ဥပဒေနှင့် ကိုက်ညီခြင်းလော သို့မဟုတ် တရားဝင်ဖြစ်ခြင်း၊ တရားနည်းလမ်းကျခြင်းလော

ဥပဒေနှင့် ကိုက်ညီခြင်းလော သို့မဟုတ် တရားဝင်ဖြစ်ခြင်း၊ တရားနည်းလမ်းကျခြင်းလော
Published 14 November 2021
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

တိုင်းပြည် နိုင်ငံတစ်နိုင်ငံတွင် အုပ်ချုပ်ရေးအာဏာကို ရယူထားသည့် အစိုးရတစ်ရပ်အနေဖြင့် အရေးကြီးဆုံး ပင်မတာဝန်မှာ ပြည်သူ ပြည်သားများ၏ အသက်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် တိုင်းပြည် နိုင်ငံတော်၏ နယ်မြေ၊ အချုပ်အခြာအာဏာ၊ အများပိုင်ပစ္စည်းများ၊ ပြည်သူပြည်သားများ ပိုင်ဆိုင်သည့် ပစ္စည်းတို့ကို မပျက်စီး၊ မဆုံးရှုံးစေရန် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်တို့ ဖြစ်ကြပါသည်။

အထက်ဖော်ပြပါ အခြေခံလိုအပ်ချက်များကို အစိုးရအင်စတီကျူးရှင်းများအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့် အစိုးရအမျိုးအစားဖြစ်ပါက တောင့်တင်းခိုင်မာသည့် အစိုးရတစ်ရပ်အဖြစ် သတ်မှတ်နိုင်ရန် ခက်ခဲစေမည်ဖြစ်ပြီး တိုင်းပြည်နိုင်ငံ၏ အုပ်ချုပ်ရေးအာဏာကို ရယူထားသည့် အဖွဲ့အစည်း၊ ဂိုဏ်း၊ အုပ်စုအဖြစ်သာ တည်ရှိရပ်တည်နေမည်ဖြစ်ပါသည်။ ထိုသို့ ဖြစ်ပေါ်နေပါက ပြည်သူ ပြည်သားများ၏ အသက်အိုးအိမ်စည်းစိမ်များမှာ လုံခြုံမှုမရှိနိုင်တော့သည့် အခြေအနေဖြစ်ပါသည်။

မိမိတို့ တိုင်းပြည်နိုင်ငံတွင်မူ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း အထူးသဖြင့် ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် အုပ်ချုပ်ရေးတာဝန်ကို ယူခဲ့ကြသည့် အစိုးရအဆက်ဆက်သည် ပြည်သူပြည်သားများ၏ အသက်များကို ကာကွယ်စောင့်ရှောက်ခြင်းထက် အစိုးရခေါင်းဆောင်များနှင့် ၎င်းတို့အဖွဲ့ဝင်များ၏ အသက်များကို အထူးပြုကာကွယ် စောင့်ရှောက်နေကြရသည်မှာ ယနေ့ထက်တိုင်ဖြစ်ပါသည်။ အကျိုးဆက်အဖြစ် အစိုးရအုပ်ချုပ်ရေးနှင့် အလှမ်းကွာဝေးသည့် ဒေသများ၊ အထူးသဖြင့် နယ်စပ်ဒေသများတွင် မိမိကိုယ်နှင့် မိသားစုဆွေမျိုးများ၊ မိမိတို့လူမျိုးစုတူများအား ကာကွယ်စောင့်ရှောက်နိုင်ရန် ကြိုးပမ်းအားထုတ်ရာမှ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများအဖြစ် ပေါ်ပေါက်လာစေခဲ့ပါသည်။

ထို့ပြင် နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးတွင် အစဉ်တစ်စိုက် ကျင့်သုံးလာစေခဲ့ပြီး ယနေ့အထိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပုဒ်မ ၃၄၀ တွင် ဖော်ပြပါရှိသည့် “တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရမည်” ဆိုသော ပြည်သူ့စစ် မဟာဗျူဟာကြောင့် ပေါ်ထွန်းလာစေခဲ့သည့် လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်ပါသည်။ အထက်ဖော်ပြပါ လက်နက်ကိုင်အဖွဲ့အစည်းများထဲမှ အချို့သော လက်နက်ကိုင်အဖွဲ့အစည်းများအား ညှိနှိုင်းထိန်းသိမ်း ဦးဆောင်မှုပေးရန် ပျက်ကွက်ရာမှ တည်ဆဲအုပ်ချုပ်သူအစိုးရများကို ဆန့်ကျင်သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများအဖြစ် ပေါ်ပေါက်လာစေခဲ့ပါသည်။

