းရှိ သက်ဆိုင်ရာ မြို့နယ်များမှ ရောဂါကူးစက် များပြားသော မြို့နယ်များအတွင်းရှိ ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရေး Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း အမိန့်များ ထုတ်ပြန် ကြေညာခဲ့သည်။
သို့သော် သက်ဆိုင်ရာ မြို့နယ်များအတွင်း နေထိုင်သည့် ပြည်သူများအနေဖြင့် ကိုဗစ်ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များကို တိကျစွာလိုက်နာသဖြင့် ပြီးခဲ့သည့် နှစ်ပတ်အတွင်း ကိုဗစ်ဓာတ်ခွဲ အတည်ပြုလူနာ ထပ်မံတွေ့ရှိမှု လျော့နည်းလာခြင်း၊ ဓာတ်ခွဲအတည်ပြု လူနာများမှာလည်း တစ်ဦးမှ တစ်ဦးသို့ အစုလိုက် ကူးစက်ဖြစ်ပွားမှု လျော့နည်းလာခြင်း၊ Stay at Home အစီအစဉ် ဆောင်ရွက်နေစဉ် ကာလအတွင်း ကျန်းမာရေး အသိပညာမြှင့်တင်ခြင်း လုပ်ငန်းများအား သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပြည်သူများက အလေးထား ဆောင်ရွက်ခဲ့ခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ဆက်စပ်ခဲ့သူ အားလုံးကို ရှာဖွေဖော်ထုတ်၍ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာတွင်လည်း ပြီးခဲ့သည့် နှစ်ပတ်အတွင်း ထပ်မံတွေ့ရှိရမှု လျော့နည်းလာသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းနှင့်ပြည်နယ် ကိုးခုမှ မြို့နယ်၂၈ မြို့ နယ်ကို နိုဝင်ဘာ ၂၅ ရက်မှစ၍ Stay at Home အစီအစဉ်တွင် အကျုံးဝင်ခြင်း မှ ပယ်ဖျက်လိုက်ကြောင်း ဖော်ပြထားသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နေပြည်တော်ကောင်စီနယ်မြေတွင် လေးမြို့နယ်၊ ကချင်ပြည်နယ်တွင် လေးမြို့နယ်၊ ကယားပြည်နယ်တွင် တစ်မြို့နယ်၊ ကရင်ပြည် နယ်တွင် တစ်မြို့နယ်၊ ချင်းပြည်နယ်တွင် တစ်မြို့နယ်၊ မကွေးတိုင်းတွင် တစ်မြို့နယ်၊ မန္တလေးတိုင်းတွင် ခြောက်မြို့နယ်၊ မွန်ပြည်နယ်တွင် တစ်မြို့နယ်၊ ရှမ်းပြည်နယ်တွင် ကိုးမြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။
Stay at Home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်လိုက်သည် မြို့နယ်များမှာ နေပြည်တော်ကောင်စီနယ်မြေမှ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် တပ်ကုန်းမြို့နယ်၊ ကချင်ပြည်နယ်မှ ရွှေကူမြို့နယ်၊ မိုးကောင်းမြို့နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် ၀ိုင်းမော်မြို့နယ်၊ ကယားပြည်နယ် မှ လွိုင်ကော်မြို့နယ်၊ ကရင်ပြည်နယ်မှ မြဝတီမြို့နယ်၊ ချင်းပြည်နယ်မှ တီးတိန်မြို့နယ်၊ မကွေးတိုင်းမှ နတ်မောက်မြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ မိတ္ထာမြို့နယ်၊ ငါန်းဇွန်မြို့နယ်နှင့် တောင်သာမြို့နယ်၊ မွန်ပြည်နယ် မှ ချောင်းဆုံမြို့နယ်၊ ရှမ်းပြည်နယ်မှ နောင်ချိုမြို့နယ်၊ သီပေါမြို့နယ်၊ ကျိုင်းတုံမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ရပ်စောက်မြို့နယ်၊ မူဆယ်မြို့နယ်၊ လားရှိုးမြို့နယ် နှင့် လောက်ကိုင်မြို့နယ် တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါမြို့နယ်များအား Stay at Home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်ပြီး နောက်ပိုင်းတွင်လည်း ကျန်းမာရေးဝန်ကြီးဌာမှ ထုတ်ပြန်ထားသော ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် သက်ဆိုင်သည့် စည်းကမ်းချက်များကို တိကျစွာလိုက်နာကြရမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။















