မြတ်နိုးတန်ဖိုးထားပါသော်လည်း ကျောခိုင်းစွန့်ခွာခဲ့ရပါသည်

မြတ်နိုးတန်ဖိုးထားပါသော်လည်း ကျောခိုင်းစွန့်ခွာခဲ့ရပါသည်
မုံရွာစီးပွားရေးတက္ကသိုလ် စာရင်းအင်းပညာဌာန၊ ပါမောက္ခ (ဌာနမှူး) အဖြစ် တာဝန်ထမ်းဆောင်စဉ် နှစ်နှစ်ခန့် နေထိုင်ခဲ့ရသည့်အခန်း
မုံရွာစီးပွားရေးတက္ကသိုလ် စာရင်းအင်းပညာဌာန၊ ပါမောက္ခ (ဌာနမှူး) အဖြစ် တာဝန်ထမ်းဆောင်စဉ် နှစ်နှစ်ခန့် နေထိုင်ခဲ့ရသည့်အခန်း
Published 21 November 2021
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

စာရေးသူ ငယ်ရွယ်စဉ် မိခင်၏ ဆုံးမသြဝါဒ စကားလေးနှင့် စတင်ပါမည်။ စာရေးသူ၏မိခင်က စာရေးသူအား “ငါ့သား ဘယ်လောက် ပင်ပန်းပင်ပန်း၊ ဘယ်လောက် ဆင်းရဲဆင်းရဲ ကျောင်းဆရာပဲ လုပ်ပါကွယ်။ လူ သို့မဟုတ် သတ္တဝါတွေရဲ့ အသက်တွေကို သတ်၊ သူတစ်ပါးရဲ့ ပစ္စည်းဥစ္စာတွေကို မတရားရယူပြီး ကြွယ်ဝချမ်းသာစေမည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကိုတော့ မရွေးချယ်ပါနဲ့။ မလုပ်ပါနဲ့ သားရယ်” ဆိုပြီး သွန်သင်ခဲ့ပါသည်။ ဖြစ်နိုင်လျှင် ကလေးငယ်များကို သင်ကြားပေးသည့် “မူလတန်းပြ ဆရာ” လုပ်ရန် တိုက်တွန်းခဲ့ပါသည်။ တင်ပြလိုသည့်အချက်မှာ စာရေးသူအနေဖြင့် ကျောင်းဆရာလုပ်ပါက ပင်ပန်းမည်။ ဆင်းရဲမည်ဆိုသည့်အချက်ကို ငယ်ရွယ်စဉ်ကတည်းကပင် လက်ခံထားရှိပြီးဖြစ်သည်ကို သိစေလိုသည့်အချက် ဖြစ်ပါသည်။

စာရေးသူအနေဖြင့် အတန်းပညာ သင်ယူလေ့လာခဲ့ရသည့် အခြေအနေအကျဉ်းကို တင်ပြပါမည်။ စာရေးသူသည် စစ်ကိုင်းတိုင်းဒေသကြီး (ယခင် စစ်ကိုင်းတိုင်း)၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မုဆိုးချုံရွာမ၊ အစိုးရပညာ မူလတန်းကျောင်းမှ စတုတ္ထတန်းအောင်မြင်ပြီးချိန်။ ကျေးရွာတွင် မူလတန်းကျောင်းသာရှိသဖြင့် အလယ်တန်း (ပဥ္စမတန်း) မှ စတင်ကာ မြို့ပြဒေသများသို့ သွားရောက်ပြီး ကျောင်းတက်ရပါသည်။ မိမိတို့ကျေးရွာမှ မြို့ပြဒေသသို့ ကျောင်းတက်ကြရသူ ကျောင်းသူကျောင်းသား အများစုမှာ နေရေး၊ ထိုင်ရေး၊ စားရေး အဆင်ပြေမှုအပေါ်တွင် မူတည်ကာ စာသင်ကျောင်းများကို ပြောင်းလဲတက်ရောက်ခဲ့ကြရပါသည်။ အချို့မှာ ဘုန်းကြီးကျောင်းများတွင် နေထိုင်ပြီး တက်ရောက်ကြရသူများရှိသကဲ့သို့ အချို့မှာဆွေမျိုးနီးစပ်ရာ အိမ်များတွင် နေထိုင်ကာ တက်ရောက်ကြရပါသည်။ ပဥ္စမတန်း အရွယ်ကလေးများ ငွေကြေးကလည်း မပြည့်စုံ။ ကိုယ့်အဝတ်ကိုယ်လျှော်ဖွပ်၊ ကိုယ့်ထမင်းကိုယ်ချက်၊ ကျောင်းသွားပြုလုပ်နေကြရမည့် အခြေအနေမြင်ကွင်းကို စာဖတ်သူတို့စိတ်တွင် ကြည့်မြင်နိုင်ပါသည်။

