အီသီယိုပီးယား၌ စစ်ဘောင်ချဲ့ကြခြင်း

အီသီယိုပီးယား၌ စစ်ဘောင်ချဲ့ကြခြင်း
နိုဝင်ဘာ ၇ ရက်က အဒစ်အက်ဘာဘာမြို့တွင် အမျိုးသားကာကွယ်ရေးတပ်ကို ထောက်ခံပွဲသည့် ချီတက်ပွဲတစ်ခု၌ စစ်တီးဝိုင်းအဖွဲ့ဝင်များကို တွေ့ရစဉ် (Photo:AFP)
နိုဝင်ဘာ ၇ ရက်က အဒစ်အက်ဘာဘာမြို့တွင် အမျိုးသားကာကွယ်ရေးတပ်ကို ထောက်ခံပွဲသည့် ချီတက်ပွဲတစ်ခု၌ စစ်တီးဝိုင်းအဖွဲ့ဝင်များကို တွေ့ရစဉ် (Photo:AFP)
Published 12 November 2021
မိုးဧအောင်

အီသီယိုပီးယားအစိုးရနှင့် တီဂရေးသူပုန်များအကြား တိုက်ပွဲစတင်ခဲ့သော ယမန်နှစ်ကစ၍ သာမန်ပြည်သူများမှာ လူသားမဆန်သည့် ကျူးလွန်မှုများကို တီဂရေးတိုက်ပွဲ တစ်လျှောက် နာကျင်စွာ ခံစားခဲ့ကြရသည်။ အပြတ်အသတ် ဆန့်ကျင်နေသော စစ်ပွဲ၏ သဘောသဘာဝအတိုင်း နှစ်ဖက်လုံးမှ ခေါင်းဆောင်များမှာ အပြုတ်တိုက်ရေးဆီသို့သာ ဦးတည်နေပုံရပါ၏။ ထို့ကြောင့် နဂိုနေ ပြန်မရနိုင်တော့သည့် ကျဆုံးသွားမည့် တိုင်းပြည်အဖြစ် ရောက်ရှိသွားနိုင်သလို၊ ဆိုးဝါးလှသော အကျိုးဆက်အများအပြားမှာ ဒေသတွင်း ပျံ့နှံ့သွားပါလိမ့်မည်။ မလုံမခြုံဘဝကိုယ်စီနှင့် ဘယ်သူ့ကို အဖေခေါ်ရမှန်းမသိသော အီသီ ယိုပီးယားနိုင်ငံ ဖြစ်သွားနိုင်ပါသည်။

အာဖရိကသမဂ္ဂ

အီသီယိုပီးယားအနေနှင့် ကိုယ့်ကိုယ် ကိုယ်မကာကွယ်နိုင်လျှင် အကာအကွယ်ပေးနိုင်သူ တစ်ယောက်ယောက်တော့ ရှိနိုင်သည်။ သမိုင်းကို ပြန်ခြေရာကောက်သော် ၁၉၉၀ ပြည့်နှစ်များအတွင်း လိုင်ဘေးရီးယားစစ်ပွဲအတွင်း အနောက်အာဖရိကတိုင်းပြည်များက ကြိုးပမ်းခဲ့သလို၊ အမှန်ဆိုလျှင် အရှေ့အာဖရိကနိုင်ငံများက အီသီယိုပီးယားကို ကယ်တင်ရပါမည်။ သို့သော် ဤသို့သော အဆင်အကွက်မျိုး ယခုထိ မမြင်ရသေးပါ။