ယနေ့အချိန်တွင် ရပ်တည်နိုင်ခြင်း မရှိတော့သော်လည်း လွတ်လပ်ရေးမရရှိမီနှင့် လွတ်လပ်ရေး ရရှိပြီးစအချိန်မှ စတင်ကာ နိုင်ငံရေး ယုံကြည်ချက်ကို အကြောင်းပြအခြေခံပြီး အာဏာရရှိရေးအတွက် လက်နက်ကိုင်တိုက်ပွဲများ ဖော်ဆောင်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါသည်။ စာဖတ်သူတို့အနေဖြင့် အားလုံးကို ခြုံပြီး လေ့လာကြည့်ပါလျှင် မိမိတို့ တိုင်းပြည်နိုင်ငံ၏ အခြေအနေမှာ တိုင်းပြည်နိုင်ငံတော်ကို ဦးဆောင် ဦးရွက် ပြုလုပ်သူများအနေဖြင့် တိုင်းပြည် တည်ဆောက်ခြင်း (Nation Building)၊ နိုင်ငံတော် တည်ဆောက်ခြင်း (State Building) နှင့် ကမ္ဘာ့နိုင်ငံများအကြား တိုင်းပြည် နိုင်ငံတော် တည်ဆောက်ခြင်း (Country Building) များကို ဦးစားပေးဆောင်ရွက်ကြမည့်အစား အုပ်စုများဖွဲ့၊ ဂိုဏ်းများဖွဲ့စည်းပြီး အချင်းချင်းတိုက်ခတ်သတ်ဖြတ်ခြင်း လုပ်ငန်းများဖြင့်သာ မြိန်ရေရှက်ရေ ဆောင်ရွက်လျက်ရှိကြပါသည်။

အထက်ဖော်ပြပါ ဆိုးရွားပြင်းထန်သည့် အခြေအနေဖြစ်ပေါ်လာစေရန် ဖန်တီးစေခဲ့သည့် အကြောင်းတရားအချို့ကို စာရေးသူ၏ အသိအမြင်ကလေးဖြင့် လေ့လာကြည့်ရာတွင် ယဉ်ကျေးမှုအခြေခံအချက် အချို့ကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။ ပထမအချက်မှာ အုပ်ချုပ်သူမင်းကို ရန်သူမျိုးငါးပါးထဲတွင် ထည့်သွင်းထားရှိခြင်းဖြစ်ပါသည်။ အုပ်ချုပ်သူများ၏ ဆိုးသွမ်းမှုကို ခန့်မှန်းနိုင်ပါသည်။ ဒုတိယအချက်အနေဖြင့် ကျည်းကန်ရှင်ကြီး မေတ္တာစာတွင် ဖော်ပြထားချက်အရ “ မင်းမှာ လုပ်ချင်၏ တင်းကုပ်မှာ အချုပ်ခံဝံ့ မခံဝံ့” ဟုဆိုသဖြင့် အုပ်ချုပ်သူ မင်းလုပ်ချင်ပါက အချုပ်ထောင်ကျခံနိုင်ရမည့် အဓိပ္ပာယ် ဖြစ်ပါသည်။ တတိယအနေဖြင့် စာရေးသူ၏ မိခင်ကြီး ပြောပြခဲ့သည့် အချက်ကလေးကို တင်ပြပါမည်။ အုပ်ချုပ်ရေးအာဏာရရှိထားခြင်းမရှိသည့် မင်းမျိုးမင်းနွယ်တို့အနေဖြင့် မိမိကိုယ်ကိုယ် မင်းမျိုးမင်းနွယ်ဖြစ်သည်ဟု မည်သူမျှ မပြောရဲ၊ မဖော်ပြရဲကြကြောင်း ကျေးရွာများရှိ အိမ်ထောင်စုတွင် မိသားစုဝင်အဖြစ် လူမသိစေရန် နေထိုင်ကြရကြောင်း၊ “ကျူပင်ခုတ် ကျူငုတ်မကျန်” ရှင်းလင်းသုတ်သင်သည့် အလေ့အထကြောင့် မိမိတို့၏ မျိုးဆက်ကလေးများ အသက်ရှင်ရပ်တည်နိုင်ရန် ကြိုးစားကြရကြောင်း ပြောပြပါသည်။ ဆိုလိုသည်မှာ အုပ်ချုပ်သူမင်းနှင့် ဆွေမျိုးတော်စပ်ပါက အသတ်ခံရနိုင်သည်ဆိုသည့် အဓိပ္ပာယ် ဖြစ်ပါသည်။