စာရေးသူ တက်ရောက်ခဲ့ရသည့် စာသင်ကျောင်းများမှာ စစ်ကိုင်းမြို့ ညောင်ကုန်းကျေးရွာတွင် နေထိုင်ပြီး စစ်ကိုင်းမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ပဥ္စမတန်းမှ ဆဋ္ဌမတန်းအထိ လည်းကောင်း၊ မန္တလေးမြို့ အမှတ် (၁၀) အခြေခံပညာ အထက်တန်းကျောင်းတွင် သတ္တမတန်း၊ မန္တလေးမြို့ အမှတ် (၁) အခြေခံပညာ အမျိုးသားအထက်တန်းကျောင်းတွင် အဋ္ဌမတန်းမှ ဒသမတန်းအထိလည်းကောင်း တက်ရောက်ခဲ့ရပါသည်။

မန္တလေးဒေသကောလိပ်တွင် ပထမနှစ်နှင့် ဒုတိယနှစ် တက်ရောက်ခဲ့ရပြီး ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် တတိယနှစ်နှင့် စတုတ္ထနှစ်ကို တက်ရောက်ကာ ပထမဘွဲ့ကို ရရှိခဲ့ပါသည်။ နေရေးနှင့် စားရေးအတွက် ပြောင်းရွှေ့နေထိုင်ခဲ့ရသည့် နေရာများမှာ စာသင်ကျောင်းအရေအတွက်ထက်ပင် လွန်စွာများပြားလှပါသည်။ အသေးစိတ်တင်ပြခြင်း မပြုတော့ပါ။

တင်ပြလိုသည့် အဓိပ္ပာယ်မှာ မိမိတို့တိုင်းပြည်နိုင်ငံရှိ ကျေးရွာများတွင် နေထိုင်လျက်ရှိသည့် အိမ်ထောင်စုများအနေဖြင့် တက္ကသိုလ်များက ပေးအပ်လျက်ရှိသည့် ပထမဘွဲ့ကိုပင် ရရှိနိုင်ရန် လွယ်ကူချောမွေ့ခြင်းမရှိသည့် အခြေအနေကို မီးမောင်းထိုးပြခြင်းဖြစ်ပါသည်။ သို့သော်လည်း မိမိဖခင်၏ ပြောပြချက်အရ လွတ်လပ်ရေးမရမီ အချိန်ကာလဆိုပါလျှင် ယခုကဲ့သို့ကျောင်းထားနိုင်မည် မဟုတ်ကြောင်း၊ ကုန်ကျစရိတ်ကို မတတ်နိုင်ကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှု အချိန်ကာလ တက္ကသိုလ်များသို့ တက်ရောက်နိုင်သည့် ကျောင်းသူကျောင်းသားဆိုသည်မှာ မိမိတို့ တိုင်းပြည်နိုင်ငံတွင် ငွေကြေးအရ ပြည့်စုံ၊ တတ်နိုင်သူများဖြစ်ကြောင်း ရှင်းပြပါသည်။ ထို့ပြင် ထိုစဉ်အချိန်အခါက ဆန်စပါးစျေးနှုန်းနှင့် တက္ကသိုလ်တက်ရောက်လျှင် ဝယ်ယူရမည့် စာအုပ်တန်ဖိုးများကိုလည်း နှိုင်းယှဉ်ပြပါသည်။

စာရေးသူ၏ မိခင်နှင့် ဖခင်တို့မှာ ပညာရေးကို အားပေးသည့်သူများ ဖြစ်ကြသည့်အားလျော်စွာ ပညာကိုသင်ယူရရှိနိုင်သရွေ့ ဆက်လက်သင်ယူရန်နှင့် ကျောင်းတက်လို့ရနိုင်သမျှ ဆက်လက်တက်ရောက်နိုင်ရန် အားပေးထောက်ပံ့ခဲ့ကြပါသည်။ ထို့ကြောင့်လည်း စာရေးသူသည် ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ဂုဏ်ထူးတန်း၊ ထိုမှတစ်ဆင့် မဟာတန်းသို့ ဆက်လက်တက်ရောက်ခဲ့ပါသည်။ မဟာတန်းသို့ တက်ရောက်လျက်ရှိစဉ် ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် ကျောင်းဆရာ၊ နည်းပြအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါသည်။