အာဖရိကသမဂ္ဂ (The African Union-AU) အနေနှင့် နှစ်ဖက်လုံးကို ပြေလည်အောင်စေ့စပ်ပေးသော်လည်း မအောင်မြင်ခဲ့ပါ။ သီအိုရီအရပြောရလျှင် ပဋိပက္ခများ ပြေလည်မှုမရခဲ့ပါက AU သည် အီသီယိုပီးယား၏ အဖွဲ့ဝင်ဖြစ်တည်မှုကို ခြိမ်းခြောက်နိုင်စွမ်းရှိမည်ဟု ထင်စရာရှိသည်။ သို့သော် အီသီယိုပီးယားမြို့တော်၊ အဒစ်အက်ဘာဘာတွင် တည်ရှိနေသော AU ရုံးချုပ်မှာ အိမ်ရှင်အတွက် စိတ်မကောင်းဖြစ်ရုံသာတတ်နိုင်ပြီး နိုင်ငံတကာအဖွဲ့အစည်းများ အီသီယိုပီးယားမှ ထွက်ခွာရန် အကြောင်းဖန်လာခဲ့သည်ဟု ဆိုရမည်။ သမိုင်းကြောင်းအရ အာဖရိကနိုင်ငံများဖြစ်သော ရဝမ်ဒါ၊ ဆိုမာလီယာနှင့် ဆူဒန်ရှိ ဒါဖာပဋိပက္ခများတွင် နိုင်ငံတကာအသိုင်းအဝိုင်းက ကြားဝင်ဖြေရှင်းရန် ထက်ထက်သန်သန် မရှိခဲ့ကြသည့်အတွက် သတ္တန္တရကပ်ဆီ ဦးတည်သွားခဲ့ဖူး၏။

သို့ဖြစ်၍ အီသီယိုပီးယား၏ ‘ကိုယ့်ကိုယ် ကိုယ်ဖျက် သံချေးတက်’ အခြေအနေတွင် နိုင်ငံသားများရော၊ နိုင်ငံပါ မရှုမလှကျဆုံး မည့်အရေးမှ ကယ်တင်နိုင်စွမ်းနှင့် ကယ်တင်လိုသည့် ဆန္ဒအမှန် အနောက်ကမ္ဘာ၌ ကျန်နိုင်ပါသေးသည်။

မတူညီသော ရှုရပ်များ

ထိုအခြေအနေအတွက် အီသီယိုပီးယားကို လက်ရှိအုပ်ချုပ်နေသူများက ပူးပေါင်းဆောင်ရွက်မှုမရှိလျှင် အနောက်ကမ္ဘာက ကယ်တင်နိုင်မည်မဟုတ်ဟု ပြောဆိုထားသည်။ ထိုအာဏာရပုဂ္ဂိုလ်များမှာ ယခုအချိန်တွင် အထူးသဖြင့် အမေရိကန် ပါဝင်နေသော အနောက်၏ပါ၀ါကို ဒေါသထွက်နေကြပါသည်။ အီသီယိုပီးယား၌ နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်းဟူသော ဒိုင်းအကာ အောက်ဝယ် အမေရိကန် မုန်းတီးရေးဝါဒသည် အရှိန်ကောင်းကောင်း တက်လျက်ရှိနေသည်။ အီသီယိုပီးယားအစိုးရက သူ့အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို လေးစားစေချင်သည့် တစ်ချိန်တည်း၌ပင်၊ အမေရိကန်ပြည်ထောင်စုက အီသီယိုပီးယားအစိုးရ၏ သူ့ပြည်သူများအပေါ် သတ်ဖြတ်ခြင်းကို ရပ်တန့်စေလိုသည်။

အီသီယိုပီးယားရှိ အမေရိကန်မုန်းတီးရေးဝါဒမှာ အတွေးအမြင်တစ်ရပ်အဖြစ် ကြာရှည်လေးမြင့်စွာ ဖြစ်တည်လာသည်မဟုတ်ဘဲ၊ ကာလတိုဖြစ်စဉ်တစ်ခုဟု ဆိုနိုင်သည်။ အမေရိကန်ပြည်ထောင်စုအနေနှင့် မိမိ၏ပါ၀ါကို ထုတ်ပြခြင်းထက်၊ ထိုဖြစ်စဉ်ကို ပိုမိုစောင်းပေးလေ့လာသင့်သည်။ ယခုလို ဘေးသင့်နေသောကာလ၌ အီသီယိုပီးယားရှိ သာမန်တိုင်းသူပြည်သားများက အဘယ်ကြောင့် အနောက်ကမ္ဘာအပေါ် ယုံကြည်သင့်ကြောင်း ပြသနိုင်ရန်မှာ အလွန်ပင်အရေးကြီးပါသည်။