စာရေးသူအနေဖြင့် အထက်တွင်ဖော်ပြထားသော ယဉ်ကျေးမှုအခြေခံရှိသည့် တိုင်းပြည်နိုင်ငံတွင် မွေးဖွားပြီး ကြီးပြင်းခဲ့ရပါသော်လည်း သာမန်ပြည်သူပြည်သားတစ်ဦးအဖြစ် ရပ်တည်နေထိုင်ရခြင်း ဖြစ်သည့်အတွက် ရာထူး၊ အာဏာ၊ စည်းစိမ်ဥစ္စာအတွက် လူအချင်းချင်း သတ်ဖြတ်ခြင်းကို အလိုမရှိပါ။ မိမိကိုယ်တိုင်လည်း လူ့အသက်ကို မသတ်ရဲပါ။ မိမိကိုယ်ကိုယ်လည်း အသေမခံရဲပါ။ အချုပ်၊ ထောင်ကျ ခြင်းကိုလည်း မခံယူလိုပါ။ သို့သော်လည်း မိမိတို့ တိုင်းပြည်နိုင်ငံတော်ကြီးအား ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်စေရေးနှင့် ပြည်သူပြည်သားများ အသက်ရှင် ရပ်တည်နေချိန်တွင် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနှင့် ဂုဏ်သိက္ခာရှိပြီး တစ်သက်တာနေထိုင်ရပ်တည်နိုင်စေမည့် ပတ်ဝန်းကျင်ဖြစ်စေလိုသည့်ဆန္ဒမှာ ကြီးမားစွာ ဖြစ်တည်လျက်ရှိနေပါသဖြင့် အချိန်ရှိသရွေ့ စဉ်းစားတွေးခေါ်ပြီး တင်ပြနိုင်ရန် ကြိုးပမ်းအားထုတ်လျက်ရှိပါသည်။ ဝဋ်ကြွေးဟု ပြောလျှင်လည်း ရနိုင်ပါသည်။

စာရေးသူအနေဖြင့် ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ အထက်တွင် ဖော်ပြထားသည့် မိမိတို့တိုင်းပြည် နိုင်ငံတော်၏ စိန်ခေါ်မှုများကို ကျော်လွှားလွန်မြောက်စေနိုင်မည့် နည်းလမ်းတစ်ခု သို့မဟုတ် သဘောတရားတစ်ရပ်ကို စာဖတ်သူများအတွက် အဆိုပြုတင်ပြလိုသောကြောင့် ဖြစ်ပါသည်။ အဆိုပါ သဘောတရားတစ်ရပ်မှာ တရားဝင်ဖြစ်ခြင်း၊ တရားနည်းလမ်းကျခြင်း ဖြစ်ပါသည်။ သဘောတရားအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ပြုလုပ်မည်၊ မပြုလုပ်မည်ဆိုသော ကိစ္စရပ်မှာ စာရေးသူတို့၏ အလုပ်မဟုတ်ဘဲ ပြည်သူပြည်သားများ၏ လိုအင်ဆန္ဒနှင့် တိုင်းပြည်နိုင်ငံကို ဦးဆောင်သူ ခေါင်းဆောင်တို့၏ လုပ်ငန်းရပ် နယ်ပယ်တွင်သာ တည်ရှိပါသည်။ ဤဖော်ပြချက်တွင် တရားမျှတမှုရှိခြင်း၊ မရှိခြင်း သဘောတရားများ ပါဝင်နိုင်ခြင်း မရှိသေးပါ။ အဆင်ပြေသင့်တော်သည့်အချိန်တွင် တရားမျှတမှုရှိခြင်းသဘော တရားကို သီးခြားဆောင်းပါးတစ်ပုဒ်ဖြင့် တင်ပြပါမည်။

ပထမဦးစွာ တရားဝင်ဖြစ်ခြင်း၊ တရားနည်းလမ်းကျခြင်းသဘောတရားကို တင်ပြပါမည်။ ဤသဘောတရားသည် လွန်စွာကျယ်ပြန့်လျက် တည်ရှိနေပြီး နိုင်ငံရေးသိပ္ပံပညာရပ်နှင့် လူမှုရေးသိပ္ပံပညာရပ်တို့တွင် အကျုံးဝင်လျက်ရှိနေသည့်အပြင် စံချိန်စံနှုန်းဖြင့် ချဉ်းကပ်နည်း (Normative Approach) နှင့် လက်တွေ့ချဉ်းကပ်နည်း (Pragmatize Approach) နှစ်မျိုးစလုံးကို အသုံးပြုနိုင်သဖြင့် ယခုဆောင်းပါးအဆင့်ဖြင့် ပြီးပြည့်စုံအောင် တင်ပြရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် စာရေးသူအနေဖြင့် အလွယ်ကူဆုံးနှင့် အရှင်းလင်းဆုံး တင်ပြနိုင်စေမည့် သဘောတရားကို ပုံတွင် ဖော်ပြထားပါသည်။

