တရုတ်လူလတ်တန်းစားနှင့် အနောက်တိုင်းအမှတ်တံဆိပ်များ

တရုတ်လူလတ်တန်းစားနှင့် အနောက်တိုင်းအမှတ်တံဆိပ်များ
Photo: China Business Review
Photo: China Business Review
Published 20 November 2021
မိုးဧအောင်

၂၀၂၁ ခုနှစ် သြဂုတ်လအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ဓနဥစ္စာပြန်လည်ဖြန့်ဖြူးရေး အစီအမံနှင့် ‘အားလုံးအတွက် ဘုံညီမျှရာ ကြီးပွားချမ်းသာရေးလမ်း’ ကို ထုတ်ဖော်ပြောဆိုလိုက်သည့်အခါ စျေးကွက်က အချိန်မဆိုင်း တုံ့ပြန်ခဲ့ပါသည်။ နှစ်ရက်အတွင်း ဥရောပ၏ အကြီးဆုံးဇိမ်ခံပစ္စည်းကုမ္ပဏီကြီးလေးခုသည် စျေးကွက် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ယူရို ၆၀ ဘီလျံကျော်ကို အလျင်အမြန် အရွှေ့အပြောင်း လုပ်ခဲ့ကြသည်။

ဘေဂျင်း၏ အမိန့်အာဏာအခြေပြု စီးပွားရေးကန့်သတ်ချက်များ ပြုတတ်ပုံကို စိတ်တထင့်ထင့်ဖြစ်နေကြသော ဗီဒီယိုဂိမ်း၊ အမြတ်အစွန်းအခြေပြု ပညာရေးဝန်ဆောင်မှု နှင့် နည်းပညာပိုင်ရှင် ကုဋေကြွယ်သူဌေးကြီးများ၊ ရင်းနှီးမြှုပ်နှံသူများသည် ၂၀၂၁ ခုနှစ်ကဲ့သို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးစီမံချက်မျိုး သံသရာတစ်ပတ် ပြန်လည်လာမည်ကို စိုးရိမ်နေကြသည်။ ထိုစီမံချက်ကြောင့် ဇိမ်ခံကားများ၊ တန်ဖိုးကြီးလက်ပတ်နာရီများနှင့် စျေးကြီးသောယမကာများ အရောင်းထိုးကျခဲ့ဖူး၏။

သို့သော်လည်း လိုအပ်သည်ထက်ပို၍ သောကမထားသင့်ပါ။ အလှုပ်အခတ်များသော တိုးတက်မှုနှင့် နှိုင်းစာသော် တရုတ်တို့တွန်းရွှေ့မည့် ‘လူလတ်တန်းစား ဖွံ့ဖြိုးရေး’ ဥစ္စာဓနဖြန့်ဖြူးမှုသည် အနောက်တိုင်း နာမည်ကျော် အမှတ်တံဆိပ်များ (Western Brands) အတွက် အခွင့်အလမ်း ပေါ်ထွက်လာနိုင်သည်။ နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ အချိုးအကွေ့များကို ကျင်လည်စွာ ရှောင်ကွင်းမောင်းနှင်တတ်ဖို့တော့ လိုအပ်ပါသည်။

အကယ်၍ ဘေဂျင်းအနေနှင့် လူလတ်တန်းစားအတွက် ဥစ္စာဓနကြွယ်ဝရေးကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဆိုလျှင် နိုင်ငံတကာ ကုမ္ပဏီများအတွက် ရေကန်အသင့်၊ ကြာအသင့်ဆိုသလို ဖောက်သည်သစ်များ တိုးပွားကာ အလားအလာကောင်းများ ပေါ်ထွက်လာလိမ့်မည်။ အကြောင်းမှာ ယမကာ၊ ဇိမ်ခံပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းကုမ္ပဏီများမှာ တိုင်းပြည်အတွင်းသို့ ငွေလုံးငွေရင်းနှင့် ဝင်ရောက်လာနေကြပြီး၊ ထိုသို့ ဝင်လာနိုင်ရန်အတွက် ဘဏ္ဍာရေးဝန်ဆောင်မှု အုပ်စုများကလည်း ယခင်ကထက် ဖြေလျှော့ကာ တံခါးကျယ်ကျယ် ဖွင့်ထားကြပါသည်။

