ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်ဥက္ကဋ္ဌ တွေ့ဆုံ၍ နှစ်နိုင်ငံကာကွယ်ရေးကဏ္ဍအပြင် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် ဆွေးနွေး

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်ဥက္ကဋ္ဌ တွေ့ဆုံ၍ နှစ်နိုင်ငံကာကွယ်ရေးကဏ္ဍအပြင် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် ဆွေးနွေး
Published 13 November 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးပူးတွဲကော်မရှင်ဥက္ကဋ္ဌ၊ FSMTC of Russia ၏ ဒုတိယညွှန်ကြားရေးမှူး Mr.Vladimir Drozhzhov နှင့် JSC Rosoboronexport ကုမ္ပဏီ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.A.L.Chekmarev တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၂ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံမှု၌ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြားရှိရင်းစွဲဖြစ်သည့် စစ်ဘက် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေ၊ မြန်မာ့တပ်မတော်ကို ခေတ်မီ တပ်မတော်တစ်ရပ်အဖြစ် အဆင့်မြှင့်တင် တည်ဆောက်လျှက်ရှိရာတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံမှ လူသားအရင်းအမြစ်ဆိုင်ရာ၊ နည်းပညာရပ်ပိုင်းဆိုင်ရာတို့တွင် လိုအပ်သည်များ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့မှု အခြေအနေ၊ စစ်ဘက်နည်းပညာနှင့်စစ်လက်နက်နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေ၊ နှစ်နိုင်ငံကာကွယ်ရေးပိုင်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအပြင် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ကဏ္ဍပေါင်းစုံ၌ တိုးမြှင့်လုပ်ဆောင်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ စစ်ဦးစီး အရာရှိချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးပူးတွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E.Nikolay A.Listopadov ၊ စစ်သံမှူး Col.Sergei Kurchenko တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ အောက်တိုဘာလကုန်ပိုင်းက ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ အန်နာသိုလီဘူလော့ချ်နိကော့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့လည်း လာရောက်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းလိုင်းပြေးဆွဲရေး အပါအဝင် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ရပ်များ ဆွေးနွေးခဲ့သည်။

အဆိုပါ ခရီးစဉ်တွင် မြန်မာ-ရုရှား နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်မှုရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို မြန်မာ -ရုရှား စီးပွားရေးဖွံ့ဖြိုးမှုအသင်းနှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းတို့အကြား လက်မှတ်ရေးထိုးခဲ့သည်။

Most Read

Most Recent