(ယခုဖော်ပြမည့် “Eisenhower and War” ဆောင်းပါးရှင် Dr.George Friedman သည် နိုင်ငံတကာရေးရာ မဟာဗျူဟာ သုတေသီ၊ ပထဝီနိုင်ငံရေး ဟောကိန်းထုတ်သူ၊ New York Times ၏ အရောင်းရဆုံး စာရေးဆရာ ဖြစ်သည်။ နောက််ဆုံးထုတ်ဝေခဲ့သော “The STORM BEFORE THE CALM: America’s Discord, the Coming Crisis of the 2020s, and the Triumph Beyond” ၂၀၂၀-၂၀၃၀ ဆယ်စုနှစ်သည် အမေရိကန်အတွက် ပြဇာတ်ဆန်သော အလှည့်အပြောင်းများနှင့် အမေရိကန်၏အစိုးရ၊ နိုင်ငံခြားရေးမူဝါဒ၊ ဘောဂဗေဒ၊ ယဉ်ကျေးမှုတို့ကို ပြန်လည်ပုံဖော်သွားမည့် ကာလဟု ရည်ညွှန်းခဲ့သည်။ ယခုဆောင်းပါး တွင် စစ်ဗိုလ်ချုပ်ကြီးမှသည် သမ္မတဖြစ်ခဲ့သူ အိုက်ဆင်ဟောင်ဝါ၏ စစ်ရေး၊ နိုင်ငံရေး၊ ကမ္ဘာ့အရေး မဟာဗျူဟာမြောက် တွေးတော လုပ်ကိုင်သွားပုံကို ဖရိုက်မင်းက ကျယ်ပြန့်သော လေ့လာချက်၊ နက်ရှိုင်းသောတူးဆွမှု ပြုထားပါသည်။)
ဒွိုက်အိုက်ဆင်ဟောင်ဝါသည် အကြီးမြတ်ဆုံးသော အမေရိကန်သမ္မတများစာရင်း၌ တစ်ယောက်အပါအဝင်ဖြစ်ပြီး အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာကို လက်တွေ့ကျကျ သဘောပေါက်နိုင်စွမ်းသော လက်ချိုးရေ၍ရသည့် သမ္မတထဲမှ တစ်ယောက်ဟု ကျွန်တော် မြင်ပါသည်။ တကယ်တော့ သူ ဘယ်လိုလူဖြစ်ကြောင်း သိထားလျှင် အ့ံသြစရာတော့ မဟုတ်လှပါ။ သို့သော် စိတ်ဝင်စားဖွယ်ကောင်းသည်မှာ သူ့သမ္မတသက်တမ်းအတွင်း စစ်ရေးဆိုင်ရာ စွန့်စားမှုများနှင့် ခပ်ကင်းကင်းနေနိုင်အောင် ရုန်းထွက်ခဲ့သော အချက်ဖြစ်သည်။ ပထမဆုံးဆောင်ရွက်ချက်အဖြစ် ကိုရီးယားစစ်ကို နိဂုံးချုပ်ပစ်ခဲ့၏။ စူး အက်တူးမြောင်း ပဋိပက္ခမှ ဗြိတိသျှ၊ ပြင်သစ်နှင့် အစ္စရေးတို့ကို တန့်ရပ်စေခဲ့၏။ လက်ဘနွန်အရေး ကြားဝင်ဖျန်ဖြေကာ ရှင်းလင်းသော ရည်မှန်းချက်အတိုင်း ပေါက်မြောက်ပြီးသကာလ ပြန်လည်ဆုတ်ခွာခဲ့၏။ ပြင်သစ်နှင့်တွဲ၍ အင်ဒိုချိုင်းနားသို့ အမေရိကန်ပါဝင်ပတ်သက်ရေးမူကို ငြင်းပယ်ခဲ့၏။ NATO ၏ ပထမဆုံး ကွန်မင်ဒါအဖြစ် သမိုင်းဝင်မဟာမိတ်များစွာ မိတ်ဖွဲ့နိုင်ခဲ့၏။ အမေရိကန်သမိုင်း၌ အကြီးကျယ်ဆုံး စစ်ဗိုလ်ချုပ်များထဲမှ တစ်ယောက် ဖြစ်သော အိုက်ဆင်ဟောင်ဝါသည် စစ်အင်အားသုံးစွဲခြင်းအပေါ် ငြင်းပယ်လျက် အလွန် သတိကြီးကြီးထားခဲ့သည်။ ၂၀ ရာစုနှင့် ၂၁ ရာစုအတွင်း အမေရိကန်သမ္မတများထဲ၌ သူတစ်ယောက်တည်းသာ စစ်ပွဲကို နဖူးတွေ့ဒူး တွေ့ ရင်ဆိုင်တိုက်ခိုက်ဖူးသည့် စစ်မြေပြင် အဆင့်မြင့် ဦးစီးချုပ်ဖြစ်သည်။ စစ်ကိုငြင်းဆိုခဲ့သော သူ့စရိုက်မှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်သာမက၊ ယခုကြုံတွေ့နေရသော အာဖဂန်နစ္စတန်အပါအဝင် အခြားပဋိပက္ခများအတွက် တန်ဖိုးရှိသော အသိဉာဏ် အလင်းတစ်ချက် လက်ကောင်းပါ၏။
စစ်လက်နက်ပစ္စည်းများ ဝယ်ယူဖြည့်တင်းရေးနှင့်ပတ်သက်သော အိုက်ဆင်ဟောင်ဝါ၏ သတိပေးချက်ကို ကျွန်ုပ်တို့ အားလုံး သတိရနေကြသည်။ တစ်ခါတစ်ရံ တွင် ဤကိစ္စမှာ စစ်ဘက်နှင့် ကန်ထရိုက်တာများ လျှို့ဝှက်စွာ ပူးပေါင်းကြံစည်နေကျအလုပ်ဟုလည်း အဓိပ္ပာယ်အကောက်လွဲကြဖူး၏။ သို့သော် ဤသတိပေးချက်ကို သူထုတ်ပြန်ခဲ့ စဉ်အခါက ဥရောပသို့ ဝင်ရောက်တိုက်ခိုက်ပြီး ဂျာမနီကို သိမ်းခဲ့သော ဗိုလ်ချုပ်ကြီးတစ်ဦးအနေနှင့် စစ်တပ်တစ်ခုတည်းဘက် မကြည့်ခဲ့သလို၊ ကမ္ဘာကြီးကို ခြိမ်းခြောက်ခဲ့သော ဟစ်တလာအား အမြစ်ပြတ်ချေမှုန်းနိုင်မည့် လက်နက်များထုတ်လုပ်ရာ ကော်ပိုရေးရှင်းများဘက်ကိုလည်း မငဲ့ခဲ့ပါ။ထိုနှစ်ဘက်လုံး ကိုဆန့်ကျင်လျက် သူ သတိပေးခဲ့သည်မှာ ဤရှုပ်ထွေးလှသော တပ်နှင့် လက်နက် ဖြည့်တင်းရေးကိစ္စရပ်အပေါ် ကွန်ဂရက်နှင့် သမ္မတတို့က ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်လျက် ကိုယ့်အလုပ် ကိုယ်မလုပ်ကြမှာကို စိုးရိမ်၍ ဖြစ်သည်။ ဗိုလ်ချုပ်ကြီးများဘက်က ကြည့်သော် လက်နက်အပြည့်အစုံ တပ်ဆင်ထား သော စစ်တပ်များကို လိုချင်သည်။ သူတို့၏တိုက်ခိုက်ရေးအလုပ်အပေါ် သူတို့အာရုံစိုက်လျက် ဤအပိုင်းအတွက် သူတို့ တာဝန်ခံကြရသည်။ စစ်လက်နက်ပစ္စည်းထုတ်လုပ်သော ကုမ္ပဏီများမှာ ဒုတိယကမ္ဘာစစ်အတွင်း မရှိ မဖြစ်လိုအပ်ခဲ့ပြီး စစ်လက်နက်ထုတ်လုပ်ရေး လမ်းကြောင်းသစ်များ တီထွင်ဖော်ဆောင်ရခြင်းသည် အလွန်မတန် စျေးကြီးလာခဲ့၏။ ထို့ကြောင့် သူတို့လက်နက်များကို စစ်တပ်သို့ ရောင်းချင်ကြသည်။ တစ်ဖွဲ့စီသည် ကိုယ့်အလုပ် ကိုယ် လုပ်ကြခြင်းပင်ဖြစ်၏။ သို့သော် အိုက်ဆင်ဟောင်ဝါသည် ထိုသို့ ကိုယ့်အလုပ် ကိုယ်လုပ်နေသူများကို သတိကြီးစွာထားလျက်၊ ကွန်ဂရက်နှင့် သမ္မတတို့က မရှိမဖြစ် ဆုံးဖြတ်ရမည့်အပိုင်းကို နားလည်သဘောပေါက်ကာ၊ တပ်နှင့် ကုမ္ပဏီများအပေါ် စီမံခန့်ခွဲသွားနိုင်စေချင်သည်။ သူ့သတိပေးချက်များသည် နှစ်ဘက်လုံးအတွက် နားဝင်မချိုလှသော်လည်း နှံ့နှံ့စပ်စပ် သိသွားကြပါ၏။ အမေရိကန်အစိုးရအတွက် သူတို့၏ သိမှုနယ်ပယ် အကန့်အသတ်နှင့် စီမံခန့်ခွဲမှုတို့ အရေးပါတွင်ကျယ်ပုံကို သတိပေးလိုက်ခြင်းလည်း မည်ပါပေ၏။ သူ့သောကမှာ သမ္မတများနှင့် အမတ်မင်းများသည် ကိုယ့်အလုပ် ကိုယ် မလုပ်တတ်ကြဘဲ စစ်ဘက်-လက်နက်ကုမ္ပဏီဘက် နက်ရှိုင်းပတ်သက်မှုကို အထိန်းအကွပ်မရှိ လွှတ်ပေးလိုက်မိမှာ စိုးရိမ်ခဲ့၏။
အိုက်ဆင်ဟောင်ဝါသည် ဒုတိယသတိပေးချက်ကို ထုတ်ပြန်ခဲ့၏။ စစ်အင်အားများ အကြီးအကျယ်တိုးချဲ့မည်ကို သတိပေးခဲ့ခြင်း ဖြစ်သည်။ သမိုင်းတွင် အကြီးဆုံးတပ်မတော်ကြီးကို အမိန့်ပေးကွပ်ကဲခွင့်ရခဲ့သော သမ္မတ တစ်ယောက်အနေနှင့် ဤအချက်မှာ ထူးဆန်းလှသည်။ သို့သော် ဤကိစ္စတွင်လည်း အတွေ့အကြုံက သင်ပေးလိုက်သည့် သူ့ပူပင်သောကကို ဖွင့်ဟပြခဲ့သည်။ အလွန်အကျွံကြီးမားသော စစ်အင်အားသည် ရန်သူအပေါင်းကို ဖိတ်ခေါ်ရာရောက်သည့်အပြင်၊ အမေရိကန် ပြည်ထောင်စုအနေနှင့် စစ်ပွဲတိုင်းကို ‘ငှက်ပျောသီးအခွံနွှာစားသလို’ လွယ်လွယ်သဘောထားသွားမှာ သူ စိုးရိမ်ခဲ့၏။ စစ်ဗျူဟာတို့၏ အရွှေ့အပြောင်းနှင့်ပတ်သက်ပြီး