ငြိမ်းချမ်းရေးကို အားထုတ်ကြိုးပမ်းလျှင် အောင်မြင်နိုင်သော အခါအခွင့်သင့်လာနိုင်ပါလျက် အီသီယိုပီးယား အုပ်စိုးသူတို့သည် ညှိနှိုင်းအဖြေရှာရန် အဘယ့်ကြောင့် နှောင့်နှေးနေကြပါသနည်း။ သူတည်းတစ်ယောက် ကောင်းရန်အတွက် အခြားသူတစ်ယောက် ပျက်သုဉ်းသွားသော ခံစားချက်များ အဘယ့်ကြောင့် ကြီးထွားလာရပါသနည်း။ ထိုအချက်ကို အနောက်နိုင်ငံများရော၊ အီသီယိုပီးယား နိုင်ငံသားများပါ တိုင်းပြည်တစ်ခုလုံး ဒုတ်ဒုတ်ထိ မကျဆုံးမီ သဘောပေါက်ကြဖို့ လိုအပ်ပါမည်။

အာဏာနောက်ခံ အကြောင်းခြင်းရာများ

တီဂရေးတွင်ပေါ်ပေါက်နေသော ပဋိပက္ခ၏ အကြောင်းရင်းခံကို စေ့ငုပါက အမ်ဟာရာနှင့် တီဂရေးအီလစ်များအကြား အနာဂတ်အီသီယိုပီးယား သွားရာလမ်းနှင့်ပတ်သက်ပြီး မတူညီသော လားရာအမြင်တို့ တိုးတိုက်မိကြခြင်း ဖြစ်သည်။ တီဂရေး ရေပေါ်ဆီလူတန်းစားတို့က အီသီယိုပီးယားတွင် ၁၉၉၁ ခုမှ ၂၀၁၂ ခုနှစ်အတွင်း နောက်ဆုံး အုပ်ချုပ်ခဲ့သော တီဂရေးခေါင်းဆောင် မဲလက်စ်ဇန်နာဝီ အစပျိုးပေးခဲ့သည့် လူမျိုးစု အခြေခံ ဖက်ဒရယ်စနစ်အတိုင်း ခရီးဆက်ချင်ကြသည်။ (၂၀၁၈ ခုနှစ်အထိ တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး -TPLF သည် အစိုးရအဖွဲ့အတွင်း သြဇာကြီးမားစွာတည်တ့ံခဲ့သော ပါတီဖြစ်၏။) ဤစနစ်အရ လူဦးရေ နည်းများမဆို အဓိကလူမျိုးစုများ (အီသီယိုပီးယား လူဦးရေစာရင်းအရ အမ်ဟာရာ ၂၇ ရာခိုင်နှုန်း၊ အိုရိုမို ၃၄ ရာခိုင်နှုန်း၊ တီဂရေး ၆ ရာခိုင်နှုန်း) အကြား ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ယဉ်ကျေးမှုထုံးဓလေ့ဆိုင်ရာ လွတ်လပ်မှုမှာ မြင်သာထင်သာ ရှိခဲ့သည်။

သို့သော် တီဂရေးအီလစ်တို့၏ ၂၇ နှစ်တာ အုပ်စိုးမှုမှာ အလွန်မတန် ဖိနှိပ်ချုပ်ချယ်ခဲ့သည်ဟု ကျယ်ပြန့်စွာသိမြင်လာကြပြီး ၂၀၁၈ ခုနှစ်တွင် ကွီယားရူး (Qeerroo) ခေါ် အိုရိုမို လူငယ်လှုပ်ရှားမှုကြောင့် ရာဇပလ္လင်ပေါ်မှ ဆင်းပေးခဲ့ရ၏။ နောက်ပိုင်းတွင် အိုရိုမိုတစ်ဦး ဖြစ်သော အဘီအာမက် အာဏာရလာခဲ့သည်။

