ကျောင်းကျန်းမာရေး၊ ကျောင်းနေအရွယ် ဖြစ်ပွားလေ့ရှိတဲ့ရောဂါများ

ကျောင်းကျန်းမာရေး၊ ကျောင်းနေအရွယ် ဖြစ်ပွားလေ့ရှိတဲ့ရောဂါများ
၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁ ရက် ကျောင်းများ ပြန်လည်ဖွင့်လှစ်စဉ်ကမြင်ကွင်း
၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁ ရက် ကျောင်းများ ပြန်လည်ဖွင့်လှစ်စဉ်ကမြင်ကွင်း
Published 21 November 2021
ဒေါက်တာလွင်သန့်

ကျောင်းသားအရွယ်ဟာ ငယ်ရွယ်နုနယ်တဲ့အရွယ်ဖြစ်ပြီး ရောဂါကပ်ငြိလွယ်ပါတယ်။ ကူးစက်တတ်တဲ့ ရောဂါအတွက်လည်း စုဝေးနေတဲ့အုပ်စုက ကလေးတွေ အလွယ်တကူ ပျံ့နှံ့ကူးစက်လွယ်စေဖို့ အခွင့်အလမ်းပေးလျက်ရှိတယ်။ အထူးသဖြင့် ကူးစက်တတ်တဲ့ ရောဂါတွေအတွက်  ကျောင်းကျန်းမာရေးစစ်ဆေးပေးဖို့ လိုအပ်တယ်။ အသက်ငယ်ဆုံး မူလတန်း ကေဂျီတန်းကစလို့၊ အလယ်တန်း၊ အထက်တန်းကလေးတွေရောဂါကို စနစ်တကျစမ်းသပ်နဲ့ စောစောစီး ကုသမှုခံယူကုသစေဖို့ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။

ကျောင်းသားအရွယ်အများဆုံးဖြစ်တဲ့ ရောဂါတွေက (၁) သွား နဲ့ခံတွင်းရောဂါ၊ (၂) အာဟာရချို့တဲ့ရောဂါ၊ (က) ဗီတာမင်ချို့တဲ့ ရောဂါ၊ (ခ) သွေးအားနည်းရောဂါ၊ (ဂ) အာဟာရဓာတ်ချို့တဲ့ရောဂါ၊ (၃) အူနေကပ်ပါးရောဂါ၊ သံလုံးကောင်၊ သံချိတ်ကောင်၊ တုတ်ကောင်၊ (၄) အသက်ရှူလမ်းကြောင်းရှိ ရောဂါများ ဥပမာ ပသိရောင်၊ လည်ချောင်းရောင်ရောဂါတို့ဖြစ်ပါတယ်။ (၅) အရေပြားမှာဖြစ်ပေါ်တတ်တဲ့ ရောဂါအမျိုးမျိုး၊ (၆) ရာသီနာရောဂါအမျိုးမျိုး၊ တုပ်ကွေး၊ ဝက်သက်၊ ရေကျောက်ရောဂါများ၊ (၇) မွေးတွင်းပါရောဂါ၊ နှလုံးရောဂါ၊ အာခေါင်ကွဲခြင်း၊ ခြေလက်အင်္ဂါ အသားပိုပါရှိခြင်း၊ ခြေလက်သိမ်လှီခြင်း၊ စံချိန်မမီတဲ့ကလေးတွေ (Handicapped - Children) တို့ ဖြစ်ပါတယ်။

(၁) သွားနဲ့ ခံတွင်းရောဂါတွေက သွားဆွေးမြည့်ခြင်းရောဂါ၊ သွားဖုံးရောင်ရောဂါနဲ့ သွားမြစ်ဝန်းကျင်ရောဂါတို့ ရှိပါတယ်။  သွားဖုံးရောင် အမျိုးအစားတွေက သွားဖုံးရောင် နာတာရှည်ရောဂါ ကူးစက်ပြီးဖြစ်တတ်တဲ့ သွားဖုံးရောင်ရောဂါ၊ သွားဖုံးထူးကဲစွာရောင်ခြင်း (Hyperlastic) (Hormone) ဟိုမုန်းဓာတ်ကြောင့် သွားဖုံးရောင်ခြင်း၊ သွားဖုံးလိပ်များယိုပြီးရောင်ခြင်း စသဖြင့် သွားဖုံးရောဂါအမျိုးမျိုးရှိပါတယ်။