တရုတ်ပြည်တွင်း ဇိမ်ခံပစ္စည်းအရောင်းမှာ ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့စျေးကွက်၏ ၁၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၅ တွင် ၂၅ ရာခိုင်နှုန်းအထိ ကြီးထွားသွားမည်ဟု ခန့်မှန်းထားသည်။ ဇိမ်ခံပစ္စည်း တန်ဖိုးပမာဏမှာလည်း ယူရို ၂၈၁ ဘီလျံမှ ၃၆၀ ဘီလျံကျော်ထိ ရောက်ရှိသွားလိမ့်မည်။ အကြောင်းရင်းများစွာရှိသည့်အနက် စိတ်ဝင်စားဖွယ်အချက်မှာ ယခုအခါ ပြည်ပသို့ စျေးဝယ်ထွက်ကြသော တရုတ်ခရီးသည်များကို ကန့်သတ်ချက်များထားရှိပြီး ပြည်တွင်းစျေးကွက်၌ ဝယ်ယူကြရန်သာ အားပေးသည့်အတွက် တရုတ်ပြည်တွင်း၌ ဖောက်သည်သစ်များ မလွဲမသွေ တိုးပွားလာရန် အကြောင်းရှိနေသည်။

ကိုဗစ်မဖြစ်မီနှင့် နှစ်နှစ်အကြာ ယခုကာလအတွင်း တရုတ်၏ လူလတ်တန်းစားကို အထက်လွှာနှင့်အလယ်လွှာ (Upper middle & Middle class) ကို လေ့လာကြည့်သောအခါ စိတ်ဝင်စားဖွယ် အချက်အလက်များ ပေါ်ထွက်လာသည်။ ဝင်ငွေရရှိမှုကို အခြေခံကာ ပြုလုပ်ခဲ့သော စာရင်းအရ အလယ်လွှာသည် တစ်နေ့တာဝင်ငွေ အမေရိကန် ၁၀ ဒေါ်လာမှ ဒေါ်လာ ၂၀ အထိ ရရှိသူများဖြစ်ပြီး လူလတ်တန်းစား အထက်လွှာ၏ ဝင်ငွေကို ဒေါ်လာ ၂၀ မှ ၅၀ အတွင်းဟု သတ်မှတ်ပါသည်။ တရုတ်တွင်မူ ကိုဗစ်မဖြစ်မီ လူလတ်တန်းစားအထက်လွှာ ၂၆၀ သန်းနှင့် အလယ်လွှာ ၅၀၄ သန်းရှိပြီး ယခုအခါ လူလတ်တန်းစား အထက်လွှာ ၂၄၂ သန်းနှင့် အလယ်လွှာ ၄၉၃ သန်းထိ လျော့ကျသွားသည်။ တရုတ်၏ လက်ရှိလူလတ်တန်းစား စုစုပေါင်း ၇၃၅ သန်းတည်းဟူသော လူဦးရေမှာ ထုတ်လုပ်မှုနှင့် စားသုံးမှုအရဖြစ်စေ၊ တိုင်းပြည်၏ မူဝါဒအရွှေ့အပြောင်းအရဖြစ်စေ သမ္မတရှီအတွက် အဓိကထားစဉ်းစားပေးရမည့် လူတန်းစားအလွှာ ဖြစ်ပါသည်။ ထို့ကြောင့် ရှီဦးတည်လိုက်သော ဓနဥစ္စာပြန်လည်ဖြန့်ဖြူးရေး အစီအမံသည် လူလတ်တန်းစား အားလုံးအတွက် ဘုံညီမျှရာ ကြီးပွားချမ်းသာရေး လမ်းဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။

ထိုလူလတ်တန်းစား အလွှာသည် အနောက်တိုင်း နာမည်ကျော်အမှတ်တံဆိပ်များအတွက် အဓိကအားပြုရာ ဖောက်သည်စျေးကွက် ဖြစ်လာပါသည်။ “ဘယ်လိုပုံစံပဲချချ၊ လူလတ်တန်းစားရဲ့ ဝင်ငွေတိုးလာတာက ကျွန်တော်တို့အတွက် အပေါင်းလက္ခဏာပါ” ဟု Pernod Ricard ၏ စီအီးအိုအယ်လက် ဇန္ဒာရစ်ချတ်က ရှုမြင်သည်။

အလားတူ လူကုံထံကြိုက် အမှတ်တံဆိပ်များ ဖြစ်သော Gucci နှင့် Hermes တို့သည် ဝယ်ယူသူအလွှာ ကျယ်ပြန့်များပြားနိုင်သော စျေးသိပ်မကြီးသည့် အလှကုန်များကို ရွေးချယ်လျက် တရုတ်ပြည်တွင် ရင်းနှီးမြှုပ်နှံရန် စိုင်းပြင်းနေကြသည်။ သူတို့အတွက် အားကျစရာမှာ L’Oreal သည် ယခုတတိယ သုံးလပတ်၌ ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်သော် တရုတ်ပြည်တွင်း အရောင်း၌ ၄၃ ရာခိုင်နှုန်း တက်လာခဲ့ခြင်း ဖြစ်၏။

