ကိုဗစ်ကပ်ရောဂါဖြစ်နေတဲ့အချိန် ရောဂါကူးစက်ခံရမှာစိုးလို့၊ တော်ရုံတန်ရုံ ကိုယ့်ရောဂါတွေ ခံစားနေရပါလျက် ဆရာဝန်နဲ့ သွားမပြခဲ့တာ သွားမပြကြရတာ ရှိနေနိုင်ပါတယ်။ နာတာရှည်ရောဂါရှိသူများကလည်း ဆေးခန်းရက်မှာ အွန်လိုင်းကတစ်ဆင့် (အချို့) ကုသမှုခံယူကြရပါတယ်။ အခုလို ကိုဗစ်လျော့ကျနေချိန်မှာ ပြန်လည်ပြသသင့်တယ်။
ရင်ဘတ်နေရာမှာ ဖိထားသလို ကုပ်ဆွဲခြစ်ထားသလို နာကျင်တဲ့ ဝေဒနာခံစားရရင် နှလုံးအတိုက်ခိုက်ခံရခြင်း (Heart Attack) ဖြစ်တဲ့လက္ခဏာရှိလို့ ဘယ်လိုကာလမျိုးမှာမဆို အရေးပေါ်ဌာနကို အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။ နှလုံးရောဂါလက္ခဏာမှာ (၁) အသက်ရှူမဝခြင်း၊ (၂) ပျို့ခြင်း၊ (၃) ချွေးစေးထွက်ခြင်း၊ (၄) ရုတ်တရက် ထုံကျဉ်သွားခြင်း၊ (၅) အားနည်းသွားခြင်း၊ (၆) စိတ်ရှုပ်ထွေးခြင်း၊ (၇) အမြင်အာရုံဆုံးရှုံးခြင်း စတဲ့လက္ခဏာအားလုံးဟာ လေဖြတ်တဲ့လက္ခဏာတွေဖြစ်လို့အရေးပေါ်ဌာနကို ချက်ချင်းသွားရောက်ပြသဖို့ လိုအပ်မှာဖြစ်ပါတယ်။
အရေးပေါ်အခြေအနေဖြစ်တဲ့ အရိုးကျိုးနေတယ်ထင်ရအောင် နာကျင်နာရင် ဆေးခန်းသွားပြသင့်ပါ တယ်။ မတော်တဆထိခိုက်ဒဏ်ရာ ရတာ၊ သွေးထွက်များတာ၊ အဖျားကြီးတာ၊ အသက်ရှူခက်ခဲနေတာနဲ့ပြင်းထန်တဲ့ ဓာတ်မတည့်တုံ့ပြန်မှုတွေဖြစ်နေရင်၊ အရေးပေါ်အခြေအနေဖြစ်နေတာဖို့ ဆရာဝန်နဲ့ချက်ချင်းပြသသင့်ပါတယ်။
ကိုယ်ဝန်ဆောင်တွေ ရက်ချိန်းမှန်မှန် ပြသသင့်ပါတယ်။ အချို့ ကိုဗစ်ကာလ ကိုယ်ဝန်ဆောင်တာ ရှောင်ရှားပြီး တားဆေးထိုးဆေး ကြိုသောက်၊ ကြိုထိုးတတ်ကြပါတယ်။ ကိုယ်ဝန်ရှိပြီဆိုရင်တော့မွေးပေးမယ့် ဆရာဝန်၊ သားဖွားမီးယပ်၊ အထူးကုထံ ကိုယ်ဝန်အပ်ရမှာဖြစ်ပါတယ်။ ကိုဗစ်ကာလ မွေးတာမှာ ကိုဗစ်က ပိုပြီးများနိုင်တာ၊ မိခင်ရော ကလေးပါ ကိုဗစ်မကူးစက်ရအောင် လိုအပ်တဲ့ကာကွယ်ထိန်းချုပ်မှု လမ်းညွှန်အတိုင်း ဆောင်ရွက်သွားရမှာ ဖြစ်တယ်။
လက်ကိုရေ၊ ဆပ်ပြာနဲ့စက္ကန့် ၂၀ ကျော်ကြာပွတ် တိုက်ဆေးကြောခြင်း၊ နှာခေါင်းစည်း (Surgical Mask) စည်းထားခြင်း၊ လူတစ်ဦးနဲ့ တစ်ဦး ခြောက်ပေခွာခြင်း၊ လူစုလူဝေး ရှောင်ခြင်းအပြင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးဖြစ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက် မိခင်များလည်း ထိုးနှံပေးနိုင်ပါတယ်။