သွားဖုံးနာတာရှည်ခြင်းများမှာ သွားပလပ်၊ သွားချေးကျောက်နဲ့ ချွတ်ယွင်းစွာ သွားပိုးပေါက်ဖာခြင်း ဖြစ်ပါတယ်။ ထူးကဲစွာ သွားဖုံးရောင်ခြင်းက လိင်နဲ့ပတ်သက်ပြီး ပြောင်းလဲတဲ့ ဟိုမုန်းဓာတ်ကြောင့် ၎င်းကိုယ်ဝန်ဆောင်အမျိုးသမီးတွင် လည်းကောင်း၊ မီးဖွားပြီးတွင်လည်းကောင်း၊ ပဋိသန္ဓေတားဆေး စားရာတွင်လည်းကောင်း သွားဖုံးရောင်တယ်။ သွားမြစ်ဝန်းကျင် ရောင်ရောဂါက သွားဖုံးသွားမြစ်ဝန်းကျင်အပါး သွားဖြစ်ပတ်နိုးကို ဆိုလိုကယ်သွားဖုံးနဲ့ သွားဖြစ်ဝန်းကျင်ရောင် ရောဂါကာကွယ်ရေးအတွက် သွားဖုံးနဲ့ သွားတစ်သျှူး ပိုမိုခိုင်ခံဖို့ အာဟာရပြည့်ဝရမယ့်အပြင် လိုအပ်ရင် ပဋိဇီဝဆေးစားဖို့ လိုတယ်။ ဖလူအိုရိုက်ပါ သွားတိုက်ဆေးနဲ့ သွားတိုက်စေသင့်တယ်။

(၂) အာဟာရချို့တဲ့ ရောဂါမဖြစ်ရအောင် နေ့စဉ်စားသုံးတဲ့ အာဟာရဓာတ်ခြောက်မျိုးဖြစ်တဲ့ (ခ) အသားဓာတ် (Protein)၊ (၂) အဆီဓာတ် (Fat)၊  (၃) ကစီဓာတ် (Carbohydrate)၊ (၄) သက်စောင့်ဓာတ် (Vitamin)၊ (၅) သတ္တုဓာတ် (Minerals) နဲ့ (၆) ရေဓာတ်တို့ အာဟာရပြည့်စုံစွာ ပါဝင်သင့်ပါတယ်။  အသားဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက အသားအမျိုးမျိုး၊ ငါး၊ ကြက်ဥ၊ ပဲအမျိုးအမျိုး ဂျုံနဲ့ဆန်တို့ဖြစ်တယ်။ အဆီဓာတ်မှ ကောင်းတဲ့ မပြည့်ဝဆီကို မြေပဲနှမ်းနေကြာ မုန်ညင်းသံလွင်ဆီကရပြီး တိရစ္ဆာန်က ဝက်ဆီ၊ အမဲဆီ၊ ထောပတ်ငါးကြီးဆီတို့ဖြစ်ကာ ကစီဓာတ် (Carbohydrate) ကို ဆန်ဂျုံ၊ ပြောင်းနှံစားဆီနှံအာလူးသစ်ဥ၊ သစ်ဖုတို့မှ ရရှိတယ်။

သက်စောင့်ဓာတ်မှာ (၁) ရေမှာ ပျော်ဝင်တဲ့သက်စောင့်ဓာတ်က ဗီတာမင်ဘီနဲ့ စီအုပ်စု (၂) အဆီမှာ ပျော်ဝင်တဲ့သက်စောင့်ဓာတ် ဗီတာမင် အေ ဒီ အီး၊ ကေတို့ပါဝင်ပါတယ်။

သတ္တုဓာတ်တွေဆိုရာမှာ ထုံးဓာတ်၊ သံဓာတ်၊ အိုင်အိုဒင်းဓာတ်တို့ပါဝင်ပြီး ရေလုံလောက်စွာသောက်သုံးမှု ရှိရပါမယ်။ အစာအာဟာရ ပြည့်ဝစွာမစားသုံးရရင် အာဟာရချို့တဲ့ပြီး ရောဂါမျိုးစုံဝင်ရောက်နိုင်ပါတယ်။

