၂၀၂၁ ခုနှစ်တွင် အာရှတိုက်အတွင်း အပြင်းထန်ဆုံး ထိုးနှက်ခံခဲ့ရသည့် မြန်မာ့စီးပွားရေး၊ ကိုးလကျော်အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒေါ်လာ ၃၂၄ ဒသမ ၈ သန်းရောင်းချခဲ့ခြင်း

၂၀၂၁ ခုနှစ်တွင် အာရှတိုက်အတွင်း အပြင်းထန်ဆုံး ထိုးနှက်ခံခဲ့ရသည့် မြန်မာ့စီးပွားရေး၊ ကိုးလကျော်အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒေါ်လာ ၃၂၄ ဒသမ ၈ သန်းရောင်းချခဲ့ခြင်း
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို တွေ့ရစဉ်
Published 7 November 2021

၂၀၂၁ ခုနှစ်တွင် အာရှတိုက်အတွင်း အပြင်းထန်ဆုံးထိုးနှက်ခံခဲ့ရသည့် မြန်မာ့စီးပွားရေး

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် အာရှတိုက်အတွင်း အပြင်းထန်ဆုံး ထိုးနှက်ခံခဲ့ရသည့် စီးပွားရေးများအနက် တစ်ခုအဖြစ်ကျန်ရှိနေသေးကြောင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁ ရက်က ထုတ်ပြန်ထားသည့် IHS Markit မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းများအရ သိရသည်။

“မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ၂၀၂၁ ခုနှစ်တွင် အာရှတိုက်ထဲက အပြင်းထန်ဆုံး ထိုးနှက်ခံခဲ့ရသည့် စီးပွားရေးများထဲက တစ်ခုအဖြစ် ကျန်ရှိနေပါတယ်။ နောက်ဆုံးသုံးလပတ်အစက အားကောင်းသည့် ကျဆင်းမှုများကို ညွှန်ပြနေသော်လည်း ကျဆင်းမှုနှုန်းသည် နှစ်ဆန်းမှစပြီး အားအပျော့ဆုံးဖြစ်လာနိုင်မယ့် မျှော်လင့်ချက်လက္ခဏာတွေရှိပါတယ်။ ပစ္စည်းပေးသွင်းမှုဆိုင်ရာ ဖိအားပေးမှုများကို ၂၀၂၂ ခုနှစ်တွင်ပါ မြင်ရဖွယ်ရှိသော်လည်း ကုမ္ပဏီများက နိုင်ငံတကာရှားပါးမှုများမှာ အားပျော့သွားပြီး စျေးနှုန်းမှာ ကျဆင်းလာကာ ဝယ်လိုအား ပြန်ကောင်းလာမှာကို မျှော်လင့်နေကြပါတယ်” ဟု စီးပွားရေးပညာရှင် Shreeya Patel က ပြောကြားသည်။

အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းမှာ ၄၃ ဒသမ ၃ ရှိ၍ ပြီးခဲ့သည့် စက်တင်ဘာလ၏ PMI အညွှန်းကိန်း ၄၁ ဒသမ ၁ ထက် မြင့်တက်ခဲ့သည်။ သို့သော်လည်း အရေးကြီးသည့် အပြောင်းအလဲမရှိ အမှတ် ၅၀ အောက်သာ သိသာစွာနိမ့်ကျနေကြောင်း ဖော်ပြထားသည်။

အောက်တိုဘာလအတွင်း ထုတ်လုပ်မှုစရိတ် ဖောင်းပွမှုမှာ ငါးလအတွင်း အမြင့်ဆုံးဖြစ်လာပြီး မှတ်တမ်းတွင် ဒုတိယအများဆုံး ဖြစ်သည်။

