ယခုစနေနေ့တွင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ်-အာဆင်နယ်ပွဲမတိုင်မီ နှစ်သင်းစလုံး၌ အ ဓိကကစားသမားများ ဒဏ်ရာရသည့် ပြဿနာရှိနေကြောင်း သိရသည်။
အာဆင်နယ်အသင်းတွင် အသင်းခေါင်းဆောင် အူဘာမီယန်း၏ ကြံ့ခိုင်မှုအခြေအနေကို တာဝန်ရှိသူများက စောင့်ကြည့်နေပြီး လီဗာပူးလ်နှင့်ပွဲတွင် ပါဝင်နိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။
ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းသည် ဂါဘွန်(၁-ဝ)လစ်ဗျားပွဲတွင် ဒဏ်ရာရရှိပြီးနောက် အီဂျစ်(၂-၁)ဂါဘွန်ပွဲတွင် မကစားနိုင်ဘဲ အာဆင်နယ်အသင်းသို့ စောစီးစွာ ပြန်ရောက်လာခဲ့သည်။
ပြီးခဲ့သည့်နိုင်ငံတကာရက်သတ္တပတ်အတွင်း မိမိတို့ သက်ဆိုင်ရာလက်ရွေးစင်အသင်းများသို့ သွားရောက်ခဲ့ ကြသော လီဗာပူးလ်ကစားသမားများထဲမှ ဆီနီဂေါတိုက်စစ်ကစားသမား မာနေနှင့် အင်္ဂလန်ကွင်းလယ်လူ ဟန်ဒါဆန်တို့မှာလည်း ဒဏ်ရာပြဿနာများကြောင့် လီဗာပူးလ်အသင်းသို့ စောစီးစွာ ပြန်လည်ရောက်ရှိလာခဲ့ကြကြောင်း သိရှိရသည်။
လီဗာပူးလ်အသင်းတွင် ဘရာဇီးလ်တိုက်စစ်မှူး ဖေမီနိုမှာလည်း ဒဏ်ရာပြဿနာရှိနေ၍ ဘရာဇီးလ်အသင်း၏ ကမ္ဘာ့ဖလားခြေ စစ်ပွဲစဉ်များတွင် မပါဝင်နိုင်ခဲ့ပေ။
ပြီးခဲ့သည့် တနင်္လာနေ့က စကော့တလန်နှင့် ဒိန်းမတ်အသင်းတို့ ကစားခဲ့သော ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် စကော့တလန်အသင်းခေါင်းဆောင်ဖြစ်သူ လီဗာပူးလ်နောက်ခံလူ ရောဘတ်ဆန်မှာလည်း တံကောက် ကြောဒဏ်ရာရရှိသွားခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် လီဗာပူးလ်အသင်း၏ ဒဏ်ရာရကစားသမားများထဲမှ မာနေ၊ ဟန်ဒါဆန်တို့်မှာ အသင်း၏ လေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နေကြကြောင်း သိရသည်။