Burberry ၏ ဘဏ္ဍာရေးအရာရှိချုပ် ဂျူလီဘရောင်းက လူလတ်တန်းစား ကြွယ်ဝမှုသည် ကောင်းမွန်သောအရာဖြစ်ပြီး သူတို့ကုမ္ပဏီကိုလည်း တိုးတက်လာစေမည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ သူ့အပြောအရ UK အခြေစိုက် ဇိမ်ခံပစ္စည်းကုမ္ပဏီ၏ ဝင်ငွေငါးပုံနှစ်ပုံမှာ တရုတ်ပြည်မှ ရရှိနေခြင်းဖြစ်ပြီး အဆိုပါဖောက်သည်များ ဝင်ငွေပိုတိုးကာ လူလတ်တန်းစားအထက်လွှာ ဖြစ်သွားပါက ကုမ္ပဏီအမြတ်အစွန်းအတွက် ပူပင်စရာမလိုဟု ဆိုပါသည်။

Nestle သည် လက်ရှိကာလ၌ တိုင်ဝမ်နှင့် ဟောင်ကောင် အပါအဝင် ပိုမိုကြီးမားကျယ်ပြန့်သော တရုတ်ဒေသကြီး၏ အရေးပါမှုအတွက် မဟာဗျူဟာမြောက် စျေးကွက်မြှင့်တင်မှုများကို ဆောင်ရွက်နေသည်။ ဆွစ်အစားအသောက်အုပ်စု၏ Nespresso နှင့် Starbucks ကဲ့သို့သော အမှတ်တံဆိပ်များသည် လူလတ်တန်းစားအလွှာနှင့် သက်ငယ်ပိုင်း ဖောက်သည်များအကြား ရေပန်းစားလာနိုင်ကြောင်း မျှော်လင့်လျက်ရှိသည်။

တရုတ်စျေးကွက်၏ ဆွဲဆောင်မှုနှင့်အတူ ကုမ္ပဏီများအနေနှင့် အမြတ်အစွန်းရရှိရန်မှာ အဓိကကျသော စိန်ခေါ်ချက်များလည်း ရှိနေသည်။

တရုတ်လူမျိုးတို့၏ ဖောက်သည်ဆိုင်ရာ အပြုအမူများမှာ ယခင်ကထက် ပိုမိုရှုပ်ထွေး သိမ်မွေ့လာနေသည်။ နည်းပညာအခြေပြု ၀ါဏိဇ္ဇဗေဒ (ecommerce) ပလက်ဖောင်း တည်ထောင်သူ လူချမ်းသာများက အလွန်မတန် ကြွယ်ဝချမ်းသာသူများကို အစောပိုင်း စျေးကွက်ပစ်မှတ်အဖြစ်ထားရှိခဲ့ပုံမှာ ပျက်ပြယ်သွားခဲ့ရဖူးသည်။ အမှန်တကယ် ပေါ်ထွက်လာသောရလဒ်မှာ Alibaba နှင့် JD.com တို့၏ လွန်ခဲ့သော သီတင်းပတ်က ပြုလုပ်ခဲ့သည့် ‘Singles Day’ ကဲ့သို့သော ပရိုမိုးရှင်းများက စံချိန်တင် အရောင်းမှတ်တမ်းဝင်ခဲ့လေသည်။

ယေဘုယျ သဘောအတိုင်းဆိုရလျှင် အမှတ်တံဆိပ်တို့မည်သည် ဖောက်သည်သစ်များကို ဆွဲဆောင်နိုင်ရန်အလို့ငှာ ပြောင်ပြောင်လက်လက်၊ ပြူးပြူးပြဲပြဲ လုပ်ပြနေကျ ဖြစ်သည်။ ပစ္စုပ္ပန်၌ အစိုးရမီဒီယာက ဖျော်ဖြေသူများနှင့် အရောင်းမြှင့်တင်ရေး သြဇာရှိသူများ၏ တင်ဆက်မှုများမှာ ‘မိန်းမလိုမိန်းမရ ဆန်လွန်းသည်’ ဟူသော အကြောင်းပြချက်ဖြင့် ကြော်ငြာများကို ပယ်ချထားသည်။ ဤအခြေအနေများက ကုမ္ပဏီများကို ပြူးပြူးပြာပြာ ဖြစ်သွားစေခဲ့ပြီး သူတို့ကုန်ပစ္စည်းများကို အရောင်းလျာထားချက် ပြည့်မီစေရေးအတွက် မည်သို့ ပရိုမိုးရှင်းလုပ်ရမည်ဟူသော အစိုးရလက်ခံနိုင်မည့် နည်းလမ်းများ ရှာဖွေလာရသည်။