ယခုအခါ အမ်ဟာရာအီလစ်များက လူမျိုးစုအခြေခံ ဖက်ဒရယ်စနစ်သည် သူတို့အမြင်အရ အီသီယိုပီးယား၏ စည်းလုံးညီညွတ်မှုကို အနှောက်အယှက်ပြုသည့်အတွက် ဖျက်သိမ်းလိုကြသည်။ တီဂရေး၊ အိုရိုမိုနှင့် အခြားမျိုးနွယ်စုများအတွင်း ပြည်သူအများစုက အစိုးရ၏လူမျိုးစုအခြေခံ ဖက်ဒရယ်စနစ်အပေါ် မနှစ်မြို့ခြင်း၊ မယုံသင်္ကာဖြစ်ခြင်းတို့ကို မြင်နေရကြောင်း ဆိုကြသည်။ အမ်ဟာရာတို့၏ပုံရိပ်ကိုသုံးကာ အီသီယိုပီးယား၏ ကွဲပြားလှသော ယဉ်ကျေးမှု ထုံးဓလေ့များကို ရောသမမွှေရန် ကြိုးပမ်းကာ၊ ၁၉၉၀ ပြည့်လွန် နှစ်များဆီက မဲလက်စ်၏ အိုင်ဒီယာကို ပြန်လည်အသက်သွင်းရန် ကြံစည်အားထုတ်နေသည်ဟု ရှုမြင်ကြသည်။

အမ်ဟာရာအီလစ်များအနေနှင့် ဤကိစ္စအတွက် မဲလက်စ်ကို ဘယ်သောအခါမှ ခွင့်လွှတ်မည်မဟုတ်ပါ။ သို့သော် တီဂရေးအီလစ်များနှင့် အိုရိုမိုမျိုးချစ်များမှာမူ ဒေသန္တရကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ပတ်သက်၍သော်လည်းကောင်း၊ ကိုယ်စားပြုမှု ဗဟိုချက်အဖြစ်မှလည်းကောင်း တစ်ပြားသားမှ မလျှော့လိုကြပါ။ ထိုကဲ့သို့ ‘ပြောတော့ မိုး၊ ထိုးတော့ မြေကြီး’ ဖြစ်နေခိုက်တွင် အိုရိုမိုဝန်ကြီးချုပ် အဘီသည် တီဂရေးအီလစ်တို့နှင့် တိုက်ပွဲဖြစ်သောအခါ အမ်ဟာရာတို့ဘက်က ဦးဆောင်သင့်သည်။ နိုင်ငံ့လူဦးရေတွင် အိုရိုမိုတို့ ဘယ်နှရာခိုင်နှုန်းကို ကိုယ်စားပြုသည်ဖြစ်စေ ရင်ထဲရှိသလို ဖွင့်ဟတတ်သော ထောင်ထဲက ခုခံကာကွယ်တတ်သူများက ဝန်ကြီးချုပ်ကို သူ့ထိုက်နှင့် သူ့ကံ ပေယျာလကံ ထားလိုက်ပုံရပါသည်။

ရှာကြရမည့် အဖြေ

သေချာသည်မှာ အီသီယိုပီးယား ပြည်တွင်းစစ်နှင့်ပတ်သက်၍ ခပ်လွယ်လွယ် အဖြေရှာမရပါ။ သို့သော် အားလုံးသော အီသီယိုပီးယား နိုင်ငံသားများ စိတ်ရောကိုယ်ပါ အားထုတ်မှုမှ ခြေလှမ်းစတင်ရပါမည်။ တဖန် အတွေးအခေါ်တို့ ပါရာဒိုင်းအရွေ့လို ပြောင်းလဲရမည့် အချိန်လည်းဖြစ်ပါသည်။ လူဦးရေ အနည်းအများကို မကြည့်ဘဲ လူမျိုးစုတစ်ခု၏ အကျိုးစီးပွားကို ညီတူညီမျှသတ်မှတ်ရုံဖြင့် အီသီယိုပီးယားတစ်နိုင်ငံလုံး၏ အကျိုးစီးပွားမှာ ခွင့်တူညီမျှ ဖြစ်လာမည်မဟုတ်ပါ။ လက်တွေ့ဘဝ၌ တစ်ခါတစ်ရံ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်ကို တွေ့ရပါလိမ့်မည်။ တိုင်းပြည်တစ်ခုအဖြစ် အားကောင်းမောင်းသန် ပြန်လည်နိုးထလာသော အီသီယိုပီးယား ဖြစ်လာစေရန်မှာ ဤသို့ရိုးရှင်းလွယ်ကူသော အချက်အလက်မျိုးက စ၍ လက်ခံတတ်ဖို့ လိုပါသည်။