သွေးအားနည်းရောဂါမှာ သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်ပါတယ်။ သံဓာတ်ကား အနီရောင်ဖြစ်စေပြီး ခန္ဓာကိုယ်မှာလိုအပ်တဲ့ အောက်ဆီဂျင်ကို ခန္ဓာကိုယ်အနှံ့အပြားလိုရာ ပို့ဆောင်ပေးတဲ့ဓာတ် ဖြစ်ပါတယ်။  ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်၊ ကလေးသူငယ်များ၊ ကျောင်းသား လူငယ်တွေမှာ သံဓာတ်ချို့တဲ့ နေတတ်ပါတယ်။ သံဓာတ်ချို့တဲ့ရင် သွေးအားနည်းရောဂါ၊ ခြေလက်မလှုပ်ရှားနိုင်ခြင်း၊ နွမ်းနယ်မော ပန်းလွယ်ခြင်း၊ လုပ်ငန်းနဲ့ ကျောင်းစာမှာ စိတ်မဝင်စားခြင်း၊ နှလုံးတုန်ရင်ခုန်ခြင်းနဲ့ လက်သည်းခြေသည်းတွေကြီးကာ အလယ်ခွက်ခြင်းတို့ ဖြစ်ပါတယ်။ သံဓာတ်ကြွယ်ဝတဲ့ အစားအစာမှာ ဥ၊ အသည်းအသား၊ ဒန့်သလွန်ရွက်၊ ဟင်းနုနယ်ရွက်၊ ပိန်းဥ၊ ကန်စွန်းရွက်တို့ ဖြစ်ပါတယ်။

၃။ အူနေကပ်ပါးပိုး၊ သန်ကောင်အမျိုးမျိုးတို့ဟာ ကျောင်းနေရွယ်တွေမှာ တွေ့ရတတ်ပါတယ်။ နှစ်စဉ် မိုးဦးချနဲ့ မိုးနှောင်းမှာ သံချဆေးနှစ်ကြိမ် ချပေးသင့်ပါတယ်။ ကျောင်းကျန်းမာရေးဝင်တိုင်း သံချပေးသင့်ပါတယ်။  ယင်းကပ်ပါးပိုးတို့ဟာ ရေကောင်းရေသန့်၊ အစာသန့် မစားသောက်ရခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အကျင့် နည်းပါးခြင်း အကြောင်းရင်းခံတွေကြောင့် အထူးတိုးတက်ဖြစ်ပွားဆဲ ဖြစ်ပါတယ်။  မူလတန်းအရွယ်မှာ (၇၅ -၈၀ ရာခိုင်နှုန်း) အထိ သန်ကောင်စတဲ့ အူနေကပ်ပါးကောင်တွေ ပိုမိုများပြားပါတယ်။ ဖိနပ်စီးတဲ့ အကျင့်လုပ်ပေးရပါမယ်။

(၄) အသက်ရှူလမ်းကြောင်း အတွင်း လေကတစ်ဆင့် လူ့တုပ်ကွေး (A/H1N1) အအေးမိနှာစေး ချောင်းဆိုးရောဂါ၊ စထရပ်ကိုကော့ကပ် (Streptococcus) ၊ ကလေးတီဘီ (Primary Complex) ၊ ပသိရောင် (Mumps) ၊ လည်ချောင်းနာ (Sore Throat) တို့ ကူးစက်ဖြစ်ပွားနိုင်လို့ ချောင်းဆိုးနှာချေရင် လက်ကိုင်ပဝါနဲ့အုပ်ပြီး လုပ်သင့်ပါတယ်။ တုပ်ကွေးဖြစ်ရင်အနားယူ ကုသရမယ်။ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။

အရေပြားမှာ ဖြစ်ပေါ်တတ်တဲ့ ရောဂါအမျိုးမျိုးမှာ ဝဲ၊ နှင်းခူ၊ ပွေး၊ ဒက်၊ အနာစက်တို့ ဖြစ်နိုင်ပါတယ်။ အဖြူကွက်တွေ တွေ့ရှိရင်၊ ထုံခြင်း၊ ကျဉ်ခြင်းနာကျင်ခြင်းစတဲ့ အနာကြီးရောဂါလက္ခဏာများရှိ မရှိ စစ်ဆေးသင့်ပါတယ်။ အနာကြီးရောဂါရှိပါက ကျန်းမာရေးဆေးခန်း၊ ဒေသန္တရဆေးခန်းပြသသင့်ပါတယ်။ ကလေးတစ်ဦးဦးမှာ ဝဲ၊ ယား နာ၊ ဒက်၊ ပွေးဖြစ်ပွားရင် တစ်တန်းလုံး တစ်အိမ်လုံး ကူးစက်တတ်လို့ အမြန်ဆုံး ကုသပေးသင့်ပါတယ်။ စားဆေးကိုသာမက လိမ်းဆေးဘာစကေဘီ (Buscabes) ဆေးလိမ်းရမယ်။ မှိုသတ်ဆေး သောက်စေသင့်တယ်။