ကုန်ကြမ်းများနှင့် ပို့ဆောင်ရေး ကုန်ကျစရိတ်များ မြင့်တက်လာခြင်းနှင့်အတူ ငွေလဲနှုန်းဆိုးရွားလာခြင်းက ထုတ်လုပ်မှုစရိတ်များကို မြှင့်တင်ရန် ဖိအားများဖြစ်လာကြောင်း၊ စက်ရုံများ၏ ရောင်းစျေးများပါ အလားတူအရှိန်ဖြင့် မြင့်တက်လာခဲ့ပြီး စစ်တမ်းကောက်ယူမှုသမိုင်းတွင် တတိယအားအကောင်းဆုံး တိုးတက်မှုဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အောက်တိုဘာလအတွင်း ဝယ်လိုအားပျော့လာခြင်း၊ ကုန်ကြမ်းရှားပါးမှုနှင့် ကျွမ်းကျင်လုပ်သား မလုံလောက်မှုကြောင့် ထပ်မံထိုးနှက်ခံခဲ့ရကြောင်း သိရသည်။

နိုင်ငံတကာ ကုန်ကြမ်းရှားပါးမှုကပါ မပြီးဘဲကျန်ရှိခဲ့သည့် အလုပ်များ စံချိန်တင်စုစည်းမှုကို ပံ့ပိုးခဲ့ကြောင်း၊ ပစ္စည်းပေးသွင်းရေး ကွင်းဆက်များမှာ ကူးစက်မြန် ကပ်ရောဂါကြောင့် ပြတ်တောက်သွားကြပြီး ဆုတ်ယုတ်မှုလက္ခဏာများကို ဖြစ်ပေါ်စေခဲ့သည်။

ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များမှာ အောက်တိုဘာလတွင် စစ်တမ်းအတွင်း တတိယအကြာရှည်ဆုံးကာလ ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံကုန်ထုတ်လုပ်မှုသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှစတင်ပြီး လစဉ်တိုင်းဆုတ်ယုတ်လျက်ရှိကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

Purchasing Manager’s Index (PMI) အကိန်းများ တွက်ချက်ရာတွင် ကုန်ထုတ်လုပ်မှု၊ အော်ဒါသစ်များ၊ အလုပ်နေရာ၊ ပစ္စည်းပေးသွင်းသူများ၏ပေးသွင်းမှု ကြာမြင့်ချိန်နှင့် သိုလှောင်ထားသည့် ထည့်ကုန်များစသည့် အညွှန်းကိန်းငါးခုကို တွက်ချက်ထားခြင်းဖြစ်သည်။

ယခုထုတ်ပြန်ထားသော စစ်တမ်းကို IHS Markit က စက်မှုကုန်ထုတ်လုပ်ငန်းများထံမှ ကောက်ယူစုစည်းရရှိသည့် စစ်တမ်းမှ လကိန်းဂဏန်းများကို အခြေခံပြုစုထားခြင်းဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာအုပ်စုက ပံ့ပိုးပေးထားခြင်းဖြစ်သည်။

အောက်တိုဘာလအတွင်း စစ်တမ်းကောက်ယူခဲ့သည့် အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံတစ်ခုတည်းသာ ကုန်ထုတ်လုပ်မှုအခြေအနေများ ဆုတ်ယုတ်လာခဲ့ကြောင်း နိုဝင်ဘာ ၂ ရက်က ထုတ်ပြန်ထားသည့် IHS Markit အာဆီယံထုတ်လုပ်မှု PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index) စစ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါစစ်တမ်းကို အာဆီယံဒေသတွင်း နိုင်ငံများဖြစ်သည့် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာစသည့် ခုနစ်နိုင်ငံကို အဓိကစစ်တမ်း ကောက်ယူထားခြင်းဖြစ်သည်။

