ဆေးပေါလိပ်ကို ပါးစပ်မှာခဲထားပြီး အက္ခရာတွေကို ဆေးခြယ်နေတဲ့ အဘိုးအိုတစ်ယောက်ရဲ့ ပုံပန်းသဏ္ဌာန်ဟာ ကျွန်တော့်စိတ်ကို ညှို့ယူဆွဲငင်ထားတယ်။ အသက်အရွယ်နဲ့ မလိုက်အောင် အဘိုးအိုရဲ့ မျက်လုံးတွေဟာ အရောင်တောက်ပနေတယ်။ သူ့မျက်ဝန်းတွေဟာ သူ့အလုပ်မှာ ဘယ်လောက်ထိ စိတ်နှစ်ထားကြောင်းကို သက်သေပြနေတဲ့ အလားပဲ။ အရေတွန့်နေတဲ့ လက်ချောင်းတွေကလည်း ကကွက်တစ်ခုကို ကြိုးစားပမ်းးစားပုံဖော်နေသလို လှုပ်ရှားနေတယ်။ စုတ်တံအသေးလေးတစ်ချောင်းဟာ သူ့လက်ထဲမှာ မြူးကြွစွာ ကခုန်လို့။ ဒါဟာ ပန်းချီကားတစ်ချပ်ဆိုရင် သက်ဝင်လှုပ်ရှားနေတဲ့ ပန်းချီကားတစ်ချပ်ပါပဲ။ သူ့ဘေးပတ်ပတ်လည်မှာလည်း ရောင်စုံဆေးဗူးတွေ၊ အရွယ်အစားစုံတဲ့ စုတ်တံတွေ၊ အက္ခရာစာလုံးတွေ ထည့်ထားတဲ့ စက္ကူဗူးတွေ ပြန့်ကျဲနေတယ်။ တချို့စက္ကူဗူးထဲက အက္ခရာတွေက ဆေးရောင်ခြယ်ပြီးသားတွေ၊ တချို့စက္ကူဗူးထဲက အက္ခရာတွေကတော့ ဘာဆေးမှခြယ်ထားတာ မတွေ့ရသေးဘူး။ အဘိုးအိုဟာ သူ့ဘေးနားကို လူတစ်ယောက်ရောက်နေတာကို သတိထားမိဟန်မတူဘူး။
“အဘိုး ဘာလုပ်နေတာလဲ”
“ဘာများ ပြောမလဲ” လို့ အတော်လေးကြာတဲ့အထိ စောင့်နားထောင်နေပေမဲ့ အဘိုးအိုဆီက ဘာစကားသံမှ မကြားရဘူး။ အဘိုးအိုဟာ သူ့အလုပ်ကိုသာ ဂရုတစိုက် လုပ်နေတယ်။ အလုပ်မှာ အာရုံစိုက်နေလို့ မကြားတာလား၊ ဖြေစရာမလိုလို့ပဲ တကူးတက မဖြေတာလား၊ တကယ်ဆို ကျွန်တော် မေးလိုက်တဲ့မေးခွန်းကလည်း မေးစရာမလိုတဲ့ မေးခွန်းပါ။ သူအခုလုပ်နေတဲ့အလုပ်က သူဘာလုပ်နေတယ်ဆိုတာကို ညွှန်ပြပေးတာပဲ။ ကျွန်တော်ကသာ စကားမရှိစကားရှာပြီး မေးလိုက်မိတာ။ ဘေးနားမှာ အသင့်ရှိနေတဲ့ ထိုင်ခုံအလွတ်တစ်လုံးပေါ် ကျွန်တော်ထိုင်ချလိုက်ပြီး အဘိုးအိုတစ်ယောက်ရဲ့ လုပ်ငန်းကို စေ့စေ့ငုံငုံ ကြည့်နေမိတယ်။
“အလုပ်အပ်ချင်လို့လား ကောင်လေး”
“မဟုတ်ပါဘူး အဘိုး၊ အဘိုးလုပ်နေတာကို သက်သက်ထိုင်ကြည့်နေတာပါ”
“စိတ်ဝင်စားတယ်ပေါ့”
ကျွန်တော် ဘာမှပြန်မဖြေဘဲ အသာလေးငြိမ်နေမိတယ်။ ကျွန်တော့်ကိုယ်ကျွန်တော်လည်း သံသယဖြစ်နေတယ်လေ။ ကျွန်တော်ဟာ အဘိုးအိုရဲ့ လုပ်ငန်းကို စိတ်ဝင်စားနေတာလား၊ အဘိုးအိုရဲ့အလုပ်လုပ်နေတဲ့ ပုံရိပ်လွှာကိုပဲ စိတ်ဝင်စားနေတာလားဆိုတာ ကျွန်တော်ဝေခွဲလို့ မရသေးဘူး။ အဘိုးအိုကလည်း ကျွန်တော် စိတ်ဝင်စားခြင်း၊ မစားခြင်းကို သိပ်စိတ်ဝင်စားပုံမရဘူး။ သောက်လက်စဆေးလိပ်တိုကို ချထားလိုက်ပြီး သူဆေးခြယ်ထားတဲ့ အက္ခရာစာလုံးလေးတွေကို တစ်ခုချင်းစီကိုင်ပြီး စိုက်ကြည့်နေတယ်။ ပြီးတော့ ကျွန်တော် ဘာမှမမေးရသေးဘဲ အဘိုးအိုဟာ သူလုပ်နေတဲ့အလုပ်အကြောင်းကို စတင်ပြောလာတယ်။
“ငါဒီအလုပ်ကို လုပ်နေတာ နှစ်ပေါင်းလေးဆယ်ပြည့်တော့မယ်။ အလုပ်ကတော့ မဆိုးပါဘူး။ တွက်ချေကိုက်တယ်။ ငါ့စားဝတ်နေရေး မပူရဘူး။”
သူ့ပြောဟန်ဆိုဟန်က ကျွန်တော့်ကို ပြောပြနေတဲ့ပုံစံထက် သူ့ကိုသူပြောနေတဲ့ပုံစံက ပိုပြီး အလေးသာနေတယ်။ ကျွန်တော်လည်း သူ့စကားတွေကို ဂရုတစိုက် နားထောင်နေမိတယ်။ စကားလုံးတွေကတော့ အဘိုးအိုရဲ့ နှုတ်ဖျားမှာ ဆက်လက်စီးဆင်းနေတုန်းပဲ။
“ဒါပေမဲ့ ငါ့စိတ်ဟာ တည်ငြိမ်မှုမရခဲ့ဘူး။ ကြည်နူးရတဲ့အခါရှိသလို ဝမ်းနည်းရတဲ့အခါတွေလည်း ရှိတယ်။ တခါတလေ ကိုယ်လုပ်နေတဲ့အလုပ်အကြောင်းစဉ်းစားမိရင် ညဘက်တွေမှာ အိပ်လို့မပျော်တော့ဘူး။ ငါဟာ ကြံရာပါများဖြစ်နေမလား” ဆိုတဲ့ အတွေးက အမြဲတစေ နှိပ်စက်နေတယ်။ ဘာကိုရည်ရွယ်ပြီး ပြောနေတာလဲဆိုတာကို သေချာမသိပေမဲ့့ အဘိုးအိုရဲ့အသံက လေးနက်တဲ့အသွင်ကို ဆောင်နေတော့ ကျွန်တော်လည်း ဘာမှပြန်မမေးဘဲ ဆက်နားထောင်နေမိတယ်။ အဘိုးအိုဟာ သူကိုင်ကြည့်နေတဲ့ အက္ခရာလေးတွေကို ပြန်ချလိုက်တယ်။ ပြီးတော့ စုတ်တံကို ပြန်ကိုင်ပြီး ဆေးမခြယ်ရသေးတဲ့ အက္ခရာတွေကို ဆက်ဆေးခြယ်နေတယ်။