(၆) ရာသီနာရောဂါအမျိုးမျိုးဟာ မူလတန်းအရွယ်ကလေးတွေမှာ အများဆုံးဖြစ်တတ်ပါတယ်။ ယင်းအရွယ်မှာ ရောဂါကာကွယ်နိုင်တဲ့ ခုခံစွမ်းအားနည်းပါးတာကြောင့် ဖြစ်တယ်။ ရာသီကူးပြောင်းတိုင်း အအေးမိနှာစေး၊ ချောင်းဆိုး၊ ကိုယ်ပူ၊ အပိမ့်ထွက်စတဲ့ ရောဂါတွေ ဖြစ်ပွားလေ့ရှိလို့ ရာသီကူးပြောင်းချိန်မှာ ဆရာဆရာမတို့ အဖြစ်များတတ်တဲ့ ကျောင်းသားတွေအပေါ် သတိထားသင့်ပါတယ်။

အင်အားပြည့်ဝပြီး ရောဂါကာကွယ်ရေးအတွက် ကိုယ့်ခံအားကောင်းစေဖို့ အာဟာရဖြစ်ထွန်းမယ့် အစားအစာတွေ စားသောက်ဖို့ ညွှန်ကြားခြင်း၊ ပဲအမျိုးမျိုး၊ အသား၊ ငါးတို့နဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တို့ စားသုံးဖို့ ညွှန်ကြားခြင်း ပြုလုပ်သင့်ပါတယ်။ လိုအပ်ရင် ဗီတာမင်ဆေးပြား ကျွေးသင့်ပါတယ်။

(၇) မွေးတွင်းပါရောဂါတို့မှာ ရာခိုင်နှုန်းမများပေမဲ့ တွေ့ရှိရတတ်ပါတယ်။  ငယ်စဉ်က စောစီးစွာမကုသခဲ့ရင် ရောဂါ ပိုမိုဆိုးရွားလာကာ မတားဆီးနိုင်၊ မကုသနိုင် ဖြစ်လာတတ်ပါတယ်။ ဥပမာ မွေးရာပါ နှလုံးရောဂါ၊ အဆို့ရှင်ကျဉ်းခြင်း၊ ကျယ်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ သွေးလေးဖက်နာ၊ ပိုးလေးဖက်နာ ရောဂါ ရှိ မရှိ စောစီးစွာစစ်ဆေးခြင်း၊ စောစီးစွာကုသမှု ခံယူရဖို့ စီစဉ်ပေးခြင်း၊ မိဘကိုပါခေါ်ယူကာ သက်ဆိုင်တဲ့ဆရာဝန်နဲ့ ထိထိရောက်ရောက် ပြသစေခြင်းတို့ ပြုလုပ်သင့်ပါတယ်။

(၈) စံမမီကလေးများ (Handicapped Children) တို့ ရောနှောပါဝင်လာတတ်ပါတယ်။ မွန်ဂိုကလေး (Mongo’s Children) ၊ ဒေါင်ရောဂါစု (Downs Syndrome) တို့မှာ မှတ်ဉာဏ်နည်းသလို စိတ်အာရုံပြုမှု၊ စူးစိုက်မှုလည်း နည်းတတ်ပါတယ်။ စာသင်ကြားရင် သင်ကြားမှုကို ခဏသာနားထောင်ပြီး အာရုံက အခြားကိုရောက်သွား တတ်တယ်။ ကစားရင်လည်း ကစားနေရာမှ ခဏသာစိတ်ဝင်စားပြီး တခြားအလုပ် (သို့မဟုတ်) ကစားတဲ့ အာရုံပြောင်းသွားတတ်ပါတယ်။ သချင်္ာဘာသာရပ် သင်ပေးရာမှာ အခက်အခဲရှိတတ်ပါတယ်။ ယင်းကလေးတွေ ကျောင်းအပ်လက်ခံစဉ်ကတည်းက ငြင်းဆန်သင့်ငြင်းကာ၊ သူတို့အတွက် သီးသန့်ဖွင့်ထားတဲ့ကျောင်းပို့ပေး ရပါမယ်။ မိဘကိုစည်းရုံးပြီးသင်ပြီး စာတွေမမေ့အောင် စိတ်ရှည်ရှည်ထား၊ ထပ်ခါထပ်ခါ ရှင်းလင်းသင်ကြား ပေးသင့်ပါတယ်။

Most Read

Most Recent