ဒုတိယအနေဖြင့် ဥပဒေနှင့် ကိုက်ညီခြင်း၊ ညီညွတ်ခြင်း သဘောတရားနှင့် တရားဝင်ဖြစ်ခြင်း၊ တရားနည်းလမ်းကျခြင်း သဘောတရားတို့ကို အကျဉ်းမျှတင်ပြပါမည်။ လေ့လာသူတို့အနေဖြင့် ကွဲပြားခြားနားစွာ သိမြင်နားလည်စေရန်မှာ ဥပဒေနှင့် ကိုက်ညီခြင်း၊ ညီညွတ်ခြင်း (Legality) သဘောတရားသည် ဥပဒေပညာရပ်နယ်ပယ်တွင် တည်ရှိပြီး တရားဝင်ဖြစ်ခြင်း၊ တရားနည်းလမ်းကျခြင်း (Legitimacy) သဘောတရားသည် နိုင်ငံရေးသိပ္ပံပညာနှင့် လူမှုရေးသိပ္ပံပညာရပ်နယ်ပယ်တွင် အကျုံးဝင်ပါသည်။ ထို့ကြောင့် မတူညီသည့် ဘာသာရပ်နယ်ပယ်တို့ကို ပေါင်းစပ်လေ့လာရခြင်းမှာ အကဲဒမစ်အရဖြစ်စေ၊ လက်တွေ့အခြေအနေအရဖြစ်စေ အခက်အခဲများ၊ အငြင်းပွားဖွယ်ရာများ ကြုံတွေ့နိုင်ပါသည်။

လက်တွေ့ကြုံတွေ့နိုင်မည့် အခြေအနေတစ်ရပ်ကို တင်ပြပါမည်။ လူ့အဖွဲ့အစည်းသည် ယဉ်ကျေးမှုတန်ဖိုးများ ကျဆင်းလျက် တိရစ္ဆာန်များကဲ့သို့ ရိုင်းစိုင်းနေကြပါလျှင် “Might is Right” ဟု ဆိုသော  “အင်အားကြီးမားသူသည် အမှန်” ဆိုသည့် သဘောတရားများကို လက်ကိုင်ထားလေ့ရှိကြပြီး ဥပဒေနှင့် ကိုက်ညီစေရန်၊ ညီညွတ်စေရန် ဆောင်ရွက်နိုင်ပါသော်လည်း တရားဝင်ဖြစ်ခြင်း၊ တရားနည်းလမ်းကျခြင်းတို့ကိုမူ ဆောင်ရွက်နိုင်ခြင်း မရှိပါ။ သို့သော်လည်း ယဉ်ကျေးသော လူ့အဖွဲ့အစည်းတွင်မူ “Right is Might” ဟုခေါ်ဆိုသော “ အမှန်တရားသည်သာ အင်အား” ဟု ဆိုသော သဘောတရားကို လက်ကိုင်ထားလေ့ရှိကြပြီး ဥပဒေနှင့် ကိုက်ညီစေရန်၊ ညီညွတ်စေရန် ဆောင်ရွက်နိုင်သကဲ့သို့ တရားဝင်ဖြစ်ခြင်း၊ တရားနည်းလမ်းကျခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်ပါသည်။

ဤတွင် ဥပဒေနှင့် ကိုက်ညီခြင်း၊ ညီညွတ်ခြင်းက အရေးကြီးသလော သို့မဟုတ် တရားဝင်ဖြစ်ခြင်း၊ တရားနည်းလမ်းကျခြင်းက အရေးကြီးသလော ဆိုသည့် မေးခွန်း ဖြစ်ပေါ်လာစေပါသည်။ တရားဝင် ဖြစ်ခြင်း၊ တရားနည်းလမ်းကျခြင်း၏ အခြေခံသဘောတရားတွင် ဥပဒေနှင့် ကိုက်ညီခြင်း၊ ညီညွတ်ခြင်းသည် အခြေခံလိုအပ်ချက် ဖြစ်နေပါသည်။ သို့သော်လည်း ဥပဒေနှင့် ကိုက်ညီခြင်းသဘောတရားအရ တရားသော ဥပဒေဖြစ်ခြင်း၊ မတရားသောဥပဒေ ဖြစ်ခြင်းတို့ကိုမူ ဥပဒေပညာအရ လေ့လာဆန်းစစ်ရမည့် အခြေအနေ ဖြစ်သော်လည်း တရားဝင်ဖြစ်ခြင်း၊ တရားနည်းလမ်းကျခြင်း သဘောတရားများမှာမူ လူမှုရေးသိပ္ပံပညာနှင့် နိုင်ငံရေး သိပ္ပံပညာအရ လေ့လာဆန်းစစ်ရမည့် အခြေအနေဖြစ်နေပါသည်။