ထိုသို့ ပြည်တွင်းစစ်ဒဏ်ရာဒဏ်ချက်များ သူ့နိုင်ငံနှင့်သူ အဖြေရှာလျက် ပျောက်ကင်းစိမ့်သောငှာ အနောက်ကမ္ဘာမှ မိတ်ဆွေများက အကူအညီပြုနိုင်ပါသည်။ မငြင်းသာသော လက်ငင်းအခြေအနေအရ အနောက်နိုင်ငံများနှင့် အီသီယိုပီးယားအစိုးရ၏ ဆက်ဆံရေးမှာ ရေခဲမှတ်အောက် ရောက်ရှိနေပါသည်။ အီသီယိုပီးယား မြို့ပြလူတန်းစား၏ အနောက်အပေါ် သဘောထားမှာလည်း အနုတ်လက္ခဏာဆောင်ပါသည်။ အထူးသဖြင့် တီဂရေးပဋိပက္ခ၌ အနောက်နိုင်ငံတို့၏ အနေအထားပေါ်မူတည်လျက် ဤအမြင် ကျယ်ပြန့်လာခဲ့ခြင်း ဖြစ်သည်။ လက်ရှိကာလတွင် အီသီယိုပီးယား တိုင်းသူပြည်သားများအနေနှင့် အမေရိကန် ဆန့်ကျင်ရေးဝါဒသည် အီသီယိုပီးယားကို အကျိုးဖြစ်ထွန်းစေသည်လားဟု ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ရမည့် အချိန် ဖြစ်ပါသည်။

စိတ်ဝင်စားဖွယ် သုံးအုပ်စု

တီဂရေးတွင် စစ်စဖြစ်သည်နှင့် အနောက်နှင့်ပတ်သက်၍ အီသီယိုပီးယားတို့အကြား အချေအတင် ငြင်းခုန်ခဲ့ကြရာ အနည်းဆုံး အုပ်စုသုံးခု ကွဲထွက်လာသည်။

ပထမအုပ်စု၏အမြင်မှာ အနောက်ကမ္ဘာသည် အီသီယိုပီးယားကို ခေတ်သစ်ကို လိုနီဝါဒ သွတ်သွင်းခြင်း သို့မဟုတ် နောက်ကွယ်မှ ကြိုးကိုင်လိုသည်ဟု ရှုမြင်ကြ၏။ ထို့ကြောင့် အနောက်အုပ်စုဆန့်ကျင်ရေးကို ကျယ်ကျယ်လောင်လောင် အော်ဟစ်ကာ အဘီအစိုးရကို လူသိရှင်ကြား ထောက်ခံသည်။ ဤအုပ်စုဝင်များက သူတို့ကိုယ်သူတို့ အီသီယိုပီးယားစစ်စစ်များဟု ပြောသော်လည်း အများစုမှာ အမ်ဟာရာများဖြစ်နေသည်။ သူတို့လူမျိုးစု၏ ကိုယ်ပိုင်အခွင့်အရေး ရယူလိုမှုက အကြီးအကျယ် လွှမ်းမိုးထားသည်။

ဒုတိယအစုမှာ အနောက်အုပ်စု၏ ရည်ရွယ်ချက်သည် အီသီယိုပီးယား မျက်မှောက်ကာလ၌ ကြုံတွေ့နေရသော စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ကူညီမည်ဟု ယုံကြည်ကြသည်။ ဆိုမာလီတွင် ဖြေရှင်းပေးခဲ့သည့် နည်းတူ အကွဲကွဲအပြားပြား အုပ်စုများအကြား ပြေလည်သွားအောင် လုပ်ပေးနိုင်မည်ဟု ထင်မြင်ကြသည်။ အနောက်ကမ္ဘာနှင့် အီသီယိုပီးယားတို့၏ ဆက်ဆံရေးမှာလည်း ကျေးဇူးခံ၊ ကျေးဇူးစားဟု ခံယူကြ၏။

