COVID-19 ကာကွယ်ဆေးလှူဒါန်းခြင်းအပါအဝင် ရခိုင်၊ ကချင်နှင့် ကရင်ပြည်နယ်များတွင် ပြန်လည်ထူထောင် ရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၁၇ သန်း လျာထားကြောင်း နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ပြောကြား

COVID-19 ကာကွယ်ဆေးလှူဒါန်းခြင်းအပါအဝင် ရခိုင်၊ ကချင်နှင့် ကရင်ပြည်နယ်များတွင် ပြန်လည်ထူထောင် ရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၁၇ သန်း လျာထားကြောင်း နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ပြောကြား
Published 19 November 2021

COVID-19 ကာကွယ်ဆေးလှူဒါန်းခြင်း အပါအဝင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာ ၁၇ သန်း လျာထားကြောင်း ဂျပန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာငြိမ်းချမ်းရေးအထူးကိုယ်စားလှယ်၊ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက ပြောကြားသည်။

ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေးအထူးကိုယ်စားလှယ်၊ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ Melia ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ထိုသို့ ပြောကြားခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဒီမြန်မာနိုင်ငံအတွက် ကူညီပံ့ပိုးဖို့အတွက်ကို လျာထားတဲ့ငွေ စုစုပေါင်းဟာဆိုလို့ရှိရင် အမေရိကန်ဒေါ်လာ ၁၇ သန်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမြန်မာနိုင်ငံမှာ ရန်ကုန်မှာလည်း နိပွန် ဖောင်ဒေးရှင်းရုံးရှိတဲ့အတွက်ကြောင့်မို့လို့ ဒီကူညီပံ့ပိုးမှုတွေအားလုံးကို နိပွန်ဖောင်ဒေးရှင်းအနေနဲ့ တိုက်ရိုက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက ပြောကြားသည်။

၎င်းအနေဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် COVID-19 ရောဂါနှင့်ပတ်သက်၍ ဆေးဝါးများစွာ လိုအပ်နေသေး ကြောင်းကို ပြည်သူလူထုထံမှ ကြားသိရသည့်အတွက် အနည်းဆုံး COVID-19 ကာကွယ်ဆေးတစ်သန်းကို အမြန်ဆုံး လှူဒါန်းပေးမည်ဟု မစ္စတာ ဆာဆာကာဝါက ပြောကြားသည်။

“ကျွန်တော် လာရောက်လေ့လာတဲ့အချိန်မှာ မြန်မာနိုင်ငံမှာ COVID-19 နဲ့ပတ်သက်ပြီးတော့မှ ဆေးဝါးတွေ အများကြီး လိုအပ်နေဆဲဖြစ်တယ်ဆိုတဲ့အကြောင်းကို အများပြည်သူတွေဆီကနေ ကျွန်တော် အများကြီး ကြားသိခဲ့ရပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ COVID ကာကွယ်ဆေး အနည်းဆုံး တစ်သန်းကို ကျွန်တော် လှူသွားမှာဖြစ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုလို့ရှိရင် ဒီထက်ပိုပြီးတော့မှ လှူနိုင်အောင် ကျွန်တော် ကြိုးစားသွားပါမယ်။ ဒီလိုလှူဒါန်းတဲ့နေရာမှာလည်း အတတ်နိုင်ဆုံး အမြန်ဆုံး ကျွန်တော် ကြိုးစား သွားမှာဖြစ်တဲ့အပြင် ဒီ COVID ကာကွယ်ဆေးကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကနေတစ်ဆင့် ကျွန်တော် လှူဒါန်းပေးမှာဖြစ်ပါတယ်”ဟု မစ္စတာ ဆာဆာကာဝါက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်များအတွက် နေအိမ်များ ဆောက်လုပ်ခြင်းအပါအဝင် မူလတန်းကျောင်း၊ အလယ်တန်းကျောင်းများ ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းစဉ်အတွက် အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ သန်း လျာထားကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်များရှိ စစ်ဘေးရှောင်များအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် နီပွန်ဖောင်ဒေးရှင်းက ကူညီဆောင်ရွက်ပေးမည့် လုပ်ငန်းများ အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၇ သန်း လျာထားကာ အဆိုပါ ကူညီထောက်ပံ့ခြင်းများကို ရန်ကုန်ရှိ နီပွန်ဖောင်ဒေးရှင်းမှ တိုက်ရိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မစ္စတာ ဆာဆာကာဝါက ပြောကြားသည်။    

Most Read

Most Recent