မြေနုကျွန်းပေါ်မှ ဆောင်းသီးနှံစိုက်ပျိုးရာသီ ရောက်ရှိပြီ

မြေနုကျွန်းပေါ်မှ ဆောင်းသီးနှံစိုက်ပျိုးရာသီ ရောက်ရှိပြီ
မြေနုကျွန်းပေါ်တွင် ဆောင်းသီးနှံစိုက်ပျိုးရန် ထွန်ယက်နေသည်ကို တွေ့ရစဉ်
မြေနုကျွန်းပေါ်တွင် ဆောင်းသီးနှံစိုက်ပျိုးရန် ထွန်ယက်နေသည်ကို တွေ့ရစဉ်
Published 22 November 2021
အောင်သူငြိမ်း

မိုးအကုန် ဆောင်းအကူး သီတင်းကျွတ်ကာလ ရောက်ရှိသည်နှင့် ရေကျပြီးစ မြစ်ချောင်းများပေါ်ရှိ မြေနုကျွန်းစိုက်ခင်းများကို စတင်အသက်သွင်းလေ့ရှိကြသည်။ မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်နှင့် ထိုမြစ်အတွင်း စီးဝင်သည့် ချောင်းများတစ်လျှောက်ရှိ မြေနုကျွန်းများပေါ်တွင် ဟင်းသီးဟင်းရွက်နှင့် သီးနှံစိုက်ခင်းများကို မြစ်ရေကျသည့် အခြေအနေပေါ် မူတည်၍ သီတင်းမကျွတ်မီကာလကပင် စတင်ကြသည်များလည်း ရှိကြသည်။

မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အများစုသည် ယခုနှစ်မိုးနှောင်းကာလတွင် အပူပိုင်းမိုးနည်းရပ်ဝန်းဒေသတွင် ပါဝင်သော်လည်း မိုးလယ်ပိုင်းမှ မိုးနှောင်းပိုင်းအထိ စံချိန်တင် မိုးအားကောင်းခဲ့သည်။ ထိုသို့ မိုးအားကောင်းလွန်းမှုကြောင့် ဧရာဝတီမြစ်နှင့် ထိုမြစ်အတွင်း စီးဝင်သည့် မုန်းချောင်း၊ မန်းချောင်း၊ ပင်းချောင်းတိုု့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် ထိုချောင်းများနှင့် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ မြေနုုကျွန်းစိုက်ခင်းများကို နှစ်ကြိမ်မှသုံးကြိမ်အထိ ပြန်လည်စိုက်ပျိုးရသည်များလည်း ရှိခဲ့သည်။

“ကျွန်တော်တို့ ကိုင်းစိုက်တောင်သူတွေရဲ့ အယူအဆအရတော့ နှစ်စဉ်ကိုင်းပင်တွေ အပွင့်ပွင့်ပြီဆိုရင် မြစ်ရေလုံးဝကျသွားပြီလို့ မှတ်သားခဲ့ကြတာပါ။ အခုနှစ်မှာတော့ နောက်မိုးတွေကောင်းလွန်းပြီး မြစ်ရေတွေ ထပ်တက်ခဲ့တာကြောင့် မူလတွက်ကိန်းအတိုင်း စိုက်ပျိုးခဲ့တဲ့ ကိုင်းစိုက်ခင်းတွေ ရေမြုပ်ပျက်စီးခဲ့တာတွေ ရှိခဲ့ပါတယ်။ အဲဒါကြောင့် ပျက်စီးတဲ့စိုက်ခင်းတွေမှာ အကြိမ်ကြိမ်ပြန်စိုက်ခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။ အဲဒီလို ရေမြုပ်လိုု့ ပြန်စိုုက်ခဲ့ရတာတွေ ရှိပေမဲ့ ကိုင်းမြေတွေပေါ်မှာ ရေဝပ်လို့ နုန်းတင်ကျန်ခဲ့တာတွေကတော့ စိုက်ပျိုးရေးအတွက် အထောက်အကူ ပြုပါတယ်” ဟု မကွေးမြို့နယ်အတွင်းမှ ကိုင်းစိုက်တောင်သူတစ်ဦးက ပြောကြားသည်။