တတိယအုပ်စု၏အမြင်အရ ညီမျှမှု မရှိသည့်တိုင် နှစ်ဦးနှစ်ဖက် အကျိုးရှိမည်ဆိုလျှင် နှစ်ဘက်သဘောတူ ကူးပြောင်းရေးဖြစ်စဉ်တစ်ရပ် ရှိရမည်။ အနောက်တိုင်း၏ မူဝါဒများမှာ သူ့တန်ဖိုးနှင့်သူ မောင်းနှင်ရင်း လက်တွေ့နိုင်ငံရေးကို ကိုယ်စားပြုကြောင်း ဤအုပ်စုက အသိအမှတ်ပြုသည်။ လူမျိုးစုပေါင်းစုံ လင်လွန်းလှသော အီသီယိုပီးယားတွင် မည်သည့်နိုင်ငံရေးပုံစံမျိုး ချမှတ်သည်ဖြစ်စေ၊ ဤအစုက လိုက်နာရန်အသင့်ရှိသည်။ အများစု၏ဆန္ဒနှင့်ညီလျှင် လူမျိုးစုအခြေခံ ဖက်ဒရယ်စနစ် သို့မဟုတ် တစ်ပြည်ထောင်စနစ်၊ မည်သည့်ဖွဲ့စည်းပုံကိုမဆို လက်ခံနိုင်သည်။ သို့သော် အီသီယိုပီးယားကို ယင်းတို့ စိတ်ကြိုက် ပုံသွင်းသွားမည့် အနောက်၏စွက်ဖက်မှုကိုတော့ လက်ခံမည်မဟုတ်ပါ။

မှိန်ပျပျ အနာဂတ်

ဝန်ကြီးချုပ်အဘီအနေနှင့် တိုင်းရင်းသားမျိုးနွယ်စု အစုံအလင်နှင့် လူဦးရေ သန်း ၁၀၀ ကျော်ရှိသော အီသီယိုပီးယားကို ဆက်လက်ထိန်းသိမ်းလိုလျှင် အနောက်အုပ်စုနှင့် ရှောင်ဖယ်ရှောင်ဖယ်လုပ်နေခြင်းထက် ပူးပေါင်းအဖြေရှာခြင်းက ပိုမိုအလုပ်ဖြစ်နိုင်ပါသည်။ အထူးသဖြင့် ယခုအချိန်မျိုး၌ အီသီယိုပီးယားသည် အနောက်အုပ်စုနှင့် မိတ်ပျက်၍ မသင့်တော်ပါ။ အီသီယိုပီးယားခေါင်းဆောင်များသည် သွေးထွက်သံယိုမှုများကို ချက်ချင်းရပ်တန့်ကာ ဖျန်ဖြေရေးအဖွဲ့များကို လက်ခံရပါမည်။ ဤဆက်ဆံရေးနှင့် ပူးတွဲ အကောင်အထည်ဖော်မှုကို အုတ်မြစ်ချနိုင်သည့် အကြောင်းတရားက အနာဂတ်ဖွံ့ဖြိုးမှုနှင့် ကုန်သွယ်ရေးအတွက်ပါ အကျိုးဖြစ်ထွန်းစေပါလိမ့်မည်။ ထိုသို့ဆောင်ရွက်နိုင်ခဲ့ပါက အီသီယိုပီးယားအစိုးရအတွက် အမြတ်ထွက်သည့်အပြင်၊ အီသီယိုပီးယား တိုင်းသူပြည်သားအားလုံး၏ အကျိုးရလဒ်ဟုလည်း ဆိုနိုင်ပါသည်။