မဟာတန်းသို့ တက်ရောက်ချိန် စာရေးသူအတွက် ကံကောင်းစေခဲ့သည့်အချက်မှာ နေရေးနှင့် စားရေးအတွက် စိတ်ပူပန်ရခြင်းကင်းသည့် ခပေါင်းဆောင် အဆောင်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့ခြင်းပင် ဖြစ်ပါသည်။ စာရေးသူတို့ကဲ့သို့ ကျေးရွာအိမ်ထောင်စုများမှ ပညာဆက်လက်သင်ယူလိုသည့် ငွေကြေးပြည့်စုံခြင်း မရှိသည့် လူပုဂ္ဂိုလ်များအတွက် အဆောင်နည်းပြအဖြစ် ဆောင်ရွက်ခွင့်ရခြင်းသည် လူ့ဘဝတွင် ထီဆုကြီးပေါက်ခြင်းထက် ကံကောင်းသည်ဟု ဆိုနိုင်ပါသည်။

ထို့ထက်ပိုပြီး ကံကောင်းစေသည့်အချက်မှာ မိမိထက် အသက်အရွယ်၊ အတွေ့အကြုံ ရင့်ကျက်ပြီး အသိပညာ၊ အတတ်ပညာ မြင့်မားသည့် ဆရာကြီးများထံမှ နေ့ညမရွေး လေ့လာသင်ယူခွင့် ရရှိနိုင်ခြင်းနှင့် နယ်ပေါင်းစုံမှ ရောက်ရှိလာသည့် ကျောင်းသားများထံမှ အထွေထွေဗဟုသုတများ ရရှိနိုင်ခြင်းပင် ဖြစ်ပါသည်။  ခပေါင်းဆောင်တွင် အဆောင်နည်းပြအဖြစ် ဆောင်ရွက်ခဲ့သည်မှာ ၁၉၈၅ ခုနှစ်မှ အိမ်ထောင်ကျသည့် ၂၀၀၂ ခုနှစ်အချိန်အထိပင် ဖြစ်ပါသည်။

စာရေးသူတို့ ကျောင်းဆရာအဖြစ် စတင်တာဝန်ထမ်းဆောင်ချိန်တွင် လက်ခံရရှိသည့်လစာမှာ စားရေးအတွက် လုံလောက်စွာ သုံးစွဲနိုင်သည့် အခြေအနေ ဖြစ်ပါသည်။ သို့သော်လည်း နည်းပြနောက်ပိုင်း အချိန်ကာလနှင့် လက်ထောက်ကထိကအဆင့်သို့ ရောက်ရှိသည့်အခါတွင်မူ ရရှိသည့်လစာမှာ စားရေးအတွက်ပင် ခြိုးခြံချွေတာရသည့်အဆင့်သို့ ရောက်ရှိလာပါတော့သည်။ အတိအကျဆိုပါလျှင် သာမန်စားသောက်ဆိုင်လေးများကိုပင် လစဉ်ကုန်ကျစရိတ်ပေးကာ စားနိုင်ခြင်းမရှိတော့ဘဲ လစာနှင့် ချိန်ဆကာ မိမိကိုယ်တိုင်ချက်ပြုတ်ပြီး အဆင်ပြေသလို စားသောက်ရသည့် အခြေအနေသို့ ရောက်ရှိလာစေခဲ့ပါသည်။

စာရေးသူအနေဖြင့် နိုင်ငံတကာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများတွင် စာရင်းအင်းပညာနှင့် ပတ်သက်သည့် သုတေသနလုပ်ငန်းများ၊ စစ်တမ်းများကို လက်ခံဆောင်ရွက်ခြင်းနှင့် ကျေးရွာရှိ မိခင်၊ဖခင်တို့၏ အထောက်အပံ့ကြောင့်သာ ကျောင်းဆရာဘဝကို အခြေအနေမပျက် ဆက်လက်ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

စာရေးသူတို့ ကျောင်းဆရာအဖြစ် စတင်တာဝန်ထမ်းဆောင်စဉ်က မိမိတို့ တိုင်းပြည်နိုင်ငံတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် တစ်ခုတည်းသာရှိပါသည်။ ထို့နောက် မုံရွာစီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်တို့ကို အသစ်ဖွင့်လှစ်ခဲ့သည့်အတွက် စာရေးသူတို့ကဲ့သို့ မကြီးမငယ် ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသူများအတွက် စီးပွားရေးတက္ကသိုလ်များတွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရသည့် အခြေအနေ ဖြစ်ပေါ်လာစေခဲ့ပါသည်။

စာဖတ်သူတို့အနေဖြင့် စဉ်းစားစေလိုသည့်အချက်မှာ ရရှိသည့်လစာကလည်း မလုံလောက်၊ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရသည့် စရိတ်ကလည်း ကုန်ကျ၊ ကျောင်းဆရာလုပ်သက်ကလေးကလည်း ရရှိနေပြီဖြစ်သည့်အတွက် ချက်ချင်းစွန့်လွှတ်ရန်လည်း မဖြစ်နိုင်သည့် အခြေအနေဖြစ်ပါသည်။

