မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်ခံစားနေရသည့် ပြည်သူ ၁၅၀၀၀ ကျော်အတွက် ယူရိုသုံးသိန်း ထပ်ဆောင်းကူညီမည်ဟု EU ထုတ်ပြန်

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်ခံစားနေရသည့် ပြည်သူ ၁၅၀၀၀ ကျော်အတွက် ယူရိုသုံးသိန်း ထပ်ဆောင်းကူညီမည်ဟု EU ထုတ်ပြန်
ထန်တလန်မြို့တွင် နေအိမ်များ မီးလောင်နေသည်ကို တွေ့ရစဉ် (Photo: TWITTER via The Straits Times/ANN)
ထန်တလန်မြို့တွင် နေအိမ်များ မီးလောင်နေသည်ကို တွေ့ရစဉ် (Photo: TWITTER via The Straits Times/ANN)
Published 23 November 2021

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်ခံစားနေရသည့် ပြည်သူ ၁၅၀၀၀ ကျော်အတွက် ယူရို သုံးသိန်း ထပ်ဆောင်းကူညီမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ (EU) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် EU အနေဖြင့် လတ်တလော ရပ်သတ္တပတ်များအတွင်း ပိုမိုအရှိန်အဟုန် ပြင်းထန်လာသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်ခံစားရသော ပြည်သူလူထုအတွက် အရေးပါသည့် ထောက်ပံ့ကုညီမှုများ ပေးအပ်ရန်ရည်ရွယ်၍ လူသားချင်းစာနာထောက်ထားမှုအကူအညီ ရန်ပုံငွေ ယူရို ၃၀၀၀၀၀ (မြန်မာကျပ်ငွေ သန်း ၆၀၀ ကျော်) ခွဲဝေချမှတ်လိုက်ကြောင်း ဖော်ပြထားသည်။

ပဋိပက္ခဘေးဒုက္ခများကို အဆိုးရွားဆုံး ထိခိုက်ခံစားနေရသော ပြည်နယ်အချို့ရှိ လူဦးရေ ၁၅၀၀၀ ကျော်အတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ ပဋိပက္ခများကို တုံ့ပြန်ဆောင်ရွက်သည့် အနေဖြင့် ယခုနှစ်အစောပိုင်းတွင် ခွဲဝေချထားပေးခဲ့သော ယူရို ၂၄ သန်းအပြင် ယခုရန်ပုံငွေကို ထပ်ဆောင်းချထားပေးခြင်းဖြစ်ကြောင်း ပါရှိသည်။

မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုအကူအညီ ပရိုဂရမ်များကို စီမံကြီးကြပ်သူ လုခ်ဗာနာက “ပိုပြီး အရှိန်အဟုန်ပြင်းထန်လာတဲ့ စစ်ပွဲတွေဟာ ဟိုးအရင်ကတည်းက ဆိုးရွားလွန်းနေတဲ့ လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေကို ပိုပြီးဆိုးရွားစေတာကြောင့် မပြီးပြတ်သေးတဲ့ ပြည်တွင်းပဋိပက္ခဒဏ်တွေကို ကာလရှည်ကြာထိခိုက်ခံစားနေရတဲ့ ပြည်သူလူထုအတွက် တစ်ပူပေါ် နှစ်ပူဆင့်စေပါတယ်” ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက “ကျွန်တော်တို့ရဲ့ ထပ်ဆောင်းကူညီထောက်ပံ့မှုဟာ မြေပြင်ပေါ်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အကူအညီအလိုအပ်ဆုံးသူတွေရဲ့ အလိုအပ်ဆုံးအရာတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဥရောပသမဂ္ဂ၏ ရန်ပုံငွေသည် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများနှင့် နေရပ်ပြန်သူများ အပါအဝင် ပဋိပက္ခဘေးဒဏ်သင့် ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော အကူအညီများ ပေးအပ်ရန် ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ကြားဝင်ဆောင်ရွက်မှုသည် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ၊ အခြေခံရှေးဦးသူနာပြုပစ္စည်းများအပြင် သန့်ရှင်းသော ရေနှင့် မိလ္လာ၊ အဆောက်အအုံများ သုံးစွဲခွင့်ရရှိရေးတို့အတွက် အဓိကပံ့ပိုးပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုဗစ်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်သောဆောင်ရွက်ချက်များကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ပြီး သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ ကလေးငယ်များနှင့် အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုများအတွက် အထူးအလေးပေး ကူညီထောက်ပံ့ပေးမည်ဖြစ်သည်။

ထိုသို့ ထပ်ဆောင်းကူညီမည့်အစီအစဉ်အတွက် ဥရောပသမဂ္ဂ ရန်ပုံငွေကို ဥရောပအရပ်ဘက် ကာကွယ်ရေးနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ဥရောပကောင်စီ (ECHO) ၏ အသေးစားတုံ့ပြန်ဆောင်ရွက်မှု ရန်ပုံငွေမှတစ်ဆင့် ပေးအပ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ 

Most Read

Most Recent