အကျဉ်းချုပ်တင်ပြရပါက တရားဝင်ဖြစ်ခြင်း၊ တရားနည်းလမ်းကျခြင်း သဘောတရားသည် တရားသည့် ဥပဒေ (တရားဥပဒေ) များ တည်ရှိပြီး အဆိုပါ တရားဥပဒေများနှင့် ကိုက်ညီမှု၊ ညီညွတ်မှု ရှိရမည့်အပြင် အကျင့်စာရိတ္တ၊ အကျင့်သိက္ခာကိုအခြေခံကာ အစွမ်းထက်၊ ထိရောက်မှုရှိပြီး အကျိုးသက်ရောက်မှု အမြင့်မားဆုံးရရှိစေရန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းကို ခေါ်ဆိုပါသည်။

တတိယအနေဖြင့် ယနေ့အချိန် မိမိတို့တိုင်းပြည်နိုင်ငံ၏ ပကတိ အခြေအနေကို လေ့လာတင်ပြမည် ဖြစ်ပြီး တရားဝင်ဖြစ်ခြင်း၊ တရားနည်းလမ်းကျခြင်းတို့ကို ဆက်စပ်ပြီး အဆိုပြုတင်ပြပါမည်။ စာဖတ်သူတို့အနေဖြင့် မိမိတို့ တိုင်းပြည်နိုင်ငံအတွက် မဖြစ်မနေ လက်ခံရမည့် အခြေအနေတစ်ရပ်မှာ မိမိတို့တိုင်းပြည်နိုင်ငံသည် ကမ္ဘာပေါ်ရှိ နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) တစ်နိုင်ငံ ဖြစ်နေပြီး ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာရသူ၊ အိုးအိမ်စွန့်ခွာရသူ ပြည်သူပြည်သားများ၊ အိမ်ထောင်စုများ တည်ရှိ ဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံဖြစ်နေပါ သည်။ ထိုသို့ ဖြစ်ပေါ်စေခဲ့သည့် အခြေခံအချက်အချို့ကို စာရေးသူ၏ အတွေ့အကြုံ အသိအမြင်ကို အခြေခံကာ သုံးသပ်တင်ပြပါမည်။

စာရေးသူအနေဖြင့် စာရေးသူတို့၏လူမျိုး ဘိုးဘွားဘီဘင်များက တိုင်းပြည်နိုင်ငံတော်ကို အုပ်ချုပ်ရာတွင် ကျင့်သုံး အကောင်အထည်ဖော်ခဲ့ကြသည့် သဘောသဘာဝအချို့ကို တင်ပြပါမည်။ ကိုလိုနီခေတ်မတိုင်မီ တိုင်းပြည် နိုင်ငံတော်ကို အုပ်ချုပ်ရာတွင် အထက်တွင် ဖော်ပြထားသည့် သက်ဦးဆံပိုင်ရှင်ဘုရင်စနစ် မင်းစနစ်ကို ကျင့်သုံးအကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြပါသည်။ ရှင်ဘုရင်သည် အာဏာရရှိပြီး တစ်နည်းအားဖြင့် ရှင်ဘုရင်အဖြစ်သို့ ရောက်ရှိကာ အုပ်ချုပ်ရေးအာဏာကို ရရှိပြီးသည်နှင့် မသေမချင်း အုပ်ချုပ်ခွင့်အာဏာကို ရရှိသည်ဆိုသည့် အဓိပ္ပာယ်ဖြစ်ပါသည်။ သက်ဦးဆံပိုင် ဘုရင်ဖြစ်သည်နှင့်အညီ အုပ်ချုပ်ခွင့်အာဏာမှာ ကျယ်ပြန့် ကြီးမားသည့်နည်းတူ မိမိအသက်ကိုလည်း ဖက်နှင့်ထုပ်ထားရသကဲ့သို့ အသက်ရှင်နေထိုင်ကြရသည်ကို စာဖတ်သူများအနေဖြင့် တွေ့မြင်ခံစားနိုင်မည်ဟု ထင်မြင်ပါသည်။ ကိုလိုနီခေတ်အခြေအနေကိုမူ တင်ပြခြင်း မပြုတော့ပါ။

လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း အထူးသဖြင့် ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် မိမိတို့တိုင်းပြည်နိုင်ငံ၌ အုပ်ချုပ်သူလူတန်းစား အသစ်တစ်ရပ်ကို ဖန်တီးမွေးထုတ်လိုက်ပါသည်။ အဆိုပါ လူတန်းစားတွင် တာဝန်ထမ်းဆောင်ဆဲ ဗိုလ်ချုပ်ကြီးများ၊ ဗိုလ်ချုပ်များ စသည့် စစ်ဘက်ဆိုင်ရာအရာရှိကြီးများနှင့် တာဝန်မှအနားယူထားသည့် စစ်ဘက်ဆိုင်ရာအရာရှိကြီးများ ပါဝင်ပါသည်။ မြန်မာ့သမိုင်းတွင် “ စစ်ဘက်ဆိုင်ရာ အရာရှိကြီးများအုပ်စိုးသော ခေတ်” ဟု ခေါ်ဆိုနိုင်ပါသည်။

အစိုးရအုပ်ချုပ်ရေးယန္တရားကို စစ်ဘက်ဆိုင်ရာအရာရှိကြီးများက ရယူခဲ့သဖြင့် အစိုးရအုပ်ချုပ်ရေး ယန္တရားနှင့် အနည်းငယ်အလှမ်း ကွာဝေးသည့် နေရာဒေသများတွင် နေထိုင်လျက်ရှိကြသည့် တိုင်းသူပြည်သားများသည်လည်း စစ်တပ်ကဲ့သို့ လက်နက်ကိုင်တပ်ဖွဲ့များ ထူထောင်ပြီးလျှင် အုပ်ချုပ်ရေးအာဏာကို ရယူခဲ့ကြသည်မှာ ကမ္ဘာပေါ်တွင် လက်နက်ကိုင် ပဋိပက္ခ သက်တမ်းအကြာရှည်ဆုံး နိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိနေပါသည်။

အထက်ဖော်ပြပါ အခြေအနေကြောင့် တိုင်းပြည်နိုင်ငံ၏ အုပ်ချုပ်ရေးစနစ်အပေါ်တွင် မည်ကဲ့သို့ အကျိုးသက်ရောက်မှုရှိနေသည်ကို တင်ပြပါမည်။ အုပ်ချုပ်ရေးစနစ်၏ အခြေခံများတွင် အကောင်းဆုံး ကျင့်သုံးသင့်သော၊ အသုံးပြုသင့်သော သဘောတရားမှာ တရား ဥပဒေစိုးမိုးရေး (The Rule of Law) ဖြစ်ပါသည်။ သို့သော်လည်း တရားဥပဒေစိုးမိုးရေးသည် တရားဝင်ဖြစ်ခြင်း၊ တရားနည်းလမ်းကျခြင်းမရှိဘဲ မဖြစ်ပေါ်နိုင်ပါ၊ မရရှိနိုင်ပါ။ ထို့ပြင် တရားဥပဒေစိုးမိုးရေးသည် အစဉ်အမြဲ တည်ရှိ ဖြစ်ပေါ်နေစေရန်မှာ လွယ်ကူသည့် အခြေအနေမဟုတ်သဖြင့် တရားဥပဒေစိုးမိုးရေးကို ရရှိထိန်းသိမ်းနိုင်စေရန်အတွက် ငြိမ်ဝပ်ပိပြားရေး သို့မဟုတ် ငြိမ်ဝပ်ပိပြားစေရေး (Law and Order)၊ ဥပဒေများကို အသုံးပြုအုပ်ချုပ်ခြင်း (Rule by Law)၊ အမိန့်ဒီဂရီဖြင့် အုပ်ချုပ်ခြင်း (Rule by Decree)၊ အင်အားအသုံးပြု အုပ်ချုပ်ခြင်း (Rule by Force)၊ လူပုဂ္ဂိုလ်တစ်ဦး၏ဆန္ဒသဘောဖြင့် အုပ်ချုပ်ခြင်း (Rule by Man) နှင့် စစ်အုပ်ချုပ်ရေး (Martial Law) စသည်တို့ကို တည်ရှိဖြစ်ပေါ်နေသည့် အခြေအနေအပေါ်တွင် မူတည်ကာ အသုံးပြုကြရပါသည်။