အထက်ဖော်ပြပါ အခြေအနေတွင် စာရေးသူသည် မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊ စာရင်းအင်းပညာဌာနတွင် တွဲဖက်ပါမောက္ခရာထူးနှင့် တာဝန်ထမ်းဆောင်နေချိန် ၂၀၀၉ ခုနှစ် သြဂုတ်တွင် မုံရွာစီးပွားရေးတက္ကသိုလ်၊ စာရင်းအင်းပညာဌာနတွင် ပါမောက္ခရာထူးနှင့် တာဝန်ထမ်းဆောင်ရန် အမိန့်ကြော်ငြာစာ ထွက်ပေါ်လာပါသည်။ စာရေးသူအတွက် ရာထူးတိုးသည်မှာ ဝမ်းသာစရာဖြစ်သော်လည်း ဝမ်းသာစရာ မဖြစ်ခဲ့ပါ။ ထိုစဉ်အချိန် စာရေးသူမှာ အိမ်ထောင်ကျပြီး သမီးလေးပင် ရရှိနေပြီ ဖြစ်ပါသည်။ အမိန့်ကြော်ငြာစာ ရရှိပြီးသည်နှင့် စာရေးသူ၏ မိသားစုဝင်များနှင့် တိုင်ပင်ရပါတော့သည်။

စာရေးသူ၏ ယောက္ခမကြီး (ဘိုးဘိုး) က စာရေးသူအား ဆုံးမသြဝါဒ ပြောကြားသည်မှာ ပါမောက္ခ၊ ဌာနမှူး အနေဖြင့် လက်ခံရရှိမည့်လစာနှင့် အသုံးပြုရမည့် ငွေကြေး မလုံလောက်နိုင်သည်ကို သိရှိသဘောပေါက် နားလည်ပါကြောင်းနှင့် လိုအပ်မည့် ငွေကြေးကို သူစိုက်ထုတ်ပေးမည်ဖြစ်ကြောင်း၊ ကလေးတွေကိုသာ ကြိုးစားပြီး အတတ်ပညာ၊ အသိပညာများကို သင်ကြားပေးရန် ပြောပါသည်။ စာရေးသူအား ပါမောက္ခ၊ ဌာနမှူး တာဝန်ထမ်းဆောင်စဉ် တစ်လလျှင် ကျပ်တစ်သိန်း ထောက်ပံ့ပေးခဲ့ပါသည်။ ဤတွင် စာဖတ်သူတို့အနေဖြင့် တွေ့ရှိနိုင်စေမည့်အချက်မှာ စာရေးသူ ပါမောက္ခ၊ ဌာနမှူး ရာထူးတာဝန်ထမ်းဆောင်ချိန် စာရေးသူ၏ မိသားစုက ငွေကြေးအားဖြင့် ထောက်ပံ့ပေးနေရသည်ကို တင်ပြလိုခြင်းဖြစ်ပါသည်။

ပထမဦးစွာ ပါမောက္ခ၊ ဌာနမှူး ရာထူးမှ ကျောခိုင်းစွန့်ခွာခဲ့ရသည့် အကြောင်းရင်းများကို တင်ပြပါမည်။ မုံရွာစီးပွားရေးတက္ကသိုလ်၊ စာရင်းအင်းပညာဌာနတွင် ပါမောက္ခ၊ ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် ဘိုးဘိုး၏ ဆန္ဒအတိုင်း အတတ်ပညာ၊ အသိပညာကို မိမိတတ်ကျွမ်းထားသည့်အတိုင်း ဝေမျှနိုင်ရန် အတတ်နိုင်ဆုံး ကြိုးပမ်းအားထုတ်ခဲ့ပါသည်။ သို့သော်လည်း အကန့်အသတ်များစွာ တည်ရှိနေသည်ကို အမှန်တကယ် ဆောင်ရွက်သည့်အချိန်တွင် စတင်တွေ့ကြုံရပါသည်။ စာရေးသူအနေဖြင့် ပထမအဆင့် စာရင်းအင်းပညာဌာနရှိ ဆရာဆရာမငယ်များကို ဦးတည်ချက်ထားရှိပြီး ဝေမျှနိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့ပါသည်။

ပထမစိန်ခေါ်မှုမှာ ပါမောက္ခ၊ ဌာနမှူး တာဝန်ဖြစ်သည့်အတွက် အုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် အထက်အရာရှိက အဆက်မပြတ် ခေါ်ယူနေသည့်အတွက် အချိန်ပြည့် တစ်ဆက်တစ်စပ်တည်း သင်ကြားပြသရန် မဖြစ်နိုင်ခြင်းဖြစ်ပြီး ဒုတိယစိန်ခေါ်မှုမှာ စာရေးသူ ဝေမျှပေးမည့် စာရင်းအင်းပညာနှင့် ပတ်သက်သည့် အသိပညာ၊ အတတ်ပညာ၊ နည်းပညာများကို အချို့သော ဆရာဆရာမငယ်လေးများ အနေဖြင့် အားကြိုးမာန်တက်လေ့လာရန် စိတ်ဝင်စားမှုမရှိခြင်းနှင့် လိုချင်စိတ်၊ သိလိုစိတ်၊ တတ်လိုစိတ်တို့သည် အာသာငမ်းငမ်းဖြစ်လျက် မရှိခြင်းပင်ဖြစ်ပါသည်။ ပါမောက္ခ၊ ဌာနမှူးဖြစ်သူက ခေါ်ယူသင်ကြားနေသဖြင့်သာ မဖြစ်မနေ သင်ယူနေကြရသည့် အခြေအနေဖြစ်ပါသည်။