မကွေးတိုင်းအတွင်း ဧရာဝတီမြစ်နှင့် ထိုမြစ်အတွင်းစီးဝင်သည့် ချောင်းများနံဘေးဝဲယာတွင် ကျွန်းနှင့်ကိုင်းစိုက်ခင်း ဧရိယာ ၁၉၀၀၀၀ ကျော်ရှိကြောင်း စာရင်းဇယားများအရ သိရသည်။ ယင်းမြေများတွင် ပဲမျိုးစုံ၊ ငရုတ်၊ ကြက်သွန်၊ အာလူးနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးလေ့ရှိကြောင်း၊ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ယာမြေများတွင်လည်း မိုးနှောင်းသီးနှံ ရိတ်သိမ်းကာလနှင့် တိုုက်ဆိုင်နေသောကြောင့် ခိုင်းနွားနှင့် လုပ်သားရှားပါးမှုကို ပိုမိုသိသာစွာ ကြုံတွေ့လာရကြောင်း၊ ထို့ကြောင့် ထွန်စက်များကို ငှားရမ်းအသုံးပြုသူများပြားလာကြောင်း သိရသည်။

စက်တင်ဘာလပိုင်းက မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းမှုကြောင့် မုန်းချောင်းနှင့် မန်းချောင်းတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ထိုချောင်းများ နံဘေးဝဲယာရှိ ကိုင်းစိုက်ခင်းများသို့ ရေဝင်ရောက်ခဲ့သည်။ ယင်းသို့ ရေဝင်ရောက်မှုကြောင့် ကိုင်းစိုက်ခင်းများပေါ်ရှိ ငရုတ်စိုက်ခင်းများ ရေနစ်မြုပ်ပျက်စီးခဲ့ရသည်။

“ရေဝင်ခဲ့တဲ့ ငရုတ်ခင်းတွေထဲက အပင်ငယ်သေးတဲ့ အခင်းတွေကတော့ သေကုန်တာတွေရှိခဲ့ပေမဲ့ အပင်ကြီးတာတွေကတော့ မသေခဲ့ပါဘူး။ ဒါပေမဲ့ ရေနစ်ပြီးသား အပင်တွေဆိုတော့ ဖြစ်ထွန်းနှုန်း လျော့ကျခဲ့တာတွေလည်းရှိကြပါတယ်” ဟု မုန်းချောင်းနှင့် ဧရာဝတီမြစ် ပေါင်းဆုံရာအနီး ဆည်မုန်းကျေးရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ မြေနုကျွန်းများနှင့် ကိုင်းစိုုက်ခင်းများပေါ်တွင် ပဲမျိုးစုုံ၊ နေကြာ၊ ပန်းနှမ်း စသည့်သီးနှံများအပြင် ချဉ်ပေါင်၊ ကန်စွန်း၊ ခရမ်းချဉ် စသည့် ဟင်းသီးဟင်းရွက်မျိုးစုံလည်း စိုက်ပျိုးလေ့ရှိကြသည်။ မကွေးမြို့နှင့် မင်းဘူးမြို့အနီး မြေနုကျွန်းများပေါ်ရှိ ကိုင်းစိုက်ခင်းများမှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက်များကို အဆိုုပါမြို့များအတွက်ပါမက ထိုမြို့နယ်များအတွင်းရှိ ကျေးရွာများသိုု့ပါ ဖြန့်ဖြူးရောင်းချလေ့ရှိကြသည်။

ချောက်၊ ဆိတ်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်း၊ ပွင့်ဖြူ၊ မင်းဘူး၊ စကု၊ မကွေး၊ မင်းလှ၊ ဆင်ပေါင်ဝဲ၊ အောင်လံမြို့နယ်များမှ ဧရာဝတီမြစ်လယ်ကျွန်းများနှင့် မြစ်နံဘေးဝဲယာရှိ ကိုုင်းမြေများတွင် စိုုက်ပျိုးရေးများ စတင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ ယင်းမြေများတွင် ငရုတ်၊ ကြက်သွန်၊ အာလူး၊ ပဲမျိုးစုံနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးလေ့ရှိကြောင်း ဧရာဝတီမြစ်အတွင်းသိုု့ စီးဝင်သည့် စလင်း၊ ပင်း၊ ယင်း၊ မုန်း၊ မန်းချောင်းများတွင်လည်း ငရုတ်၊ အာလူး၊ ကြက်သွန်နှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများ စတင်နေကြောင်း၊ မကွေးတိုင်းအတွင်းမှ ထွက်ရှိသည့် ကြက်သွန်ကို အခြားတိုင်းနှင့်ပြည်နယ်များသိုု့သာမက နိုင်ငံခြားအထိ တင်ပို့လေ့ရှိကြောင်း  သိရသည်။

Most Read

Most Recent