အနောက်တိုင်းကုမ္ပဏီများ ထပ်မံရင်ဆိုင်နေရသည်မှာ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ အကျပ်အတည်းများနှင့် ပတ်သက်သော ဖိအားပေးမှုများ ဖြစ်သည်။ ဟောင်ကောင်နှင့် ရှင်ကျန်းဒေသ ပဋိပက္ခများကို အကြောင်းပြကာ လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူများက လာမည့်နှစ်တွင် ကျင်းပမည့် ဘေဂျင်းအိုလံပစ်အတွက် အဓိကပ့ံပိုးသူ Visa ၊ Coca-Cola ၊ Airbnd နှင့် Omega ကုမ္ပဏီကြီးများကို ဦးတည်ဝေဖန်လျက်ရှိသည်။

ကုမ္ပဏီများအနေနှင့် ဘေဂျင်းက ရေးဆွဲထားသော တင်းကျပ်သည့်စည်းမျဉ်းများကို လိုက်နာနေရသည့် တစ်ချိန်တည်း၌ပင် တရုတ်အမျိုးသားရေးဝါဒီ စားသုံးသူများ၏ ဒေါသကိုလည်း အရိပ်အခြည် ကြည့်နေရသည်။ လွန်ခဲ့သောသီတင်းပတ်က Adidas သည် ရှင်ကျန်းနယ်၌ အဓမ္မလုပ်အားစေခိုင်းမှုရှိခဲ့သည်ဟုဆိုကာ စာသုံးသူများ၏ သပိတ်မှောက်ခြင်းကို ရင်ဆိုင်ခဲ့ရပြီး တရုတ်၊ ဟောင်ကောင်နှင့် တိုင်ဝမ်တို့တွင် သုံးလပတ်နှစ်ကြိမ် ဆက်တိုက် အရောင်းဝင်ငွေ ၁၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

တစ်ဖက်တွင်လည်း တရုတ်စားသုံးသူများသည် ပြည်ပအမှတ်တံဆိပ်များကို သုံးစွဲမှုမှသည် ပြည်တွင်းတံဆိပ်များကို တဖြည်းဖြည်း ပြောင်းလဲသုံးစွဲလာသည်မှာ ဆယ်စုနှစ်တစ်ခုခန့်ရှိပါပြီ။ နိုင်ငံရေးအရ တင်းမာမှုများကလည်း ဤလမ်းကြောင်းဆီ မရောက်ရောက်အောင် တွန်းပို့နေသည်။ သမ္မတရှီနှင့် သမ္မတဘိုင်ဒင်တို့အကြား ထိပ်သီးချင်း စကားပြောခဲ့ကြသည့်တိုင် သခွပ်ပင်က မီးတကျီကျီ ရှိနေဆဲပင် ဖြစ်ပါ၏။ တစ်ဖန် တရုတ်ပြည်၏ တတိယသုံးလပတ် စီးပွားရေးတိုးတက်မှုနှုန်း ဖြစ်သော ၄.၉ ရာခိုင်နှုန်းသည် ယခုနှစ်အတွင်း အနိမ့်ဆုံးကိန်းဂဏန်း ဖြစ်နေပြန်သည်။

ယခုအခါ နိုင်ငံတကာကုမ္ပဏီကြီးများသည် လူချမ်းသာပေါများလာမည့် တရုတ်ပြည်စျေးကွက်အတွက် နက်ကုန်ဖွင့် ရွက်စုံလွှင့်ရန် ပြင်ဆင်နေကြပါပြီ။ Diageo သည် ယခုလအတွင်း တရုတ်ပြည်တွင်သူ၏ ပထမဆုံး ဝီစကီစက်ရုံကို ‘လူလတ်တန်းစား ဖောက်သည်များ’ အပေါ် အားကိုးလျက် တည်ထောင်လိုက်ပါပြီ။

Gavekal ၏ စားသုံးသူရေးရာ ပိုင်းခြားစိတ်ဖြာ အကြံပေးပုဂ္ဂိုလ် အာနန်ချွိုင်က “ဇိမ်ခံပစ္စည်း ကုမ္ပဏီတွေအတွက် ဒီအချိန်က ရွှေရောင်ကာလပဲ။ ဖောက်သည်တွေ ချမ်းသာလာလေလေ၊ အမြတ်ရဖို့ သေချာလာလေလေပဲ” ဟု ပြောဆိုခဲ့သည်။

Most Read

Most Recent