သို့သော်လည်း ထူးခြားသည့် အခြေအနေမှာ မိမိတို့တိုင်းပြည်နိုင်ငံတွင် ပေါ်ထွက်လာသည့် အုပ်ချုပ်သူ လူတန်းစားအသစ်သည် မည်သည့်အခြေအနေတွင်မဆို ပါးစပ်ဖြင့် အုပ်ချုပ်ခြင်း (Rule by Mouth) ကိုသာ အဓိကထားပြီး အသုံးပြုခြင်းပင် ဖြစ်ပါသည်။ အရပ်ဘက်အုပ်ချုပ်ရေးအဖြစ် သတ်မှတ်ကျင့်သုံးချိန်တွင်လည်း ပါးစပ်ဖြင့် အုပ်ချုပ်ခြင်းကိုသာ အသုံးပြုကြပါသည်။ ထိုကဲ့သို့ ကျင့်သုံးခဲ့သည့် ကာလသည် ၁၉၆၂ ခုနှစ်မှ ယနေ့ အချိန်အထိ ဖြစ်သဖြင့် မိမိတို့ လူ့အဖွဲ့အစည်း၏ စံချိန်၊ စံညွှန်းများမှာ အလုံးစုံ ပျက်သုဉ်းသည့် အခြေအနေသို့ ရောက်ရှိနေပါတော့သည်။ အဆင်ပြေသင့်တော်သည့်အချိန်တွင် ပါးစပ်ဖြင့် အုပ်ချုပ်ခြင်း (Rule of Mouth) ကို သီးခြားဆောင်းပါး တစ်ပုဒ်ဖြင့် တင်ပြပါမည်။

အကျဉ်းမျှရှင်းလင်းတင်ပြပါမည်။ ပါးစပ်ဖြင့် အုပ်ချုပ်ခြင်းဖြစ်သဖြင့် ပြောစကား နားထောင်မည့် သူ၊ နာခံမည့်သူများကို ရွေးချယ်ပြီး ရာထူး၊ အာဏာပေးခြင်းတို့ပြုလုပ်ရသဖြင့် နိုင်ငံရေးအင်အား (Political Might) နှင့် စီးပွားရေးအင်အား (Economic Might) တို့မှာ ကောင်းမွန်စွာ သန္ဓေတည်ကြီးထွားလာနိုင်ခြင်းမရှိတော့ဘဲ တိုင်းပြည်နိုင်ငံတော်ဖွံ့ဖြိုးလာစေရန်နှင့် ငြိမ်းချမ်းလာစေရန်မှာ မဖြစ်နိုင်တော့သည့် အခြေအနေဖြစ်သည့်အပြင် ပြည်သူပြည်သား လူအများမှာလည်း အုပ်ချုပ်မှုဒဏ်ကြောင့် ဒုက္ခပေါင်းစုံကို ခါးစည်းခံစားကြရပါသည်။ ထို့ထက်ဆိုးရွားသည့် အခြေအနေတစ်ရပ်မှာ ပြောစကားနားထောင်မည့်သူ၊ နာခံမည့်သူများကို ဗျူရိုကရေစီယန္တရားအတွင်းသို့ပါ ထည့်သွင်းခဲ့ကြသဖြင့် ဗျူရိုကရေစီ ယန္တရားပင်လျှင် ခိုင်မာကောင်းမွန် သန်မာရန် ခက်ခဲသည့် အခြေအနေသို့ ရောက်ရှိနေပါတော့သည်။ အုပ်ချုပ်သူ လူတန်းစားအသစ်သည် သက်ဦးဆံပိုင်ဘုရင်များကဲ့သို့ မသေမချင်း အုပ်ချုပ်လိုသည့် အခြေအနေများကိုလည်း တစ်ခါတစ်ရံ တွေ့မြင်ရတတ်ပါသည်။

အုပ်ချုပ်သူ အစိုးရတို့မည်သည် ပြည်သူပြည်သားတို့၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးရသည့်အတွက် လူတိုင်း၏ လိုအင်ဆန္ဒကို ပြည့်ဝကျေနပ်သည်အထိ အစဉ်အမြဲ ဖြည့်ဆည်းပေးနိုင်ရန်မှာ မဖြစ်နိုင်သည့် အခြေအနေဖြစ်ပါသည်။ ထို့ကြောင့် အုပ်ချုပ်သူအစိုးရကို အတိုက်အခံ ပြုလုပ်ဆန့်ကျင်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသည် အမြဲတစေ တည်ရှိဖြစ်ပေါ်နေမည်ဖြစ်ပြီး အတိုက်အခံ အင်အားစုများက ပြည်သူပြည်သားတို့၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးမည်ဆိုသည့် ယုံကြည်ချက်ကို ပြည်သူပြည်သားများက လက်ခံလာမည်ဆိုပါက အတိုက်အခံ အင်အားစုများသည် အားကောင်းမောင်းသန် ဖြစ်လာစေပြီး အစိုးရသစ်တစ်ရပ်အဖြစ် ပေါ်ထွက်လာစေမည် ဖြစ်ပါသည်။