ပါမောက္ခ၊ ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် စာရေးသူအတွက် အကြီးမားဆုံးစိန်ခေါ်မှုမှာ နေရေးနှင့်စားရေး ဖြစ်ပါသည်။ စာရေးသူ နှစ်နှစ်ခန့် နေထိုင်ခဲ့ရသည့် အခန်းကလေးကို ပုံတွင်ဖော်ပြထားပါသည်။ စာရေးသူ နေထိုင်ခဲ့သည့် အချိန်ကာလမှာ ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ ဖြစ်ပါသည်။ ယခုရိုက်ထားသည့်ပုံမှာ ၂၀၂၁ ခုနှစ် အချိန်ဖြစ်ပါသည်။ စာရေးသူ နေထိုင်ခဲ့စဉ်က ယခုကဲ့သို့ သစ်ပင်များ မရှိသေးပါ။ မုံရွာရာသီဥတု၏ တစ်နေကုန် ပူပြင်းလှသည့် အပူချိန်ကို စာရေးသူ နေထိုင်လျက်ရှိသည့် အခန်းက စုပ်ယူထားရှိသဖြင့် ညဦးပိုင်း အစောပိုင်းအချိန်တွင် အိပ်ရန်မဖြစ်နိုင်သည့် အခြေအနေ ဖြစ်ပါသည်။

ထို့ကြောင့် စာရေးသူမှာ ညသန်းခေါင်ယံမတိုင်မီ အချိန်အထိဌာနရှိ အခန်းတွင် စာဖတ်ခြင်းနှင့် အခြားဆောင်ရွက်စရာများကို ပြုလုပ်ဆောင်ရွက်နေရပါသည်။ နေထိုင်သည့်အခန်းသို့ ရောက်ရှိသည့် အချိန်တွင်လည်း အပူချိန်မှာ ကျဆင်းခြင်းမရှိသေးသဖြင့် နံနက် ၂ နာရီ ၃ နာရီခန့် အချိန်ခန့်မှသာ အိပ်စက်နိုင်ပါသည်။ စာရေးသူ၏ အလေ့အကျင့်အရ နံနက်စောစော ထတတ်သဖြင့် နံနက် ၅ နာရီ နောက်အကျဆုံး အိပ်ရာမှထပြီး လမ်းလျှောက်လေ့ရှိရာ နှစ်နှစ်ခန့်ကြာမြင့်ချိန်တွင် နေရေးကို အခြေခံပြီး ကျန်းမာရေးမှာ စတင်ကျဆင်းလာပါသည်။

တစ်ဖန် စားရေးအခြေအနေမှာလည်း စာရေးသူသည် စားရေးကို ပုံမှန်ဖြစ်စေရန်အတွက် ချိုင့်ဆွဲပြီး စားသောက်ခဲ့ပါသည်။ သို့သော်လည်း နေရေးနှင့်စားရေး အခြေအနေ အခက်အခဲများကြောင့် နှစ်နှစ်ခန့် ကြာမြင့်ချိန်တွင်မူ စာရေးသူ၏ ကျန်းမာရေးအခြေအနေမှာ လုံးဝကျဆင်းသွားပါတော့သည်။ ထို့ကြောင့် မုံရွာမြို့ရှိ  ပုဂ္ဂလိကဆေးရုံတစ်ရုံတွင် တက်ရောက်ကုသမှု ခံယူခဲ့ရပါသည်။ ဆေးရုံတွင်လည်း ခွဲစိတ်ဆရာဝန်ကြီးက ခွဲစိတ်နိုင်ရန် ကြိုးပမ်းအားထုတ်မှုများကြောင့် အခက်အခဲပေါင်းမြောက်မြားစွာ ကြုံတွေ့ခဲ့ရပါသည်။ အသက်အန္တရာယ်ရှိသည့် အခြေအနေသို့ ရောက်ရှိစေခဲ့ပါသည်။ စာရေးသူနှင့် စာရေးသူ၏ အမျိုးသမီးက ခွဲစိတ်ခြင်းကို လက်မခံ၊ လက်မှတ်မထိုးဘဲ ရန်ကုန်မြို့သို့ သယ်ဆောင်စေခဲ့ပြီး လိုအပ်မည့် ကျန်းမာရေး စစ်ဆေးမှုများကို ပြုလုပ်ဆောင်ရွက်စေခဲ့ပါသည်။ ထူးခြားသည်မှာ မုံရွာတွင် တွေ့ကြုံခဲ့ရသည့် သတ်မှတ်ခံခဲ့ရသည့် ခွဲစိတ်ရမည့် အခြေအနေမဟုတ်တော့ဘဲ ကျန်တွေ့ရှိရသည့် ရောဂါများကို ကုသနေခဲ့ရပါသည်။ အထက်ဖော်ပြပါ အသက်အန္တရာယ်ရှိသည့် အခြေအနေများကြောင့် စာရေးသူသည် ပါမောက္ခ၊ ဌာနမှူး ရာထူးကို ကျောခိုင်းစွန့်ခွာနိုင်ရန် စတင်စဉ်းစားရပါတော့သည်။

