မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုရှစ်မှုထပ်တိုးဖွင့်လှစ်ဟု သိရ

မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုရှစ်မှုထပ်တိုးဖွင့်လှစ်ဟု သိရ
Published 15 November 2021
ဘိုဘိုမြင့်

မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုရှစ်မှုထပ်တိုး ဖွင့်လှစ်ထားသည်ဟု ၎င်း၏မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။

ဒေါက်တာအေးဇံအား လုပ်ပိုင်ခွင့်ကို အကြောင်းပြုပြီး စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကြေးရယူသည်ဟုဆိုကာ ပြီးခဲ့သည့် ဧပြီ ၇ ရက်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် အမှုဖွင့်ခံထားရသည့်အတွက် လက်ရှိတွင် ဒေါက်တာအေးဇံအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားသည်မှာ ကိုးမှုအထိရှိလာပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ဒေါက်တာအေးဇံမှာ CDM လှုပ်ရှားမှုတွင် ဝန်ထမ်းများအနေဖြင့် ပါဝင်ပေးကြရန် တိုက်တွန်းခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် အရေးယူခံထားရကြောင်းလည်း သိရသည်။

ဒေါက်တာအေးဇံအပေါ် စွဲဆိုထားသောအမှုများနှင့် ပတ်သက်ပြီး ကျိုက်မရောအကျဉ်းထောင်တွင် အထူးတရားရုံးဖွင့်လှစ်ကာ စစ်ဆေးနေကြောင်းနှင့် ယခုလကုန်ပိုင်းတွင် အပြီးသတ်အမိန့်ချမှတ်ဖွယ်ရှိကြောင်း ၎င်း၏မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

ယခင်ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များအနက်မှ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ အမှုငါးမှုအတွက် ထောင်ဒဏ် ၇၅ နှစ်နှင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) အမှုအတွက် ထောင်ဒဏ်နှစ်နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၇၇ နှစ် ချမှတ်ခံထားရသည့်အပြင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင်ကိုလည်း ရာဇသတ်ကြီးဥပဒေပုဒ်မ  ၅၀၅  (က) အမှုအတွက် ထောင်ဒဏ်နှစ်နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ်နှစ်နှစ်၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ  ၄၀၉ အမှုအတွက် ထောင်ဒဏ် ခုနစ်နှစ်၊ စုစုပေါင်းထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရသည်ဟု သိရသည်။

Most Read

Most Recent