စိတ်ဖိစီးများတဲ့ လူနာတွေ ဆရာဝန်နဲ့ ပြသဆွေးနွေးသင့်ပါတယ်။ ကိုဗစ်မှာ အလုပ်တွေရပ်ဆိုင်းကုန်ကာ အလုပ်လက်မဲ့၊ ဝင်ငွေ လျော့နည်းသွားတဲ့ မိသားစုတွေ များပြားလာပါတယ်။ အလုပ်ရှာဖွေရာမှာ ယှဉ်ပြိုင်မှုတွေများလာကာ စိတ်ဖိစီးမှုတွေ များလာပါတယ်။ စိတ်ဖိစီးမှုတွေကြောင့် အစားမမှန်၊ အအိပ်မမှန်တာတွေ ဖြစ်နိုင်ပါတယ်။ မိသားစုဆရာဝန်နဲ့ ပြသဆွေးနွေးသင့်သလို စိတ်ရောဂါကု ပညာရှင်နဲ့ ဖုန်းကတစ်ဆင့် ဆွေးနွေးတိုင်ပင်ယူသင့်ပါတယ်။
ကိုယ့်မှာ နာတာရှည်ရောဂါများဖြစ်တဲ့ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုသွေးချိုရောဂါ လိုမျိုး နာတာရှည်ရောဂါရှိနေရင် ကိုဗစ်ကူးစက်နိုင်ခြေ အလွန်မြင့်မားပါတယ်။ ကိုယ့်ရဲ့ရောဂါကို ထိန်းချုပ်ထားနိုင်ဖို့အတွက် ဆရာဝန်နဲ့ ရက်ချိန်းမှန်မှန်ပြသဖို့လိုတယ်။ အွန်လိုင်းကတစ်ဆင့် ပုံမှန်ဆွေးနွေးပြီး လိုအပ်ရင် ဆရာဝန်ဆီ သွားရောက်တွေ့ဆုံ ရမှာပဲဖြစ်ပါတယ်။ တွေ့ဆုံရာမှာ ကိုယ့်ကိုရောဂါ ကူးစက်မှုမခံရအောင် အကာအကွယ် အပြည့်အစုံဝတ်ဆင်သင့်ပါတယ်။
နှစ်စဉ်ကျန်းမာရေး ပုံမှန်စစ်ဆေးချက်တွေ လုပ်ကိုင်သင့်ပါတယ်။ ကိုယ့်မှာ ရောဂါတစ်ခုခု ဝင်မလာခင်ကြိုတင်ပြင်ဆင်ထားတာဟာ ရောဂါမဖြစ်ခင်ကြိုတင်ကာကွယ်တာပဲဖြစ်တယ်။ နှစ်စဉ် မိသားစုဆရာဝန်နဲ့တွေ့ဆုံပြီး သွေးစစ်ဆေးချက်၊ ဓာတ်ခွဲစစ်ဆေးချက်၊ အီးစီဂျီဓာတ်မှန်၊ တီဗီဓာတ်မှန် လိုအပ်ရင်စီတီ (CT-Scan) အထိ စမ်းသပ်စစ်ဆေးဖို့ လိုအပ်ကောင်း လိုအပ်နိုင်မှာ ဖြစ်တယ်။ ပုံမှန်ရောဂါ စမ်းသပ်မှုမျိုး မလွဲမသွေလုပ်ဆောင်သင့်တယ်။
ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ် အပြည့်ထိုးနှံသင့်ပါတယ်။ ကာကွယ်ဆေးထိုးပြီးသူဟာ ကိုဗစ်ရောဂါ ဖြစ်နိုင်သေးပေမဲ့ ရောဂါမပြင်းထန်ခြင်း၊ ဆေးရုံတက်စရာမလိုခြင်း၊ ရောဂါကူးစက်မှုလျော့ပါးခြင်း၊ အောက်စီဂျင်မရှူရခြင်းတို့ သေဆုံးနိုင်ခြင်းမရှိခြင်းတို့ကြောင့် အခါခွင့်ကြုံတိုင်း ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံထားသင့်ပါတယ်။ မြန်မာနိုင်ငံမှာအသက် ၁၈ နှစ်နဲ့အထက် ဆိုင်နိုဖမ်း (Sinopham) ကာကွယ်ဆေး အသက် (၁၂-၁၈) နှစ်မှာ ဆိုင်နိုဗက် (Sinovac) ကာကွယ်ဆေးများ သတ်မှတ်ချက်နဲ့ အညီ ထိုးနှံပေးနေပါတယ်။