ဒုတိယအနေဖြင့် ပါမောက္ခ၊ ဌာနမှူးရာထူးကို ကျောခိုင်းစွန့်ခွာနိုင်ရန် ဆောင်ရွက်ခဲ့ရသည်များကို တင်ပြပါမည်။ အထက်ဖော်ပြပါ အခြေအနေများကြောင့် စာရေးသူ၏ မိသားစုဝင်များနှင့် ညှိနှိုင်းတိုင်ပင်ရပါတော့သည်။ စာရေးသူ၏ ဆောင်ရွက်မှုကြောင့် အကျိုးပြုဖြစ်ထွန်းရရှိနိုင်စေမှု (Contributions) အခြေအနေမှာ အမြင့်မားဆုံးသို့ ရောက်ရှိနိုင်ခြင်းမရှိသော်လည်း စာရေးသူကိုယ်တိုင်မှာမူ နေရေးနှင့်စားရေး အခြေအနေများကြောင့် အသက်ဆုံးရှုံးနိုင်သည့် ဘေးအန္တရာယ်နှင့် ကြုံတွေ့နေရသည့်အဖြစ်သို့ ရောက်ရှိနေရသည်ကို မိသားစုဝင်များအား ရှင်းပြပါသည်။ စာရေးသူ၏ ယောက္ခမကြီး (ဘိုးဘိုး) အနေဖြင့်လည်း တစ်လလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် နှစ်နှစ်တာကာလ ထောက်ပံ့ခဲ့ရသဖြင့် အထိုက်အလျောက် ကုန်ကျခဲ့ပြီး ဖြစ်သည့်အပြင် အကယ်၍ ဒုတိယပါမောက္ခချုပ် ရာထူးတိုးမြှင့်ရရှိခဲ့ပါက ယခုအခြေအနေထက် အလုပ်မှ နုတ်ထွက်နိုင်ရန် ပိုမိုခက်ခဲလာမည် ဖြစ်သောကြောင့် မိသားစုဝင်အားလုံးကလည်း အလုပ်မှနုတ်ထွက်မည်ကို သဘောတူညီကြပါသည်။

စာရေးသူသည် ရန်ကုန်မြို့တွင် ဆေးကုသမှု ခံယူပြီးသည့်နောက် မုံရွာစီးပွားရေးတက္ကသိုလ် သို့ ပြန်လည်ရောက်ရှိချိန် တာဝန်ရှိသူထံ မိမိအလုပ်မှ နုတ်ထွက်မည်ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့ရာ တာဝန်ရှိသူက သူ့အနေဖြင့် နုတ်ထွက်စာကို လက်မှတ်ထိုးမပေးနိုင်ကြောင်းနှင့် နာမကျန်းပင်စင် (အရပ်အခေါ် ဆေးပင်စင်) တင်ခဲ့ပါမူ လက်မှတ်ထိုးပေးမည်ဖြစ်ကြောင်း ပြောပြပါသည်။ ထို့ကြောင့် စာရေးသူသည် နာမကျန်းပင်စင် တင်ပါသည်။ နာမကျန်းပင်စင်တင်ပြီးချိန်တွင် စာရေးသူအား နေထိုင်ရန်အိမ်နှင့် ကားရရှိကြောင်း အကြောင်းကြားလာပါသည်။ နေထိုင်ရမည်ဆိုသည့် နေအိမ်ကို ခေတ္တပြောင်းရွှေ့နေထိုင်ခဲ့ပြီး ရရှိသည်ဆိုသည့် ကားကိုတော့ တွေ့မြင်ခဲ့ရခြင်း မရှိပါ။

