နာရီပေါ်က အတွေးစများ

နာရီပေါ်က အတွေးစများ
Published 10 November 2021
မောင်မြင့်ဝင်း

အရင်တုန်းက ထင်ခဲ့မိတယ်။ အများရဲ့ ထင်မြင်ယူဆချက်တွေဟာ  အကုန်မှန်မယ်၊ အများရဲ့ သဘောထားနဲ့ မကိုက်ညီတဲ့ အရာတွေဟာ အကုန်မှားမယ်ပေါ့။  ဥပမာ နာရီတစ်လုံးပဲဆိုပါတော့။ လူအများ တွေးထင်ထားတာက  နာရီဆိုရင် အမြဲလည်ပတ်နေရမယ်။ အနည်းဆုံး စက္ကန့်လောက် နောက်ကျတာကိုတောင် မဖြစ်ရဘူး။ ဒါပေမဲ့ တစ်စက္ကန့် လောက်နောက်ကျတဲ့ နာရီနဲ့ လုံးဝရပ်နေတဲ့ နာရီ နှစ်ခုကို နှိုင်းယှဉ်လိုက်မယ်ဆိုရင်ကော။ အဲဒီလိုဆိုရင် ဘယ်နာရီကို ပိုပြီးဦးစားပေး ရွေးချယ်ကြလေမလဲ။ လူအများစုကတော့ စက္ကန့်ဝက်လောက် နောက်ကျတဲ့ နာရီကိုပဲ ရွေးချယ်ကြမှာဖြစ်ပြီး ပျက်နေတဲ့ နာရီကိုတော့ ရွေးချယ်ကြလိမ့်မယ်လို့ မထင်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ လုံးဝရပ်နေတဲ့ နာရီပျက်တစ်လုံးထက် လည်နေတဲ့ နာရီတစ်လုံးက ပိုပြီး အသုံးဝင်မယ်ဆိုတဲ့ အထင်နဲ့ပေါ့။ ကိုယ်လည်း အဲဒီလိုထင်တဲ့အထဲမှာ ပါခဲ့ဖူးတယ်။ ဟုတ်တယ်လေ။ နာရီလက်တံရှည်နဲ့ လက်တံတိုလေးနှစ်ချောင်းရဲ့ အမြဲတမ်းအိပ်စက်လဲလျောင်းနေတာကို သဘောမှ မကျတာပဲလေ။  နာရီဆိုတာက အမြဲတမ်းရွေ့လျား နေရမှာပဲမို့လား။ ပြီးတော့ အချိန်သိဖို့ ပတ်ထားတဲ့ နာရီတစ်လုံးဟာ အချိန်ကိုမှ ကြည့်မရရင် ကိုယ့်အတွက် ဘာအသုံးဝင်တော့မှာလဲ။ တစ်ယောက်ယောက်ကများ ဘယ်နှနာရီထိုးပြီလဲလို့ မေးလာခဲ့ရင် အရှက်တကွဲက ဖြစ်ရဦးမယ်။ အဲဒါကြောင့် လုံးဝရပ်နေတဲ့ နာရီပျက်ကြီးကို ရွေးချယ်ဖြစ်မှာ မဟုတ်တာတော့ သေချာတယ်။

ဒါပေမဲ့ အဲဒီအချိန်မှာ  တစ်ယောက်ယောက်က  ပျက်နေတဲ့နာရီဟာ ရွေ့လျားနေတဲ့ နာရီထက်ပိုပြီး တန်ဖိုးရှိတယ်လို့ ပြောလာခဲ့ရင် ပထမတော့ အံ့သြမိလိမ့်မယ်ထင်တယ်။ ပြီးရင်ပြောသူကို အရူးလို့သတ်မှတ်ချင် သတ်မှတ်မိလိမ့်မယ်။ ဒါပေမဲ့ ကိုယ်သိထားတဲ့ အရာတစ်ခုကနေ ဖောက်ထွက်ပြီး အမှန်တရားတစ်ခုဆိုတာ မြင်လိုက်ရတဲ့အခါ စိတ်တွေလည်း ပြောင်းလဲသွားစေမှာတော့ သေချာပါတယ်။  လည်ပတ်နေတဲ့နာရီက တစ်နေ့ကို စက္ကန့်ဝက် နောက်ကျတယ်ဆိုရုံလောက်နဲ့တော့ အလွန်အကြူး မအံ့သြမိလောက်ပါဘူးလေ။ ဒီထက်ပိုပြီး တိကျတဲ့အဖြေရှိလာခဲ့ရင်တော့ မသိနိုင်ဘူးပေါ့။ ဥပမာဆိုပါတော့ ရပ်နေတဲ့ နာရီဟာ တစ်နေ့ကို နှစ်ကြိမ်အချိန်မှန်ပြတယ်။ တစ်နေ့ကို စက္ကန့်ဝက် နောက်ကျတဲ့နာရီက နှစ်ပေါင်း ၂၃၆ နှစ်မှာမှ တစ်ကြိမ် အချိန်မှန်ပြတယ်ဆိုတာတွေပေါ့။ အဲဒီလို သေချာသိခဲ့ရင်တော့ လည်ပတ်နေတဲ့ နာရီလေးကို ရွေးချယ်ဖြစ်မှာ မဟုတ်တော့ဘူး။ သေချာတယ်။ တခြားသူတွေကရော။ ထင်တယ် သူတို့တွေလည်း ဟင့်အင်းလို့ ငြင်းဆို ကြမှာပါ။