“ခက်တယ်၊ လူတွေ သိပ်ခက်တယ်။ အက္ခရာချင်းတူတာတောင် ဆေးရောင်လှတဲ့ အက္ခရာတွေကို ပိုပြီးစိတ်ဝင်စားကြတယ်။ အက္ခရာအရည်အသွေး ကောင်း၊ မကောင်းဆိုတာကိုကျတော့ သိပ်စိတ်မဝင်စားကြဘူး”
အဘိုးအိုဟာ ပါးစပ်ကသာ စကားတွေ တတွတ်တွတ်ပြောနေပေမဲ့ သူလုပ်နေတဲ့ အလုပ်ကိုတော့ ရပ်မထားဘူး။ ဆက်လုပ်နေဆဲပဲ။ သူ့ကြည့်ရတာ သူလုပ်နေတဲ့ အလုပ်ကလွဲပြီး တစ်လောကလုံးကို မေ့ထားတဲ့ပုံပဲ။ ကျွန်တော်ဘေးနားမှာ ရှိနေတယ်ဆိုတာတောင် သတိထားမိရဲ့လား မသိဘူး။
“ဒီတော့ လုပ်စားတဲ့သူတွေကလည်း လုပ်စားလို့ကောင်းတာပေါ့။ အက္ခရာတွေ ထုဆစ်တဲ့သူတွေကရော၊ အက္ခရာဖြန့်ချိတဲ့သူတွေကရော အက္ခရာတွေရဲ့ အရည်အသွေးကို ထည့်မတွက်တော့ဘူး။ ရောင်းရရင်ပြီးရောဆိုတဲ့သဘောနဲ့ အရည်အသွေးမီမီ၊ မမီမီ အက္ခရာတွေကို ဆေးဆိုးပန်းရိုက်လုပ်ပြီး ရောင်းစားနေတော့တာပဲ။ တချို့အက္ခရာတွေဆိုရင် ဘာမှတာရှည်မခံလိုက်ဘူး။ ပိုးထိုးတာနဲ့၊ ခြကိုက်တာနဲ့၊ ပဲ့ရွဲ့တာနဲ့ တစ်နှစ်မပြည့်ခင် ပျက်စီးသွားတာချည်းပဲ။ လူတွေကလည်း အက္ခရာတွေကို ပျော်တော်ဆက်လို သဘောထားကြသလား မသိဘူး၊ တစ်ခါလောက် လှတပတသုံးလိုက်ရရင်ကျေနပ်သွားကြတယ်”
အဘိုးအိုဟာ မျက်စိညောင်းသွားဟန်တူပါရဲ့။ စုတ်တံကို ချထားပြီး ဆေးလိပ်တိုကို ပြန်မီးညှိတယ်။ ပြီးတော့ မျက်လုံးလေးစင်းပြီး ဆေးလိပ်ဖွာနေတယ်။ အတော်လေးကြာတော့ ရယ်မောရင်း စကားဆက်ပြောတယ်။
“အဲဒီအထဲမှာ ငါလည်း ကြံရာပါပေါ့ကွာ၊ ငါက သိသိကြီးနဲ့ အက္ခရာအရည်အသွေးကို မငဲ့ဘဲ သူတို့လိုချင်တဲ့ အရောင်တွေကို ဆေးခြယ်ပေးနေခဲ့တာလေ။ တကယ်တော့ ဒီဆေးခြယ်တဲ့အလုပ်ကို ငါတကယ်ဝါသနာပါခဲ့တာပါ။ ငါချစ်တဲ့ အက္ခရာလေးတွေကို ဆေးခြယ်ပေးရတာ သိပ်ပျော်ဖို့ကောင်းတယ်။ အက္ခရာလေးတွေကို ဆေးခြယ်ပေးနေရရင် စိတ်ထဲကြည်နူးတယ်။ ဒါပေမဲ့ကွာ”