ဤတွင် စာရေးသူ တစ်ဦးတည်း၏အမြင်အရ မိမိတို့ တိုင်းပြည်နိုင်ငံ၏ အခြေအနေသည် အန္တရာယ်ကြီးလှပါသည်။ အုပ်ချုပ်သူ လူတန်းစားအဖြစ် ဖန်တီးမွေးဖွားခဲ့သူများသည် တပ်မတော်အင်စတီကျူးရှင်းရှိ လူပုဂ္ဂိုလ်များ ဖြစ်နေကြသဖြင့် အစိုးရကို အတိုက်အခံပြုခြင်းသည် တပ်မတော် အင်စတီကျူးရှင်းကို အတိုက်အခံပြုခြင်းကဲ့သို့ ဖြစ်ပေါ်စေပြီးလျှင် ရေရှည်တွင် အစိုးရ အလှည့်အပြောင်းဒဏ်ကြောင့် တပ်မတော်အင်စတီကျူးရှင်း ပြိုကွဲပျက်စီးသွားနိုင်ပါသည်။ လွတ်လပ်ရေး ရရှိပြီးစအချိန် တပ်မတော်၏ အစိတ်အပိုင်းအချို့ ပြိုကွဲပျက်စီးခဲ့သဖြင့် တိုင်းပြည်နိုင်ငံအပေါ်တွင် မည်ကဲ့သို့ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သည်ကို သင်ခန်းစာများ ရယူသင့်ပါသည်။

အထက်ဖော်ပြပါ ဆိုးဝါးသည့် အခြေအနေများမှ ရုန်းထွက်နိုင်ရန်မှာ အုပ်ချုပ်သူ လူတန်းစား ဖန်တီးခြင်း၊ မွေးထုတ်ခြင်းကို စွန့်လွှတ်ရန် ဖြစ်ပါသည်။ အုပ်ချုပ်သူများကို တရားသော ဥပဒေများအရသာ အချိန်အပိုင်းအခြားဖြင့် ခန့်အပ်တာ ဝန်ပေးနိုင်ရမည်ဖြစ်ပြီး တရားဥပဒေစိုးမိုးရေး (The Rule of Law) ကို အစဉ်အမြဲတည်ရှိ ဖြစ်ပေါ်နေစေရန် အစွမ်းကုန် ထိန်းသိမ်းဖော်ဆောင်ထားနိုင်ရမည်ဖြစ်ပါသည်။ ဆိုလိုသည့် အဓိပ္ပာယ်မှာ တိုင်းပြည်နိုင်ငံတော်တွင် တရားဥပဒေများကို အသုံးပြုပြီး အကျင့်စာရိတ္တ၊ ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်နိုင်သူများက စွမ်းဆောင်ရည်အပြည့်ဝဆုံးနှင့် အထိရောက်ဆုံး အကျိုးဖြစ်ထွန်းလာအောင် တရားဝင်ဖြစ်ခြင်း၊ တရားနည်းလမ်းကျခြင်း တို့ဖြင့် အုပ်ချုပ်ရန် ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ဥပဒေနှင့် ကိုက်ညီခြင်း၊ ညီညွတ်ခြင်းလော၊ သို့မဟုတ် တရားဝင်ဖြစ်ခြင်း၊ တရားနည်းလမ်းကျခြင်းလော ဆိုသည့် မေးခွန်းကို မိမိတို့ တိုင်းပြည်နိုင်ငံ၏ ပကတိအခြေအနေများနှင့် ချိန်ထိုးကြည့်ပါလျှင် မိမိတို့ တိုင်းပြည်နိုင်ငံ၏ အခြေအနေသည် ပါးစပ်ဖြင့်အုပ်ချုပ်ခြင်း (Rule by Mouth) မှာ ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် တည်ဆဲဥပဒေများနှင့် ကိုက်ညီရန်၊ ညီညွတ်ရန် အုပ်ချုပ်ခြင်း (Rule by Law) အဆင့်ကို ရရှိဖြစ်ပေါ်နိုင်စေရန်ကိုပင် ရုန်းကန်နေရသည့် အခြေအနေဖြစ်ပါသည်။ သို့သော်လည်း ယနေ့ခေတ်ပြောင်းလဲလာစေခဲ့သည့် ကမ္ဘာ့နိုင်ငံများ၏ ခေတ်ရေစီးကြောင်း အစီအစဉ် သို့မဟုတ် ကမ္ဘာ့နိယာမ အစီအစဉ်အရ တိုင်းပြည်နိုင်ငံတော်ကို တည်ဆောက်ကြရာတွင် တရားဝင်ဖြစ်ခြင်း၊ တရားနည်းလမ်းကျခြင်း ဖြစ်ပေါ်စေသည်အထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လိုအပ်လျက်ရှိပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

Most Read

Most Recent