ကိုဗစ်ကာလမှာ သွားကျန်းမာရေး ဂရုစိုက်သင့်ပါတယ်။ သွားကျိုးတာ၊ မေးရိုးထိခိုက်ဒဏ်ရာရတာ၊ သွားဖုံးသွေးထွက်တာ၊ သွားဖုံးဒဏ်ရာရတာမျိုးအရေးပေါ် အခြေအနေတွေမှာ သွားဆရာဝန်နဲ့မဖြစ်မနေ ပြသင့်တယ်။
ကင်ဆာရောဂါ အမျိုးမျိုးကို စောင့်ကြည့်ခြင်း လုပ်သင့်ပါတယ်။ကင်ဆာရောဂါကို စောစောစီးစီး သိလေ ကုသမှုထိရောက်တယ်ဖြစ်လို့ ဖြစ်နိုင်တဲ့ အလုံး၊အဖု၊ အကျိတ်တို့ကို နုစဉ်အခါမှာ မိသားစုဆရာဝန်နဲ့ ပြသထားသင့်ပါတယ်။ ရင်သားကင်ဆာအတွက် မမ်မိုဂရမ် (Mammogram) ရိုက်တာ၊ သားအိမ်ခေါင်း ကင်ဆာအတွက် ပက်စမီးယား (Pap Smear) ယူတာ၊ အူမကြီးကင်ဆာအတွက် မှန်ပြောင်းကြည့်တာ၊ ပိုးမွေးတာစတဲ့ကိုယ်ပြုလုပ်ရမယ့် ကာလအပိုင်းအခြားအလိုက် ဆရာဝန်ထံပြသ တိုင်ပင်ကာဆွေးနွေး ပြုလုပ်သွားသင့်တယ်။
ကိုယ့်ကလေးငယ်တွေ ပုံမှန်ကြီးထွားမှုနဲ့ရောဂါ အထွေထွေအတွက် မိသားစု ဆရာဝန်နဲ့ပြသသွားသင့်ပါတယ်။ လိုအပ်တဲ့ကာကွယ်ဆေး၊ ကိုဗစ်ကာကွယ်ဆေး အပါအဝင် ရတဲ့နေရာကအရ ထိုးနှံသွားဖို့လည်း လိုအပ်ပါတယ်။
ကိုဗစ်ကပ်ရောဂါအတွင်း တုပ်ကွေးရောဂါဖြစ်ပွားနိုင်ပါတယ်။ တုပ်ကွေးရောဂါဟာ (A/H1N1) ဗိုင်းရပ်ကြောင့်ဖြစ်ပွားရပြီး မိုးနှောင်းကာလ အောက်တိုဘာ၊ နိုဝင်ဘာ မိုးနှောင်းမှာ အဖြစ်များလာတာ တွေ့ရပါတယ်။ လူတုပ်ကွေးရောဂါ လက္ခဏာတွေက (၁) ချောင်းဆိုးခြင်း၊ (၂) အပြင်းအထန်ဖျားနာခြင်း၊ (၃) နှာရည်ယို၊ နှာစေးခြင်း၊ (၄) ခေါင်းကိုက်ခြင်း၊ (၅) ကိုယ်လက်များနာကျင်ကိုက်ခဲခြင်း၊ (၆) မောပန်းလွယ်ခြင်း၊ (၇) အသက်ရှူကျပ်ခြင်း၊ (၈) ခြေဖျားလက်ဖျားအေးစက်ခြင်း၊ (၉) ပြင်းထန်ပါက သတိလစ်မေ့မျောခြင်း၊ (၁၀) သေဆုံးခြင်းတို့ဖြစ်တတ်ပါတယ်။
လူ့တုပ်ကွေးကာကွယ်ဆေးက ရှိနှင့်ပြီးဖြစ်ကာ ဗီဇပြောင်းတတ်လို့ နှစ်စဉ်တုပ်ကွေးကာကွယ်ဆေး ထိုးနှံဖို့ရှိပါတယ်။ လူ့တုပ်ကွေးကာကွယ်နည်းတွေက (၁) နှာချေတိုင်း၊ ချောင်းဆိုးတိုင်း ပါးစပ်၊ နှာခေါင်းတို့ကို လက်ကိုင်ပဝါ၊ တစ်ရှူးနဲ့ တံတောင်ဆစ်ကွေးကာရံကာ ဆိုးသင့်၊ ချေသင့်ပါတယ်။ (၂) လက်ကိုဆပ်ပြာရည်နဲ့ စက္ကန့် ၂၀ ကျော်ကြာ စနစ်တကျ ပွတ်တိုက်ဆေးကြောသင့်ပါတယ်။ (၃) တုပ်ကွေးဖြစ်သူနဲ့ အနည်းဆုံးခြောက်ပေကွာမှာ နေသင့်ပါတယ်။ (၄) ပွေ့ဖက်ခြင်း၊ နမ်းရှုပ်ခြင်း၊ လိင်ဆက်ဆံခြင်းတို့မှ ကူးစက်နိုင်ပါတယ်။ (၅) နှာခေါင်းစည်း (N95) စည်းထားသင့်ပါတယ်။ သုံးပြီးသား တစ်သျှူး၊ နှာခေါင်းစည်းများကို သေချာစွန့်ပစ်သင့်ပါတယ်။ (၆) တုပ်ကွေးဖြစ်ပါက စနစ်တကျကုသမှု ခံယူသင့်ပါတယ်။ (၇) တုပ်ကွေးကာကွယ်ဆေး (Vaxigrip Tetra) ကို ထိုးနှံထားသင့်ပါတယ်။ နှစ်စဉ်ထိုးနှံသွားဖို့ လိုအပ်မှာဖြစ်ပါတယ်။
တုပ်ကွေးရဲ့ပစ်မှတ်က ကိုဗစ်လိုပဲ လူစုလူဝေးဖြစ်နေတဲ့ စာသင်ကျောင်း၊ စျေး၊ ဆေးရုံ၊ အားကစားကွင်း၊ ရုံးဌာနများဖြစ်ပါတယ်။ တုပ်ကွေးသံသယရှိရင် ကျောင်း (သို့မဟုတ်) အလုပ်မှခွင့်ယူစေကာ စနစ်တကျ သီးခြားကုသမှုခံယူ၊ အနားယူစေခြင်းက အခြားသူထံကူးစက်မှု လျော့နည်းစေပါတယ်။ စနစ်တကျ ကုသမှုခံယူသင့်ပါတယ်။
ကိုဗစ်ကပ်ရောဂါကာလ အခြားဗိုင်းရပ်ကူးစက်မှုက သွေးလွန်တုပ်ကွေး (Dengue) ဗိုင်းရပ်ပဲဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေး သယ်ဆောင်တဲ့ ခြင်ကျားကိုက်လို့ ဖြစ်ပွားရကာ အသက်ခြောက်လမှ အသက် (၄၀-၈၀) ကြား လူကြီးတွေမှာပါ ကူးစက်ဖြစ်ပွားခံရပါတယ်။ ကိုယ်ခံအားနည်းတဲ့ ကလေးတွေဖြစ်ပွားရင် နောက်ဆက်တွဲ ဆိုးကျိုး (DHS-Dengue Haemarrhague Shock Syndrome) ဖြစ်ပွားတတ်လို့ ခြင်လောက်လန်းနှိမ်နင်းရေး စီမံချက်တွေ ရှေ့ဆုံးရောက်ရှိနေပါတယ်။ သွေးလွန်တုပ်ကွေးလက္ခဏာတွေက ရုတ်တရက်ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မျက်စိအောင့်ခြင်း၊ အန်ခြင်း၊ အနီစက်များ ထွက်ခြင်း၊ နှစ်ရက်မှ လေးရက်အတွင်း အဖျားကြီးပြီး တက်တတ်ခြင်း၊ အလွန်အမင်း ဆက်တိုက် အန်ခြင်း၊ အန်ပါကသွေးရောင် (အညိုရောင်) ပါလာခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ မှိန်းနေခြင်း၊ ခြေဖျားလက်ဖျား အေးစက်နေခြင်း၊ တက်ခြင်းစတဲ့ လက္ခဏာတွေနဲ့ဖြစ်လာရင် မိသားစုဆရာဝန် (သို့မဟုတ်) ကလေးအထူးကုဆရာဝန်၊ ဆေးရုံဆေးခန်းကို သွားရောက်ကုသမှုခံယူသင့်ပါတယ်။ အညိုရောင်ကော်ဖီ မတိုက်သင့်ပါဘူး။ ရေဖုံး၊ သွန်၊လဲ၊ စစ်ခြင်း၊ ခြင်စားငါးမွေးခြင်း၊ ခြင်ဆေး (Abate) ဆေးခပ်ခြင်း၊ ခြင်ထောင်နဲ့အိပ်ခြင်း ပြုသင့်ပါတယ်။