ဝမ်းနည်းတဲ့စိတ်ဟာ အဘိုးအိုရဲ့အသံကို အုပ်မိုးလွှမ်းခြုံသွားသလိုပဲ။ အသံက ဆို့နင့်နင့်နဲ့၊ စကားပြောရင်း တိမ်ဝင်သွားတယ်။ စောစောက တောက်ပနေတဲ့ မျက်လုံးအရောင်တွေလည်း တဖြည်းဖြည်း မှေးမှိန်ပျောက် ကွယ်သွားတယ်။
“ဒါပေမဲ့ကွာ စားဝတ်နေရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ငါမချစ်တဲ့အက္ခရာတွေကိုလည်း ငါဆေးခြယ်ပေးနေရတာပဲ။ ငါမပျော်တော့ဘူး။ ငါငြင်းဆန်ကြည့်တယ်။ မရခဲ့ဘူး။ ငါဟာ တခြားအလုပ်ကိုလည်း မလုပ်တတ်ဘူး၊ လုပ်လည်း မလုပ်ချင်ဘူး။ ဒီအလုပ်ပဲ ငါလုပ်တတ်တယ်။ ဒီအလုပ်ကိုပဲ ငါစိတ်ဝင်စားတယ်။ ဒီတော့ ကြိတ်မှိတ်ပြီး လုပ်နေရတဲ့ အပိုင်းတွေပါလာရော။ အင်း . .။ ဒါကြောင့်လည်း ငါဝမ်းနည်းရတာပေါ့”
အဘိုးအိုဟာ ငြိမ်သက်သွားတယ်။ ဘာစကားမှ မပြောတော့ဘဲ ဖင်စီခံကပ်နေတဲ့ ဆေးလိပ်တိုကိုသာ ဆက်ဖွာနေတယ်။ ပြောစရာစကားပဲ မရှိတော့တာလား၊ မောပဲမောသွားတာလား၊ ဒါမှမဟုတ် ဆက်ပြောဖို့အတွက်ပဲ စဉ်းစားနေတာလား။ ကျွန်တော် အဘိုးအိုကို စိုက်ကြည့်နေမိတယ်။ အဘိုးအိုရဲ့ တုန်ရီမည်းညစ်နေတဲ့ နှုတ်ခမ်းကနေ ပြုံးပန်းတစ်ပွင့်ဟာ ပွင့်ထွက်လာတယ်။ ဘာများ သဘောကျနေပါလိမ့်။
“ဘာပဲပြောပြော အတွေ့အကြုံအသစ်တွေတော့ အမြဲရတယ်။ တချို့လူတွေရဲ့ အက္ခရာတွေက တကယ်အရည်အသွေးမှီတယ်။ ဒါပေမဲ့ သူတို့မှာ သူတို့အက္ခရာတွေကို အရောင်တင်ဖို့၊ ဆေးခြယ်ဖို့ မတတ်နိုင်ဘူး။ ပိုဆိုးတာက သူတို့အက္ခရာတွေကို စျေးကွက်ပို့ပေးမယ့်သူ မရှိတာပဲ။ သူတို့ကို ကူညီမယ့်သူလည်း မရှိဘူး။ ဒီလိုနဲ့ အရည်အသွေးပြည့်ဝတဲ့ အက္ခရာကောင်းတွေဟာ ချောင်ထဲမှာ တိမ်မြှုပ်ပျောက်ကွယ်သွားရတယ်။ ဝမ်းနည်းစရာ သိပ်ကောင်းတယ်။ ငါနဲ့ ထိပ်တိုက်တွေ့တဲ့လူဆိုရင်တော့ ငါတတ်နိုင်သလောက် ကူညီပေးလိုက်တယ်။ တစ်ခါတလေ အလကားဆေးခြယ်ပေးလိုက်တယ်။ တချို့လူတွေရဲ့ အက္ခရာတွေကျတော့လည်း အဆင့်မမှီဘူး။ အရည်အသွေးမပြည့်ဝဘူး ပြောရမှာပေါ့။ ဒါပေသိ ပိုက်ဆံလေးရှိတဲ့အခါကျတော့ ဆေးတွေ အကောင်းဆုံး ခြယ်ကြတယ်။ အရောင်တွေ တင်ကြတယ်။ အောင်မယ်၊ အဲဒါက အလုပ်တော့ဖြစ်သား။ အဲ့သလိုဟာတွေက စျေးကွက်ဝင်နေတာ။ အုံ့အုံ့ကြွကြွပဲ။ ငါတော့ ငိုရမလို ရယ်ရမလိုပါပဲ။ ခေတ်ကာလကြောင့်ပဲလားတော့ မသိပါဘူးကွာ။ တချို့အက္ခရာတွေဆို ရှေးတုန်းကအက္ခရာတွေတိုင်းပဲ၊ ရှေးဟောင်းအက္ခရာတွေကို တုထားတာတွေ။ အရောင်လေးဘာလေး ပြောင်းပေးထားတာပဲ ရှိတယ်။ တချို့အက္ခရာပုံစံတွေကျတော့လည်း မဲပြာပုဆိုး၊ တခါလာလည်းဒါ၊ တခါလာလည်း ဒါနဲ့ ထင်ရှားပြီးသား အက္ခရာတွေကို ချာလည်လှည့်သုံးနေတာ။ ဆန်းသစ်တဲ့ လက်ရာမပါဘူး”
ညနေဟာ အမှောင်ထုထဲကို စတင်တိုးဝင်နေပြီ။ အဘိုးအိုရဲ့စကားတွေကို ဆက်နားထောင်ချင်သေးပေမဲ့့ ပြန်ချိန်တန်ပြီဆိုတဲ့အသိက ကျွန်တော့်စိတ်ကို လှုပ်နှိုးနေတယ်။ ကျွန်တော် မတ်တပ်ထရပ်လိုက်ပြီး အဘိုးအိုကို နှုတ်ဆက်လိုက်တယ်။
“နားထောင်လို့တော့ ကောင်းတယ် အဘိုး၊ ဒါပေမဲ့ ကျွန်တော်ပြန်ရတော့မယ်။ အဘိုးပြောတဲ့ စကားတွေထဲမှာ တချို့စကားကို ကျွန်တော်နားမလည်လိုက်ဘူး။ အဘိုးကိုလည်း ထပ်မရှင်းပြခိုင်းချင်တော့ပါဘူး။ တော်ကြာထပ်ရှင်းလိုက်မှ အဘိုးပြောတဲ့စကားတွေ ပေါ့ပျက်ပျက်ဖြစ်သွားဦးမယ်။ အဘိုးလည်း အဘိုးစကားကို ထပ်ရှင်းပြချင်မှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဘိုးစကားတွေကို ကျွန်တော် သေသေချာချာ မှတ်သားထားပါတယ်”
“အေး ငါကလည်း ငါ့စိတ်ထဲရှိတာ ငါပြောချလိုက်တာပဲ။ မင်းနားလည်အောင်လည်း မရည်ရွယ်ခဲ့သလို၊ မင်းနားမလည်အောင်လည်း တမင်မဖန်တီးခဲ့ဘူး”
“ဟုတ်ပါတယ် အဘိုး၊ အဘိုးစိတ်ထဲရှိတာ အဘိုးပြောတာပါ။ ကျွန်တော်က စိတ်ဝင်စားလို့ တကူးတက နားထောင်နေမိတာပါ။ အဘိုးဆီက ကျွန်တော်ခွင့်တစ်ခုတောင်းချင်ပါတယ်။ အခုအဘိုးပြောခဲ့တဲ့စကားတွေကို အက္ခရာတွေအဖြစ် ထုဆစ်ပုံဖော်ထားချင်ပါတယ်။ အဘိုး ခွင့်ပြုနိုင်မလား”
