အတိုင်ပင်ခံပုဂ္ဂိုလ်အား ပို့ကုန်သွင်းကုန်နှင့် ဆက်သွယ်ရေးဥပဒေများဖြင့် တရားစွဲဆိုထားသည့် အမှုများအတွက် သီးခြားသက်သေမတင်ဘဲ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် သက်သေအဖြစ် ထွက်ဆိုမည်

အတိုင်ပင်ခံပုဂ္ဂိုလ်အား ပို့ကုန်သွင်းကုန်နှင့် ဆက်သွယ်ရေးဥပဒေများဖြင့် တရားစွဲဆိုထားသည့် အမှုများအတွက် သီးခြားသက်သေမတင်ဘဲ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် သက်သေအဖြစ် ထွက်ဆိုမည်
Published 15 November 2021
အောင်မင်းသိန်း

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈) နှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ (၆၇) တို့ဖြင့် တရားစွဲဆိုထားသည့် အမှုများအတွက် သီးခြားသက်သေမတင်ဘဲ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်သက်သေအဖြစ် ထွက်ဆိုအစစ်ခံမည် ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

နေပြည်တော် ကောင်စီဝန်းအတွင်းရှိ သီးသန့်တရားရုံးတွင် နိုဝင်ဘာ ၁၅ ရက်က ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ (၈) နှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ (၆၇) တို့ဖြင် တရားစွဲဆိုခြင်းခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၅ ရက် ရုံးချိန်းတွင် အတိုင်ပင်ခံပုဂ္ဂိုလ်အား ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈) နှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ (၆၇) တို့ဖြင့် တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ တရားသူကြီးမှ သက်သေစာရင်းတင်ပြရန် ရှိမရှိ မေးမြန်းရာတွင် သက်သေတင်ပြရန်မရှိဟု စွပ်စွဲခံရသူ၏ ရှေ့နေကရုံးတော်သို့ တင်ပြခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈) နှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ (၆၇) တို့ဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ်အား တရားစွဲဆိုထားသည့် အမှုများနှင့် ပတ်သက်၍ နိုဝင်ဘာ ၁၅ ရက်ရုံးချိန်းတွင် ပြုလုပ်ခဲ့သည့် မှုခင်းစီမံခန့်ခွဲမှု (CMP) အစည်းအဝေးအရ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၂ ရက် ရုံးချိန်းတွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သက်သေအဖြစ် စစ်ဆေးမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၆ ရက် ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးရမည်ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ မြနန်းဘုံသာလမ်း၊ အမှတ် (A) ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အား ရှာဖွေရာတွင် အနီးကပ်လုံခြုံရေးအဖွဲ့ထံမှ Icom စကားပြောစက်ခြောက်လုံး၊ ဂိတ်ကင်းမှ Icom စကားလုံးပြောစက်သုံးလုံး၊ ကိုယ်ရေးအရာရှိ အဆောင်မှ Icom စကားပြောစက် တစ်လုံးနှင့် Jumber တစ်စုံတို့အား တွေ့ရှိရသဖြင့် ယင်းဆက်သွယ်ရေးပစ္စည်များအား ခွင့်ပြုချက်မရှိဘဲ တင်သွင်းအသုံးပြုခဲ့သဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ်အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

သမ္မတဦးဝင်းမြင့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည့် အမှုများအား နိုဝင်ဘာ ၁၅ ရက် ရုံးချိန်းတွင် စစ်ဆေးခဲ့ခြင်းမရှိဘဲ လာမည့်ရုံးချိန်းမှသာ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာ ၁၆ ရက်တွင် ချိန်းဆိုထားသော ရုံးချိန်းတွင် အတိုင်ပင်ခံပုဂ္ဂိုလ်အား ဦးညီညီ (ခ) ဦးထွန်းမြင့်အောင်၏ တိုင်ကြားချက်အရ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ စွပ်စွဲခံရသူ၏ ရှေ့နေမှ ခံပြသက်သေအဖြစ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အား တင်ပြထားပြီး မှုခင်းစီမံခန့်ခွဲမှု (CMP) အစည်းအဝေးအရ နိုဝင်ဘာ ၁၆ ရက် ရုံးချိန်းတွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သက်သေအဖြစ် စစ်ဆေးမည် ဖြစ်ကြောင်းနှင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၃ ရက် ရုံးချိန်းတွင် ခံပြသက်သေ ဒေါက်တာဇော်မြင့်မောင်အား စစ်ဆေးသွားမည်ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

Most Read

Most Recent