ထို့နောက် လိုအပ်မည့် အစီအစဉ်များ ပြုလုပ်ပြီး တာဝန်ရှိသူ (ထိုအချိန်တွင် ယာယီပါမောက္ခချုပ်အဖြစ် တာဝန်ယူထားသူ) အား စာရင်းအင်းပညာဌာနသို့ ဖိတ်ကြားပြီးလျှင် စာရင်းအင်းပညာဌာနရှိ ဆရာဆရာမအားလုံးတို့နှင့် အစည်းအဝေးပြုလုပ်ကာ စာရင်းအင်းပညာဌာနကို တာဝန်ရှိသူထံ အပ်နှံခဲ့ပါသည်။ ထိုနေ့တွင်ပင် ခေတ္တနေထိုင်လျက်ရှိသည့် အိမ်ကိုလည်း ပြန်လည်အပ်နှံခဲ့ပါသည်။ တာဝန်ရှိသူက စာရင်းအင်းပညာဌာနရှိ ဆရာဆရာမများထဲမှ ကိုယ်ရေးအကြောင်းအရာများကို လေ့လာစိစစ်ပြီးလျှင် စာရင်းအင်းပညာဌာန၊ ဌာနမှူးအသစ်ကို သတ်မှတ်တာဝန်ပေးအပ်ပါသည်။

စာရေးသူသည် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိချိန်မှစတင်ကာ ကျန်းမာရေးအတွက် လိုအပ်မည့် စစ်ဆေးမှုအားလုံးကို ထပ်မံစစ်ဆေးမှုပြုလုပ်ပါသည်။ စစ်ဆေးတွေ့ရှိရသည့် အချက်များထဲမှ ကုသရန်လိုအပ်သည်များကို ကုသခဲ့ပါသည်။ ထိုကဲ့သို့ ကုသပြီးသည့်အချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီးရုံးခန်းတွင် စာရေးသူ တင်ထားခဲ့သည့် နာမကျန်းပင်စင်အတွက် ဆေးခုံအဖွဲ့ဖွဲ့ကာ စာရေးသူအား စစ်ဆေးခဲ့ကြပါသည်။ ထိုသို့စစ်ဆေးစဉ် ဆေးခုံအဖွဲ့တွင် ပါဝင်သည့် ဆရာဝန်ကြီးများက “အခုလောလောဆယ် ကျွန်တော်တို့နှင့် သက်ဆိုင်တဲ့အပိုင်း၊ အခြေအနေကတော့ ဆရာကြီးက အခုထိုင်နေကြတဲ့ ပါမောက္ခ၊ ဆရာဝန်ကြီးတွေထက်တောင် ကျန်းမာရေးအခြေအနေက ကောင်းနေတဲ့အတွက် သဘောတူ လက်မှတ်ထိုးပေးရန် အဆင်မပြေကြောင်း” ပြောပြပါသည်။ ထို့နောက် နောက်တစ်ခေါက် ပြန်လည်စစ်ဆေးရန်အတွက် ခွဲစိတ်ဆရာဝန် ပါဝင်သော ဆေးအဖွဲ့ဖြင့် စစ်ဆေးရန် တင်ပြပေးမည် ဖြစ်ကြောင်းလည်း ပြောပြပါသည်။ ခွဲစိတ်ဆရာဝန်ကြီးများ ပါဝင်သော ဆေးခုံအဖွဲ့ကလည်း စာရေးသူအား ဆင့်ခေါ်ဆက်သွယ်ပြီး ဆေးစစ်ဆေးမှုများ ထပ်မံပြုလုပ်ပေးပါသည်။

ဤတွင် စာရေးသူမှာ အခက်အခဲသုံးခုကို တစ်ပြိုင်နက်တည်း ကြုံတွေ့ရပါတော့သည်။ ပထမအခက်အခဲမှာ စာရေးသူအနေဖြင့် ဆေးကုသမှုကို ခံယူနေရသဖြင့် ဝင်ငွေမရှိသည့်အပြင် ငွေကြေးကုန်ကျမှုများ ရှိနေရခြင်း၊ ဒုတိယအခက်အခဲမှာ နာမကျန်းပင်စင်တင်ထားသည့် အခြေအနေမှာလည်း ချောမွေ့မှုမရှိနိုင်ခြင်း၊ တတိယအခက်အခဲမှာ အဆင့်မြင့်ပညာဦးစီးဌာန (အထက်မြန်မာပြည်) ကလည်း အကြောင်းကြားစာများ ပို့ခြင်းနှင့် မုံရွာစီးပွားရေးတက္ကသိုလ်မှလည်း ဌာနချုပ်သို့ အမြန်လာရောက်တာ ဝန်ထမ်းဆောင်ရန် အကြောင်းကြားစာများ အကြိမ်ကြိမ်အဆက် မပြတ်ပို့လျက်ရှိခြင်းတို့ ဖြစ်ကြပါသည်။