“အဖွဲ့ဝင်နိုင်ငံများမှာ မြန်မာနိုင်ငံမှလွဲပြီး တိုးတက်မှုကို ကျယ်ပြန့်စွာတွေ့မြင်ခဲ့ရတယ်။ အင်ဒိုနီးရှားသည် စစ်တမ်းအတွင်း စံချိန်တင်ဖြစ်သော PMI ဖြင့် ထိပ်ဆုံးတွင်ရှိနေပြီး နောက်မှာ စင်ကာပူ၊ မလေးရှားနဲ့ ဗီယက်နမ်တို့ လိုက်ပါနေပြီး နောက်ဆုံးနှစ်နိုင်ငံတို့က မေလမှစပြီး ၎င်းတို့ရဲ့ ကုန်စည်ထုတ်လုပ်မှု အခြေအနေများ တိုးလာခြင်းကို ပထမဦးဆုံးအကြိမ် မှတ်တမ်းတင်ခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံနဲ့ ထိုင်းနိုင်ငံများလည်း အောက်တိုဘာတွင် လုပ်ကိုင်မှုအခြေအနေများ တိုးတက်လာပြီး မှတ်တမ်းတင်ခဲ့ကြပါတယ်” ဟု IHS Markit ၏ စီးပွားရေးပညာရှင် Lewis Cooper က ပြောကြားသည်။

အောက်တိုဘာလအတွင်း အာဆီယံ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းမှာ ၅၃ ဒသမ ၆ အထိ တိုးတက်ခဲ့ခြင်းက အာဆီယံထုတ်လုပ်ရေးအခြေအနေများ ၂၀၂၁ ခုနှစ် မေလမှစပြီး (ငါးလတာအချိန်ကာလ) ပထမဦးဆုံး တိုးတက်မှုကို အချက်ပြခဲ့ခြင်းဖြစ်သည်။

စစ်တမ်းအတွက် ကိန်းဂဏန်း အချက်အလက်များ စုစည်းလာခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှစတင်၍ အမြန်ဆုံးနှုန်းများထဲမှ တစ်ခုဖြစ်လာခဲ့ကြောင်း အထက်ပါစစ်တမ်းတွင် ဖော်ပြထားသည်။

အောက်တိုဘာလအတွင်း အာဆီယံနိုင်ငံများ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းများမှာ အင်ဒိုနီးရှားသည် PMI အညွှန်းကိန်း ၅၇ ဒသမ ၂ ဖြင့် စံချိန်တင်၍ ထိပ်ဆုံးအဆင့်တွင်ရှိနေသည်။

စင်ကာပူနိုင်ငံသည် PMI အညွှန်းကိန်း ၅၄ ဒသမ ၅ ဖြင့် ဆက်တိုက်တိုးထုတ်လုပ်ရေး နယ်ပယ်ထဲတွင် အခိုင်အမာရပ်တည်လျက်ရှိကြောင်း ဖော်ပြထားသည်။

နောက်ဆုံးအနေဖြင့် မြန်မာနိုင်ငံသည် အောက်တိုဘာလတွင် လုပ်ကိုင်မှုအခြေအနေများ ဆုတ်ယုတ်လာမှုကို ပြသနေသည့် အာဆီယံထဲက တစ်ခုတည်းသော နိုင်ငံဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် PMI အညွှန်းကိန်း ၄၃ ဒသမ ၃ မှာ ဇန်နဝါရီမှစပြီး ၁၀ လအတွင်း အားအနည်းဆုံး ကျဆင်းမှုကို ညွှန်းပြလျက်ရှိသော်လည်း အပြင်းထန်သည့် ကျဆင်းမှုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် အာရှတိုက်အတွင်း အပြင်းထန်ဆုံး ထိုးနှက်ခံခဲ့ရသည့် စီးပွားရေးများအနက်တစ်ခုအဖြစ် ကျန်ရှိနေသေးကြောင်း သိရသည်။

အောက်တိုဘာလအတွင်း အာဆီယံနိုင်ငံများ၏ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်နှစ်ခုလုံး၌ စံချိန်တင် တိုးလာခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