သူ့မျှော်မြင်ချက်မှာ မတက်မီကပင် ဆုတ်ခွာခြင်းအတွက် စဉ်းစားထားပုံဖြစ်သည်။ အိုက်ဆင်ဟောင်ဝါသည် ပါ၀ါတို့၌ အကန့်အသတ်ရှိပုံကို ယုံကြည်၏။ ကိုရီးယားတွင် ဖြစ်ရသောစစ်နှင့် ပေးလိုက်ရသော ကုန်ကျစရိတ်များ မတန်တဆဖြစ်သည်ကို စောင့်ကြည့်ရင်း မတိုးသာ မဆုတ်သာ အခြေအနေမှ စစ်ပွဲကို သူ ရပ်ပစ်ခဲ့၏။ သူ့ရှေ့ကသမ္မတ ဟယ်ရီထရူးမင်းသည် မဟာဗျူဟာမြောက် စဉ်းစားတွေးခေါ်ပုံမျိုး စစ်စစ်ပေါက်ပေါက်မပြုမီ စစ်ပွဲအတွင်း တိုးဝင်ခဲ့သည်။ အမှန်ကတော့ ထိုရက်များအတွင်း တစ်ခုခုတော့ ‘လုပ်ပြ’ ဦးမှဟု ခံစားမိကာ စစ်တိုက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ထရူး =မင်းအဖို့ စစ်ပွဲတစ်ခု၏ ပေးဆပ်ရမှုတန်ဖိုးကို စိတ်အေးလက်အေး တွက်ချိန်မရခဲ့ပါ။ စစ်အ တွင်းသို့ တရုတ်နှင့် ရုရှား ဝင်လာသည့်အခါ အမေရိကန်အနေနှင့် အဓိကအာရုံစိုက်ရာ ဥရောပဒေသကို လက်လွှတ်၍ ကိုရီးယားသို့ တပ်များပို့ခဲ့ရသည်။ ထရူးမင်းသည် အမေရိကန်နိုင်ငံခြားရေးပေါ်လစီတည်းဟူသော ဝေါဟာရကိုသုံးစွဲကာ အများယုံကြည်ကိုးစားမှုကို ရယူခဲ့၏။ အများကလက်ခံသည်ဟူသော ထိုယုံကြည်မှုသည် ရန်လိုနေသော သွေးရဲ သည့်တပ်ဖွဲ့များနှင့် ရင်ဆိုင်ရသည့်အခါ မရှုမလှ ကျဆုံးခဲ့ရပါသည်။
ပေါ်လစီတစ်ရပ်ကို ပြည့်စုံအောင် အကောင်အထည်ဖော်ရသည်မှာ မလွယ်လှပါ။ အမေရိကန်ပြည်ထောင်စုအနေနှင့် ဥရောပကို အကာအကွယ်ပေးမည်ဟု ကတိထားခဲ့သည့်အတွက် တပ်ဖွဲ့များ ကျယ်ကျယ်ပြန့်ပြန့် သီးသန့်နေရာယူထားရပါမည်။ ထိုတပ်ဖွဲ့များကို ဗီယက်နမ်ကဲ့သို့ နောက်ထပ်စစ်မြေပြင်သို့ ရွှေ့ပြောင်းအသုံးချသောအခါ တပ်ဖွဲ့ဝင်များ စိတ်မသက်မသာဖြစ်ကာ ဒေါသထွက်တတ်ကြပါ၏။ အခြေခံအားဖြင့် စိတ်လက်ကြည်သာမရှိသော တပ်ဖွဲ့များကို အင်အားထုတ် နုတ်လျက် စစ်အင်အားကြီးအောင် နောက်တစ်နေရာသို့ ဖြည့်တင်းသည့်တိုင် ထင်သလောက် အကျိုးမများလှပါ။ အိုက်ဆင်ဟောင်ဝါသည် ထိုအချက်ကို ကောင်းကောင်းနားလည်ပြီး သူ ကိုင်ဆွဲခဲ့သောမူလည်း ဖြစ်ပါ၏။ အကယ်၍ အမေရိကန်စစ်တပ်သည် သူ့မူ အတိုင်းသာ လိုက်နာခဲ့သော် ဆိုဗီယက်ယူနီယံကျဆုံးခြင်းကို ကွဲပြားသောတွေးထောင့်မှ ရှုမြင်နိုင်ခဲ့စရာ ရှိပါသည်။ ယခုတော့ ထိုသို့ ‘မြင့်မြင့်ပျံလျက် ဝေးဝေးမမြင်’ ခဲ့ကြပါ။