အထက်ဖော်ပြပါ အခြေအနေများကို ဖြေရှင်းနိုင်ရန်အတွက် စာရေးသူသည် ပညာရေးဝန်ကြီးဌာန ဝန်ကြီးထံသို့ တင်ပြခဲ့ပါသည်။ ထူးခြားမှုမရှိသည့် နောက်ဆုံးစာရေးသူအနေဖြင့် စဉ်းစားမိသည်မှာ ယခုအခြေအနေသည် တစ်ခုချင်း ဖြေရှင်းခြင်းများ ပြုလုပ်နေပါက မည်သို့မျှ ပြေလည်နိုင်စေမည့် အခြေအနေမဟုတ်သဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနကို တစ်ပြိုင်နက်တည်း ဖြေရှင်းနိုင်စေမည့် နေရာ၊ ဌာနကို စဉ်းစားရှာဖွေရပါတော့သည်။ ထို့ကြောင့် နိုင်ငံတော် ဒုတိယသမ္မတထံသို့ လိပ်မူပြီးလျှင် အခြေအနေ အသေးစိတ်ကို တင်ပြပြီး အကူအညီ တောင်းခံခဲ့ရပါသည်။

တတိယအနေဖြင့် စာရေးသူ၏ ပါမောက္ခ၊ ဌာနမှူးရာထူးကို  ကျောခိုင်းထွက်ခွာနိုင်စေရန်အတွက် ဆုံးဖြတ်ချက်ရရှိခဲ့ခြင်းကို တင်ပြပါမည်။ နိုင်ငံတော်သမ္မတရုံး၏စာအရ ပညာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာဖြင့် စာရေးသူအား အသက် ၅၁ နှစ်နှင့် စုစုပေါင်း လုပ်သက် ၂၆ နှစ်ကျော်ရှိပြီဖြစ်သည့်အတွက် မယူမနေရပင်စင် (နောက်ပိုင်း လျှော့ပေါ့ပင်စင်) အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။ ဤနေရာတွင် စာရေးသူအနေဖြင့် နိုင်ငံဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသည့်အတွက် ထူးခြားသည့် အခွင့်အရေးအဖြစ် ရရှိခဲ့သည်မှာ GSM တယ်လီဖုန်းတစ်လုံးကို ကျပ်ငါးသိန်းဖြင့် ဝယ်ယူခွင့်ရရှိခဲ့ခြင်း (ယနေ့အချိန်အထိ အသုံးပြုလျက်ရှိနေပါသည်) နှင့် ယခု ပင်စင်လစာနှင့် ဆုငွေတို့ ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ စာရေးသူအနေဖြင့် ဘဝတစ်ခုလုံးကို အခြေခံကာ တစ်သက်တာအတွက် ရွေးချယ်ခဲ့ရသည့် ကျောင်းဆရာအလုပ်ကို မြတ်နိုးတန်ဖိုးထားရှိခဲ့ပါသည်။ မည်ကဲ့သို့ ပင်ပန်းသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ အသိပညာ၊ အတတ်ပညာ၊ နည်းပညာများကို သင်ယူရန်နှင့် ဖြန့်ဖြူးပေးနိုင်ရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်မည်ဟု ရည်မှန်းထားရှိခဲ့ပါသော်လည်း အထက်တွင် ဖော်ပြသကဲ့သို့ ပတ်ဝန်းကျင် အခြေအနေအရ အသက်အန္တရာယ်ရှိပြီး အကျိုးမရှိ အချည်းနှီး အသက်သေဆုံးရမည့် အခြေအနေသို့ ရောက်ရှိလာစေသည့်အပြင် စိုက်ထုတ်သုံးစွဲနေရသည့် ငွေကြေးအခြေအနေမှာလည်း မတတ်နိုင်တော့သည့်အဆုံး ကျောခိုင်းထွက်ခွာရမည့် ဆုံးဖြတ်ချက်ကို ချမှတ်ဆောင်ရွက်ခဲ့ရခြင်းသည် မှန်ကန်သည့် လုပ်ရပ်အဖြစ် စာရေးသူအနေဖြင့် ခံယူပါသည်။

ပါမောက္ခ၊ ဌာနမှူးရာထူးကို ကျောခိုင်းထွက်ခွာပြီးသည့်နောက် ပိုမိုကျယ်ပြန့်သည် အသိပညာ၊ အတတ်ပညာ၊ နည်းပညာများကို သင်ယူ၊ ဖြန့်ဖြူးနိုင်ခဲ့သည့်အပြင် ယနေ့အချိန်အခါတွင်လည်း အသက်ရှင် နေထိုင်နိုင်လျက်ရှိပြီး စာပေများကို ရေးသားတင်ပြနိုင်လျက် ရှိနေခြင်းမှာ ကျောခိုင်းစွန့်ခွာရခြင်း၏ အကျိုးရလဒ် ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

Most Read

Most Recent