Purchasing Manager’s Index (PMI) ညွှန်းအကိန်းများ တွက်ချက်ရာတွင် ကုန်ထုတ်လုပ်မှု၊ အော်ဒါသစ်များ၊ အလုပ်နေရာ၊ ပစ္စည်းပေးသွင်းသူများ၏ ပေးသွင်းမှုကြာမြင့်ချိန်နှင့် သိုလှောင်ထားသည့် ထည့်ကုန်များ စသည့်အညွှန်းကိန်းငါးခုကို တွက်ချက်ထားခြင်းဖြစ်သည်။

ယခုထုတ်ပြန်ထားသော စစ်တမ်းကို IHS Markit က စက်မှုကုန်ထုတ်လုပ်ငန်းများထံမှ ကောက်ယူစုစည်းရရှိသည့် စစ်တမ်းမှုလကိန်းဂဏန်းများကို အခြေခံပြုစုထားခြင်းဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာအုပ်စုက ပံ့ပိုးပေးထားခြင်း ဖြစ်သည်။

ကိုးလကျော်အတွင်း ဗဟိုဘဏ်က ဒေါ်လာ ၃၂၄ ဒသမ ၈ သန်း ရောင်းချ

နိုဝင်ဘာ ၁ ရက်တွင် ဗဟိုဘဏ်က စျေးပြိုင်လေလံစနစ်ဖြင့် တစ်ဒေါ်လာလျှင် ငွေလဲနှုန်း ၁၇၆၀ ကျပ်ဖြင့် ဒေါ်လာသန်း ၃၀ ရောင်းချခဲ့ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်များအရ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် တစ်ရက်အတွင်း ဒေါ်လာသန်း ၅၀ အထိ စံချိန်တင်ရောင်းချခဲ့ပြီး လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ  ကျပ် ၁၈၂၀ ဖြစ်သည်။

ထို့နောက် အောက်တိုဘာ ၂၂ ရက်တွင် ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာသန်း ၃၀ ရောင်းချခဲ့ပြီး လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ ကျပ် ၁၈၀၀ ဖြစ်ပြီး အောက်တိုဘာ ၂၆ ရက်တွင် ဒေါ်လာသန်း ၃၀ ထပ်မံရောင်းချခဲ့ရာ လေလံအတွက် ပျမ်းမျှငွေလဲနှုန်းမှာ  ကျပ် ၁၇၉၀ ဖြစ်သည်။

သို့ဖြစ်ရာ အောက်တိုဘာလအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာသန်း ၁၁၀ အထိ စံချိန်တင် ရောင်းချခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာလကုန်အထိ နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့်  ဒေါ်လာ ၂၉၄ ဒသမ ၈ သန်းအထိ ရောင်းချထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာရောင်းချမှုအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဒေါ်လာ ၆ ဒသမ ၈ သန်းရောင်းချခဲ့ပြီး မတ်လအတွင်း ရောင်းချမှု မရှိခဲ့ပေ။

ဧပြီလအတွင်း ဒေါ်လာ ၁၂ သန်း၊ မေလအတွင်း ဒေါ်လာ ၂၄ သန်း၊ ဇွန်လတွင်း ဒေါ်လာ ၁၂ သန်း၊ ဇူလိုင်လအတွင်း ဒေါ်လာ ၃၉ သန်း ရောင်းချခဲ့သည်။သြဂုတ်လအတွင်း ၂၈ သန်း၊ စက်တင်ဘာလအတွင်း ဒေါ်လာ ၆၃ သန်း ၊ အောက်တိုဘာတွင် ဒေါ်လာသန်း ၁၁၀ ရောင်းချခဲ့ခြင်းဖြစ်သည်။

ကာလတိုအတွင်း နိုင်ငံခြား ငွေလဲလှယ်နှုန်းအတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့်အရန်ငွေဖြည့်တင်းရန် ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖွင့်လှစ်ဆောင်ရွက် နေသည်။

ဗဟိုဘဏ်စျေးပြိုင်လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များ ချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင်လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းလိုင်စင် (Authorized Dealer - AD) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင် ဘဏ်သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိက ဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။

Most Read

Most Recent