လူ့စိတ်တွေများ အတော်အပြောင်းလဲ မြန်တတ်ကြတာပါလားနော် ။ အစောကတော့ နာရီဆိုရင် လည်ပတ်နေမှ ကြိုက်တယ်ဆိုပြီး ဟောအခုကျတော့ ကြီးကြီးကျယ်ကျယ်စကားတွေက ပြောနေကြပြန်ပြီ။ မှန်မှန်လေးသွားနေတာကလည်း တစ်ချိန်မှာ လိုရာရောက်နိုင်တယ်ဆိုတဲ့ နာရီပျက်တစ်လုံးရဲ့တန်ဖိုးကိုလည်း သိရော စိတ်ထားတွေက ပြောင်းလဲသွားလိုက်ကြတာ။ အံ့သြစရာ။ အဲဒါကြောင့် ပညာရှင်အချို့ကပြောကြတာ။ ခိုင်မာတဲ့အချက်အလက် Data တွေစုပြီး အတိအကျလုပ်တယ်ဆိုတိုင်း အမှန်ဖြစ်ရမယ် မထင်လေနဲ့တဲ့။ အဲဒါ နဲ့ဆက်စပ်ပြီး သိလိုက်ရတဲ့ နောက်ထပ်အသိတစ်ခုက  ရွေ့လျားနေတိုင်းလည်း ပန်းတိုင်ဆိုတာ မနီးတတ်ဘူးဆိုတာပါပဲ။ ပုံမှန်လေးရွေ့လျားနေတဲ့လိပ်ဟာ တစ်ချိန်မှာ ပန်းဝင်တယ်ဆိုတာ ပုံပြင်ထဲမှာသာ ရှိတာ လက်တွေ့ဘဝမှာက လည်နိုင်သူမှ သူများထက်သွက်နိုင်မှ တန်ရာကျတဲ့ခေတ်ကြီးဖြစ်နေပြီ။ မမြန်နိုင်ရင်လည်း နာရီပျက်တစ်လုံးလိုသာ နေပေါ့။ လူကြားကောင်းအောင် အမှန်တရားကို မြတ်နိုးတယ်ဆိုပြီး အမှန်တရားနဲ့ဝေးနေတဲ့ သူတွေဆိုတာလည်း ဒီလောကထဲမှာ အများကြီးမှ တကယ့်ကို အများကြီးပဲ။   သူတို့ တွေက သူတို့ရဲ့အတ္တတွေကို ရှေ့တန်းတင်ကာ ဘီလူးခေါင်းပေါ် မင်းသားခေါင်းစွပ်တပ်ထားကြသူတွေ။ ပြောရရင် စက္ကန့်ဝက်နောက်ကျတဲ့ နာရီလိုလူမျိုးတွေပဲ ဆိုပါတော့။