အီသီယိုပီးယားပြည်တွင်းစစ်အဖို့ အနာကျက်ချိန် တန်ပါပြီ။ သို့သော် သွေးထွက်သံယိုမှုများ ရှောင်လွှဲရန်၊ တိုင်းပြည် အစိတ်စိတ် အမွှာမွှာ ပြိုကွဲခြင်းမှသည် ဒေသတွင်းကပ်ဘေးအထိ ကျယ်ပြန့်မသွားစေရန် အချိန်များ များစားစား မကျန်တော့ပါ။

တကယ်တော့ ဒုတိယဗိုလ်မှူးကြီးဟောင်း၊ ဂရင်းနစ်တက္ကသိုလ်မှ M.A ဘွဲ့ရ၊ အက်ရှ်လန်းတက္ကသိုလ်မှ M.B.A ဘွဲ့ရ၊ ၂၀၁၉ ခုနှစ်၏ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဝန်ကြီးချုပ် အဘီအာမက်၏ အီသီယိုပီးယား အုပ်ချုပ်ရေး ကမောက်ကမဖြစ်မှုများမှာ ‘အရပ်ရပ်နှင့် အနယ်နယ်၊ ကြားလို့မှမတော်’ ဟု ဆိုရပါမည်။ အီသီယိုပီးယား၏ မျိုးနွယ်စုစုံလင်မှုနှင့် အာဏာခွဲဝေမှုဆိုင်ရာ မူလမကျေလည်ချက်များ နောက်ခံတွင်၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း ကိုဗစ်-၁၉ ကို အကြောင်းပြကာ ပါလီမန်ရွေးကောက်ပွဲအချိန်ဇယားများကို ရွှေ့ပစ်ခဲ့ခြင်းမှ စတင်၍ ပြဿနာအရပ်ရပ် မီးလောင်ရာလေပင့် ဖြစ်လာခဲ့သည်။

နောက်ဆုံးသတင်းများအရ အနောက်နိုင်ငံသံရုံးများနှင့် ကုလသမဂ္ဂဝန်ထမ်းများ တိုင်းပြည်အတွင်းမှ ပြန်လည်ထွက်ခွာနေကြပြီး သူပုန်တပ်များမှာလည်း မြို့တော်အဒစ် အက်ဘာဘာကို ၀ိုင်းပတ်ပိတ်ဆို့ပြီး ဖြစ်ကြောင်း သိရသည်။ ခိုင်မာမြဲမြံသော လုပ်ထုံးလုပ်နည်းများ၊ အင်စတီကျူးရှင်းများကို မထူထောင်နိုင်မီ မိမိမျိုးနွယ်စုအတွက်ဖြစ်စေ၊ မိမိတစ်ကိုယ်ရည်အတွက်ဖြစ်စေ အာဏာနှင့် လုပ်ပိုင်ခွင့်များကို သားရေကွင်းကဲ့သို့အတင်း အလျှော့ လုပ်ဆောင်ခဲ့ခြင်းက သန်း ၁၀၀ ကျော် အီသီယိုပီးယားပြည်သူများကို ကပ်ကြီး သုံးပါးဘေးအတွင်းသို့ သက်ဆင်းစေခဲ့ပါပြီ။ အနောက်ကမ္ဘာအဖို့ရာ ‘ကျွန်တော် တင်သော ရွှေမင်းသား’ ထင်တိုင်းမပေါက်ခဲ့ဟု ဆိုရပါမည်။ တိုင်းပြည်ကိုချစ်၍ မျိုးနွယ်ကို စောင့်ရှောက်ကြသည်ဆိုရာဝယ် ကွဲပြားသော နောက်ခံများမှ ထွက်ပေါ်လာသည့် မတူညီသောအမြင်များအား စားပွဲဝိုင်းတွင်ထိုင်ကာ စိတ်ရှည်လက်ရှည် နားမထောင်နိုင်သေးသမျှ ပြည်သူပြည်သားတို့အဖို့ ခံဘက်ကချည်းဖြစ်ကြောင်း အီသီယိုပီးယားဖြစ်စဉ်များက သင်ခန်းစာပေးနေပါ၏။

Most Read

Most Recent