တရုတ်နိုင်ငံမှ ထပ်မံဝယ်ယူသည့် COVID-19 ကာကွယ်ဆေး Sinovac တစ်သန်းနှင့် ယင်းနိုင်ငံမှလှူဒါန်းသည့် ကာကွယ်ဆေးတစ်သန်း စုစုပေါင်းနှစ်သန်း မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး အသက် ၁၂ နှစ် အထက်ကျောင်းသားကျောင်းသူများနှင့် အခြားသတ်မှတ်လူအုပ်စုများကို ဦးစားပေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ကာကွယ်ဆေးနှစ်သန်းသည် နိုဝင်ဘာ ၁၂ ရက်က ထပ်မံရောက်ရှိခဲ့ပြီး အဆိုပါကာကွယ်ဆေးများကို တိုင်းဒေသကြီး၊ ပြည်နယ်များသို့ လိုအပ်ချက်အရ ဆက်လက်ဖြန့်ဝေမည်ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၁၂ ရက်အထိ ကာကွယ်ဆေးများ ရောက်ရှိလာမှုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနက ဝယ်ယူထားသော COVIDSHIELD နှစ်သန်း၊ Sinopharm ၂၄ သန်း၊ Sinovac သုံးသန်းနှင့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့က လှူဒါန်းသည့် COVID-19 ကာကွယ်ဆေး ရှစ်သန်းကျော်ရှိကြောင်း သိရသည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံက ဝယ်ယူထားသည့် Covishield ကာကွယ်ဆေးများကို အိန္ဒိယနိုင်ငံဘက်မှ အချိန်မီ မတင်ပို့နိုင်သည့်အချိန်တွင် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့မှ ကာကွယ်ဆေးများ ရရှိနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့် ကာကွယ်ဆေးများထိုးနှံပြီး သည့်အချိန်တွင်လည်း နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်းစသည့် ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၌ အသက် ၁၈ နှစ်အထက် ၃၆ ဒသမ ၉သန်းရှိပြီး ကာကွယ်ဆေးနှစ်ကြိမ်ထိုးရမည် ဖြစ်သည့်အတွက် လက်ရှိအနေအထားအရ မရှိသေးကြောင်းနှင့် အမြန်ဆုံးရရှိရန် ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
COVID-19 ရောဂါကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးနှံခြင်း မရရှိသေးသောသူများအနေဖြင့် ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်စွာ ခံစားရနိုင်ခြေနှင့် ရောဂါကြောင့် သေဆုံးနိုင်ခြေသည် အကြိမ်ပြည့်ထိုးနှံခြင်း ခံယူထားသူများနှင့် နှိုင်းယှဉ်ပါက အလွန်မြင့်မားခြင်းကြောင့် ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူများကိုလည်း အမြန်ဆုံးထိုးနှံရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။
ယင်းကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို ဦးစားပေးကာ အစီအစဉ်အလိုက် ကာကွယ်ဆေးထိုးနှံမှု အကြိမ်ပြည့်ခံယူ၍ ရောဂါမရှိစေရေးဆောင်ရွက်ထားနိုင်မှသာ မိမိအတွက်လည်း ရောဂါကူးစက်မှုမရှိစေရေး လုံခြုံစိတ်ချရမှု ရရှိမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မားလာသည်နှင့်အတူ ရောဂါကူးစက်ဖြစ်ပွား သေဆုံးမှုများကို ထိရောက်စွာ လျှော့ချနိုင်မည်ဖြစ်ကြောင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ကာကွယ်ဆေးသာတူညီမျှစွာ ရရှိရေးအတွက် အကြံပြုထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။