လူအများစုက  အချက်အလက် ခိုင်ခိုင်မာမာ ဖြစ်တယ်ထင်ရင်ကို ချက်ချင်း ခေါင်းညိတ်လိုက်ကြတော့တာပဲ။ နောက်ပြီး ခပ်ညံ့ညံ့အလုပ်တွေပဲ လုပ်ဖြစ်ကြတာ။ ခပ်ညံ့ညံ့အဖွဲ့အစည်းကထွက်တဲ့ ဆုံးဖြတ်ချက်တွေဟာ ခပ်ညံ့ညံ့ အလုပ်တွေပဲ ဖြစ်လာစေမှာပါပဲလေ။ သူတို့ကို မှီခိုနေရသူတွေဟာလည်း ခပ်ညံ့ညံ့ ထုတ်ကုန်တွေပဲ စားသုံးကြရမှာပါ။ အဲဒီထက်ပိုပြီး ညံ့တာကို ညံ့တယ်လို့ လက်မခံပဲ အမှန်တရားတစ်ခုအဖြစ် ဇွတ်အတင်း တရွတ်တိုက်ဆွဲနေခြင်းက ပိုပြီးညံ့စေမှုဆီကို တရွတ်တိုက်အဆွဲခံနေကြရမှာ။ တကယ်တော့ အရည်အသွေးဆိုတာ အနည်းအများနဲ့မဆိုင် အမှားအမှန်နဲ့သာ ဆိုင်တယ်ဆိုတာ တဖြည်းဖြည်းသိလာရတာ။ ဆက်ပြီး စဉ်းစားမိပြန်တယ်။ အမှားတွေဘက်မှာ အရည်အသွေးတွေ ကောင်းနေရင်ကော အဆင်ပြေစေ မှာလားပေါ့။  ဒါကလည်း စဉ်းစားစရာပါ။ နောက်တစ်ခုက အချက်အလက် ခိုင်ခိုင်မာမာလည်း ဖြစ်တယ်။ အများသဘောကျလည်း ဖြစ်ပါရဲ့။ ဒါပေမဲ့ အဲဒီအများထဲမှာ ဉာဏ်ရှိသူ တစ်ယောက်မှ မပါဘူး ဆိုရင်ကော။  သေချာပြီ။  နောက်ကျတဲ့နာရီကို ဝယ်ဖို့ဆုံးဖြတ်ချက်ချသူတွေသာ ဖြစ်လာစေတော့မှာ။

နာရီလေးကတော့ အချိန်တိုင်း လည်ပတ်နေမှာပါ။ နေ့တိုင်းကို မရပ်မနားနဲ့ လည်ပတ်နေတာ။ အချိန်ရှိသရွေ့ကို နေ့ညမပြတ်ကို လည်ပတ်နေတာ။ အချိန်မှန်လားဆိုတော့ မမှန်ဘူး။ ဒါပေမဲ့ လည်တော့ လည်ပတ်နေတာပဲ။ ဒါကို အများစုကတော့  နောက်ကျနေတဲ့ စက္ကန့်ကို သတိမထားမိကြဘူး။ လည်နေတဲ့ နာရီလက်တံလေးတွေကိုသာ ကြိုက်နေကြတာ။ အဲဒီနာရီတစ်လုံးနဲ့ပဲ အလုပ်တွေ ဆက်တိုက်လုပ်နေကြတာ။ သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲ။  အဲဒီအချိန်မှာ အချိန်မှန်နာရီပတ်ထားသူ တခြားတစ်ယောက်က မင်းနာရီက နောက်ကျကြောင်း အပြုသဘောနဲ့ ပြောလိုက်မိရင်တောင် သူကစိတ်ဆိုးသွားချင် ဆိုးလိမ့်ဦးမယ်ထင်မယ်။ ပြီးတော့  အပြောခံရသူက ရင်ကော့ပြီး ငါ့နာရီကမှ အချိန်မှန်တာ။  မင်းနာရီက အချိန်မှားကြီးလို့ ဇွတ်ငြင်းချင် ငြင်းလိမ့်ဦးမယ်ထင်တယ်။  သူနဲ့အတူ ဘေးက အချိန်မမှန်တဲ့ နာရီပတ်ထားသာတွေကိုတောင် သက်သေယူချင်ယူဦးမယ်။ ပြီးတော့ စိတ်ဆိုးပြီးတော့ ပြောဦးမယ်ထင်တယ်။ မင်းနာရီက အရမ်းမြန်နေတယ်။ အချိန်မှန်အောင် တိုက်လိုက်ပေါ့ ဆိုတာမျိုးတွေပေါ့။ ဒါက သူ့နာရီမှားနေတာ သိပါလျက် အမှားကို ဝန်မခံချင်လို့ ငြင်းချက်ထုတ်နေတာ။ တစ်ဖက်သူရဲ့ မှန်နေဆဲ နာရီကိုတောင် မှားတယ်လို့ ဇွတ်အတင်း ပြန်ပြောနေမိတာ။ အဲဒီလိုနဲ့ တခြားသူတွေရဲ့ နာရီတွေတောင် သူ့ပယောဂကြောင့် အချိန်မမှန်တဲ့ နာရီတွေ ဖြစ်လာရတော့တယ်။ စိတ်ပျက်စရာ။