အိုက်ဆင်ဟောင်ဝါ၏ အမြင်အရ အမေရိကန်သည် အများယုံကြည်လက်ခံလာ နိုင်စွမ်းအတွက် သူ့ကိုယ်သူ ထင်တစ်လုံးရှိနေခဲ့၏။ အမေရိကန်သမိုင်းကို ပြန်လှန်ပါက မည်သည့်ရန်သူကမဆို အမေရိကန်၏ပါ၀ါကို လျှော့မတွက်ခဲ့ကြပါ။ ဂျပန်နှင့် ဂျာမန်တို့သည် ထိုအချက်ကို သေသေချာချာ လေ့လာခဲ့ကြပြီး အတွေ့အကြုံနှင့်ရင်းကာ အမေရိကန်ကို ယှဉ်ခဲ့သည်။ ထို့ပြင် အိုက်ဆင်ဟောင်ဝါက အမေရိကန်တပ်ဖွဲ့များကို ကျန်မဟာမိတ်တပ်များနှင့် ရောရိရောရာ သုံးစွဲလျှင် အားပျော့ ပြန့်ကျဲသွားတတ်သော သဘာဝ၊ ပဋိပက္ခများ ပေါ်ပေါက်ကာ အမေရိကန်တို့အောင်ပွဲဟု ရှင်းရှင်းလင်းလင်း မဖော်ပြနိုင်ခြင်း၊ ရှုံးပြန်လျှင်လည်း ရင်းရသည်နှင့် မကာမိသည့်အဖြစ်များကို လေးလေးနက်နက် ထောက်ပြခဲ့သည်။ သူ သမ္မတဖြစ်ချိန်က အင်ဒိုချိုင်းနားဒေသတွင် တပ်အင်အားဖြည့်စွက်ရန် အခွင့်အလမ်းများ အိုက်ဆင်ဟောင်ဝါ အကြိမ်ကြိမ်ရခဲ့၏။ သူသည် စစ်အကြောင်းကို ကောင်းကောင်းသိပြီး စစ်နိုင်ရန်မှာ ခက်ခဲလှကြောင်း နားလည် သဘောပေါက်သည့်အတွက် အကျိုးဖြစ်ထွန်းမှု တစ်စုံတစ်ရာမရှိလျှင် အမေရိကန် တိုက်ရိုက်ပါဝင်ပတ်သက်ရန် လောင်းကြေးမထပ်ခဲ့ပါ။ အထက်တွင်ဖော်ပြခဲ့သော ကြောင်းကျိုး ဆင်ခြင်တုံတရားများနှင့်အညီ လက်တွေ့ကျသောပန်းတိုင်နှင့် အချိုးကျပေးဆပ်ရမည့် အမေရိကန်တို့ အကျိုးစီးပွားကို ချိန်ဆနိုင်ခဲ့၏။ ဆုံးရှုံးဒဏ်ရာရမှုများနှင့် တန်မတန် ဖြစ်တန်ရာများကို စစ်ပွဲအတွက် အစကနဦး စိစစ်သရုပ်ခွဲစဉ်ကပင် ပိုပိုသာသာ တွက်ချက်ခဲ့ပါသည်။ စစ်ပွဲစီမံချက်ရေးဆွဲသူတို့သည် ပဋိပက္ခ၏အရေးကြီးပုံကို ပိုမိုတွက်ချက်ကာ ရှုံးနိုင်ခြေဘက်၌ လျှော့တွက်တတ်ကြသည်မှာ ဓမ္မတာဖြစ်နေပါပြီ။ စီမံချက်သမားတို့ ကိုယ်တိုင် စစ်တိုက်ရသည့်အခါ ဤတွက်ချက်မှုအပေါ် ယုံကြည်ကြရန် လိုအပ်ပါသည်။ သမ္မတ တာဝန်ထမ်းဆောင်သူများအနေနှင့် စစ်ပွဲတစ်ခု၏ အရေးပါပုံ၊ အကြံပေးပုဂ္ဂိုလ်များနှင့် ကွန်မင်ဒါများအပေါ် ထားရှိထိုက်သော ယုံကြည်မှုအတွက် အပြန်ပြန်အလှန်လှန် သံသယထား စစ်ဆေးတတ်ဖို့ လိုအပ်ပါသည်။
နိုင်ငံခြားရေးပေါ်လစီကို အကြောင်းပြလျက် စစ်ပွဲဆင်နွှဲခြင်းမျိုးကို ကြုံခေါင့်ကြုံခဲ မရှောင်လွှဲနိုင်မှသာ ပြုရန်နှင့် ပုန်းလျှိုးကွယ် လျှိုးဖြန့်ကျက်ထားသော ကန့်သတ်အင်အား ရှိတပ်ဖွဲ့များဖြင့် ကျယ်ကျယ်ပြန့်ပြန့် စစ်ဆင်နိုင်မှုမျိုးကို ပို၍အလေးထားခဲ့၏။ ဒုတိယကမ္ဘာစစ်အတွင်းက OSS(Office of Strategic Services) ခေါ် မဟာဗျူဟာမြောက်အထူးတပ်ဖွဲ့များနှင့် CIA တို့၏ ပူးတွဲစစ်ဆင်ရေးများကို အိုက်ဆင်ဟောင်ဝါသည် ကောင်းကောင်းလေ့လာခဲ့၏။ အမေရိကန် ပြည်ထောင်စုအတွက် ရွေးချယ်ရန်လမ်းမရှိသည့်အခိုက် သူကိုယ်တိုင်က ဥရောပစစ်မြေပြင်၌ တပ်မကြီးတစ်ခုကို ဦးစီးကွပ်ကဲကာ အမိန့်ပေးတိုက်ခိုက်ခဲ့သည့်တိုင်၊ ထာဝရစစ်ပွဲဟူသည် ဆင်နွှဲထိုက်သောအရာမဟုတ်ဘဲ အရှုံးကို အချိန်မရွေး ရင်ဆိုင်ရနိုင်ကြောင်း သင်ခန်းစာယူခဲ့၏။ စစ်အင်အား ကြီးလေလေ၊ ထောက်ပ့ံဖြည့်ဆည်းဖွယ်ရာ များလေလေဖြစ်သည်။ စစ်ပွဲမှတစ်ပါး အခြားရွေးရန် လမ်းမရှိတော့သည့်အခါ၊ မည်သည့် ကွန်မင်ဒါကမှ ထိုင်မစောင့်လိုကြပါ။ တပ်ဖွဲ့အင်အားအတွက် သောင်းပြောင်းထွေလာ ရရာလက်နက်၊ လူသူအင်အားစုစည်းလျက် ပစ်ကြခတ်ကြတော့သည်။ ထိုအခါ အကြမ်းဖက်ခြင်းဟူသည် အမျိုးသားအားကစားလို စရိုက်အထာရှိသော အာဖဂန်နစ္စတန်ကဲ့သို့ တိုင်းပြည်မျိုးထိ အရောက်သွားလျက် အကြမ်းဖက်မှုဆန့်ကျင်ရေးစစ်ပွဲမျိုးကို ဉာဏ်ဦးမစီးဘဲ တိုက်ပွဲဝင်ပါတော့သည်။ နောက်တစ်နည်း ထပ်ဆိုရသော် ဥရောပမြောက်ပိုင်း လွင်ပြင်ဒေသ၌ ဖြန့်ကျက်ရန်ရည်ရွယ်ထားသော တပ်အင်အားကို ပြောက်ကျားများရှိရာ အပူပိုင်းဒေသ ဗီယက်နမ်သို့ စေလွှတ်တိုက်ခိုက်ခိုင်းသည့် ကြိုးပမ်းမှုမျိုး ဖြစ်ခဲ့၏။ အကောင်းဆုံး၊ အလားအလာအရှိဆုံး အခွင့်အလမ်းများ ပေါ်ထွက်နေသည့်တိုင် တပ်ဖွဲ့အင်အားဖြန့်ကျက်ရာ၌ အကန့်အသတ်များစွာ ရှိနေပါသည်။
အိုက်ဆင်ဟောင်ဝါသည် သူ့ရန်သူက တစ်ဖက်သားအလစ်အငိုက်ကို ရွေးချယ်ခဲ့လျှင် ပြန်လည်ရင်ဆိုင်ရန် စစ်အင်အားနည်းပါးခြင်း၏ အန္တရာယ်အား သူများတကာထက် သဘောပေါက်ခဲ့သူ ဖြစ်သည်။ သူ့အတွက် စစ်အင်အားကြီးမားကျယ်ပြန့်စေရန် မလွဲမသွေလိုအပ်ကြောင်း သူ အသေအချာသိခဲ့သည်။ ထို့အတွက် သူရှာတွေ့သောအဖြေမှာ ကမ္ဘာလုံးဆိုင်ရာမဟာမိတ် စုစည်းဖန်တီးချက်အဖြစ် နှစ်နိုင်ငံချင်းနှင့် နိုင်ငံစုံအကြား သဘောတူညီချက်များရယူကာ NATO ကို စတင်ခဲ့ခြင်းပင် ဖြစ်ပါသည်။ ဤအတွေးအခေါ်သည် ဒီမိုကရက်များထံမှ ထွက်မလာခဲ့ဘဲ၊ စစ်၏ဝန်ထုပ်ဝန်ပိုးကို မဟာမိတ်များနှင့် ပခုံးမျှထမ်းရန် အကြံပေါက်ခဲ့သော ကွန်ဆာဗေးတစ်သမား ရီပက်ဘလီကင်များက အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပါ၏။ ထိုအချိန်က အမေရိကန်၏ အကူအညီကို ရယူနေခဲ့ရသော မဟာမိတ်နိုင်ငံများအဖို့ မိမိကိုယ်ကိုယ် ကာကွယ်ရန် မစွမ်းနိုင်၍ ဖြစ်စေ၊ အမေရိကန်ကို ကဏ္ဍကောစလုပ်ရန် အခြေအနေ မပြည့်စုံသေး၍ဖြစ်စေ၊ မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (NATO) တွင် ပါဝင်လာခဲ့ကြသည်။ အိုက်ဆင်ဟောင်ဝါ၏ မျှော်မှန်းချက်အရ စစ်ဖြစ်ခဲ့သည့်တိုင် အမေရိကန်တစ်နိုင်ငံတည်း ခေါင်းခံရသောအဖြစ်မှ ကင်းလွတ်စေရန်မှာ သူ့လက်ထက်တွင် အလုပ်ဖြစ်ခဲ့ပါ၏။ သို့သော် သူ့နောက်ပိုင်း ဆင်နွှဲခဲ့သောစစ်ပွဲများမှာ ‘ချိုမြိန်သော အောင်ပွဲများ’ မဟုတ်တော့ပါ။