အဘိုးအို ခွင့်ပြုမှာလား၊ ငြင်းဆန်မှာလား။ ရင်တထိတ်ထိတ်နဲ့ ကျွန်တော်စောင့်နေမိတယ်။ အဘိုးအိုက မတ်တပ်ထရပ်ပြီး လက်ထဲက ဆေးလိပ်တိုကို လွှင့်ပစ်လိုက်တယ်။ ပြီးတော့ ကျွန်တော့်ကို သေသေချာချာ ကြည့်တယ်။ အဘိုးအိုရဲ့အကြည့်တွေကို ကျွန်တော်ကြာကြာရင်မဆိုင်ရဲဘူး။ သူ့အကြည့်တွေက ကျွန်တော့်စိတ်ထဲမှာ ဘာရှိနေသလဲဆိုတာကို ရှာဖွေနေသလိုပဲ။ အဘိုးအိုက ကျွန်တော့်ပုခုံးပေါ် လက်တင်လိုက်တယ်။
“အေးလေ၊ ဒါက မင်းသဘောပေါ့။ တစ်ခုတော့ရှိတယ်။ ငါပြောတဲ့စကားတွေကို ငါ့ဆီမှာအရောင်လာမတင်ဘူး၊ ဆေးလာမခြယ်ဘူးဆိုတဲ့ ကတိတော့ မင်းမေးရမယ်။ ဘယ်နဲ့လဲကောင်လေး မင်းပေးနိုင်မလား”
ကျွန်တော် အံ့သြသွားတယ်။ ဘာဖြစ်လို့ပါလိမ့်။ ဘာဖြစ်လို့ အဘိုးအိုက သူ့အက္ခရာတွေကို သူဆေးမခြယ်ချင်ရတာလဲ။ နားမလည်ခြင်းတွေဟာ ပြန်ခါနီးထိ ကပ်ပါလာတယ်။ ဘာပဲဖြစ်ဖြစ် အဘိုးအိုဆီက ခွင့်ပြုချက်ရလို့ ကျွန်တော် ပျော်သွားတယ်။
“စိတ်ချပါ အဘိုး၊ အဲဒီကတိကို ကျွန်တော်ပေးနိုင်ပါတယ်”
အဘိုးအိုက ပြုံးစိပြုံးစိနဲ့ ကျွန်တော့်ကို ကြည့်နေတယ်။ ပြီးတော့ ပြန်ထိုင်လိုက်ပြီး စုတ်တံပြန်ကိုင်တယ်။ သူ့အလုပ်ကို သူပြန်လုပ်မယ် ထင်ပါရဲ့။ ကျွန်တော်လည်း လေးဖင့်နေတဲ့ခြေလှမ်းတွေနဲ့ ပြန်လှည့်ထွက်လာတယ်။ လမ်းတစ်ဖက်ကို ရောက်တော့မှ အဘိုးအိုရဲ့ ဆိုင်ခန်းလေးကို သမင်လည်ပြန် လှည့်ကြည့်မိတယ်။ မြင်လိုက်ရတဲ့ မြင်ကွင်းက စိတ်မသက်သာစရာပါ။
“အက္ခရာများ ဆေးခြယ်သည်”
အဘိုးအိုဟာ တခြားအက္ခရာတွေကို ဆေးခြယ်ပေးရင်း သူ့ဆိုင်းဘုတ်က အက္ခရာတွေကို ဆေးပြန်ခြယ်ဖို့ မေ့လျော့နေခဲ့တာလား၊ ဒါမှမဟုတ် သူ့ဆိုင်းဘုတ်က အက္ခရာတွေကို ဆေးပြန်ခြယ်ချင်တဲ့စိတ်ပဲ မရှိတော့တာလား။ ဆိုင်းဘုတ်ဟာ ဆိုင်းဘုတ်နာမည်နဲ့တောင် မလိုက်ဖက်တော့ပါဘူး။ အက္ခရာတွေဟာ အတော်လေးကို အရောင်မှိန်နေပြီလေ။