အဲဒီလို အချိန်မှားနေတာမှ တစ်ရက်လည်းမဟုတ်။ နှစ်ရက်လည်းမဟုတ်ဘူး။ မှားခဲ့တဲ့ရက်တွေ အများကြီးမှ တကယ့်ကို အများကြီးပဲ။ ပြောရရင် နာရီလေး သူတို့လက်ထဲ ရောက်လာချိန်ကပြီးကတည်းက မှားခဲ့ကြတာ။ အဲဒီလိုနဲ့ သူ့အသိုင်းဝန်း တစ်ခုလုံးဟာ အမှားတွေက ထပ်လာတယ်။  ပြင်ဆင်ရမယ့်အရာတွေ ပတ်ဝန်းကျင်မှာ အများကြီးရှိနေပါလျက် ပြင်ဆင်ဖို့သတိမရကြတော့ဘူး။  အလွဲတွေက အများကြီးမှ တကယ့်အများကြီး။ လူငယ်တွေဟာ တိုင်းပြည်ရဲ့အနာဂတ်ဆိုပြီး တစာစာ ကြွေးကြော်နေပေမယ့် လက်တွေ့တွေ့နေရတာတွေက လူငယ်တွေက ဟိုးနောက်ဆုံးမှာ။ မရေရာတဲ့ အနာဂတ်ဆိုတဲ့ စကားလုံးအလှတွေနဲ့ လူငယ်တွေဘဝတွေ စတေးခံနေကြရတယ်။ ဖြစ်သင့်တာက အနာဂတ်ဆိုတာ အဝေးကြီးရှိပြီး ပစ္စုပ္ပန်မှာ လူငယ်တွေက ရှေ့ကနေ နေခိုင်းရမယ်။ လူကြီးတွေက လူငယ်တွေကို လက်တွဲခေါ်ရမယ်။ မှားနေရင် ဖေးမကြရမယ်။  အခုတော့။  အဲဒါတွေနဲ့ ဆန့်ကျင်ဘက်တွေ။

တကယ်တော့ ပတ်ဝန်းကျင်မှာ အချိန်မမှန်တဲ့နာရီကို မက်မောနေကြသူတွေ များနေသရွေ့တော့  အမြဲမောပန်းနေရဦးမှာက အသေအချာပါ။ အဲဒီလို အချိန်တွေကြာလာရင် အချိန်မှန်နေတဲ့ နာရီလေးကိုတောင် စိတ်ကုန်ချင်ကုန်လာမှာ။ နာရီကို အဝေးဆုံးကို လွှင့်ပစ်ချင်စိတ်ကဖြစ်လာမှာ။ အဲဒီလို မှားနေတဲ့ အမှားတွေကြားထဲမှာ နေရတာ တကယ် မောပန်းလွန်းလှပါပြီ။ တစ်ခါတစ်လေတော့လည်း အမှန်တရားလေး တစ်ကြိမ်လောက်တော့  ပိုင်ဆိုင်ပါရစေဆိုတဲ့ မျှော်လင့်ချက်လေးတော့ ဖြစ်မိပါရဲ့။ တကယ်။

ဘာပဲဖြစ်ဖြစ် စက်ရပ်နေတဲ့ နာရီကို ကန်ထုတ်နေကြသူတွေ၊ အချိန်မှန်နေတဲ့ နာရီကို အပြစ်ပြောဖို့ စောင့်နေကြသူတွေ၊ ရည်ရွယ်ချက်ကို အတည်ဖြစ်ဖို့ ချောင်းမြောင်းနေကြသူတွေ၊ တစ်နေ့ကျရင် ဘာဖြစ်ရမယ် ဆိုပြီး ပြောနေကြသူတွေ။ ခင်ဗျားတို့ရဲ့ နာရီတွေဟာ အချိန်မှန်တဲ့ နာရီလေးတစ်လုံးဖြစ်ကြောင်း အများလက်ခံနိုင်အောင် ခင်ဗျားတို့ သက်သေပြကြစမ်းပါလားဗျာ။

Most Read

Most Recent