အိုက်ဆင်ဟောင်ဝါကို သတိရသောအခါ လက်ဝဲရော၊ လက်ယာအင်အားစု နှစ်ရပ်လုံးက သူ့အပေါ် အထင်သေးစက်ဆုပ်ကြသည့်ကိစ္စကလည်း စိတ်ဝင်စားဖွယ်ဖြစ်၏။ လက်ဝဲအုပ်စုက သူ့ကို ရှင်းရှင်းလင်းလင်း စကားမပြောတတ်သော၊ အသစ်ပေါ်ထွန်းလာသည့် နိုင်ငံများအတွက် ကောင်းကောင်း တာဝန်မယူလိုသော ထုံထိုင်းသူအဖြစ် စောင့်ကြည့်ကြ၏။ နိုင်ငံခြားရေးမူဝါဒအပေါ် သူ၏နားလည်သဘောပေါက်ပုံကို တစ်ပုဒ်ပြီးတစ်ပုဒ် ဟာသထုတ်ခဲ့ကြသည်။ တစ်ဖန်လက်ယာ စွန်းတို့၏ တိုက်ခိုက်မှုလည်း သူ ခံရ၏။ လက်ယာယုံကြည်သူများ ပူးပေါင်းဖွဲ့စည်းထားသော The John Birch Society က အိုက်ဆင်ဟောင်ဝါသည် ကွန်မြူနစ်အေးဂျင့်ဟု တွေးထင်ခဲ့သည်။ အကြောင်းမှာ ဘာလင်ကို အပြည့်မယူဘဲ ဆိုဗီယက်ရုရှားကို ပေးပစ်ခဲ့သောကြောင့် ဖြစ်သည်။ ထိုအုပ်စုသည် “The Politician” အမည်ရ စာအုပ်တစ်အုပ် ရေးသားထုတ်ဝေကာ သမ္မတနေရာရောက်အောင် အကွက်ဆင်ခဲ့ကြောင်း ဖော်ပြထား၏။ အိုက်ဆင်ဟောင်ဝါသည် ဘာလင်ကို အပိုင်သိမ်းရန် အမှန်တကယ် ငြင်းပယ်ခဲ့ပါသည်။ သူ ထိုကဲ့သို့ပြုခြင်းမှာ ရာဂဏန်းမက ထောင်သောင်းချီသော အသက်များရင်းကာ ယူထိုက်သည့်အရာ မဟုတ်ကြောင်း ခံစားရ၍ ဖြစ်ပါ၏။ အစွန်းရောက်လွန်းသော အမြင်တစ်ခုအရ သူ့နောက်ကြောင်းကို ထောက်လှမ်းရေးက ကောင်းကောင်းခြေရာမခံခဲ့ခြင်း သို့မဟုတ် ဗိုလ်ချုပ်ကြီးရာထူးအဆင့်နှင့် လျော်ညီအောင် လေ့ကျင့်မပေးခဲ့ခြင်း၊ စစ်ပွဲအဆုံး၌ အသက်များစွာ မပြုန်းတီးစေခဲ့သည့်အတွက် သစ္စာဖောက်တစ်ယောက်ဟု စွပ်စွဲခြင်းမျိုးထိ ပါဝင်ခဲ့သည်။ အမေရိကသည် မပြောင်းလဲပါ၊ တူမတူသော အိုက်ဆင်ဟောင်ဝါကလည်း ‘လမင်းခွေးဟောင်’ သာ သဘောထားခဲ့ပါ၏။
မဟာဗျူဟာတစ်ခုကို အခြေပြုမည်ဆို လေတိုင်း အိုက်ဆင်ဟောင်ဝါသည် လက်လက်တောက်နေဆဲ သမ္မတတစ်ဦး ဖြစ်ပါသည်။ သူသည် အပြည့်စုံဆုံးလူတစ်ယောက် မဟုတ်ဘဲ၊ ကျန်သမ္မတများအတိုင်း ပေါ်လစီ အပြောင်းအရွှေ့များအကြား အမှားရှိသူလည်း ဖြစ်ပါသည်။ သို့သော် ကျွန်တော်တို့ အမြဲတိုက်နေရသော စစ်ပွဲများကိုကျော်လွန်လျက် မည်သို့တွေးရမည်ဆိုသည့် စဉ်းစားချက်မူဘောင်ကို ပ့ံပိုးဖြည့်ဆည်း ထားရစ်ခဲ့သူ ဖြစ်ပါ၏။










