မဲဆန္ဒနယ်တစ်နယ်တွင် ကိုယ်စားလှယ်တစ်ဦး ရွေးကောက်သည့်စနစ်မှာ ခေတ်နောက်ကျ၍ မျှတမှုမရှိသဖြင့် နိုင်ငံအများအပြားက အချိုးကျကိုယ်စားပြုစနစ်ကို အစားထိုးကျင့်သုံးနေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားသည်။
နိုဝင်ဘာ ၅ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင်ပြုလုပ်သည့် ရွေးကောက်ပွဲစနစ်ဆွေးနွေးပွဲ ကော်မရှင်ဥက္ကဋ္ဌက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် အမျိုးမျိုးသော နိုင်ငံရေးဆိုင်ရာ ရွေးကောက်ပွဲစနစ်များနှင့်တူညီမှုမရှိသော မဲပေးပုံစနစ်များကို တွေ့ရမည်ဖြစ်ပြီး ထိုသို့သောစနစ်များကို ကျင့်သုံးကြရာတွင် အခြေခံအနေဖြင့် နှစ်မျိုးတွေ့ရကြောင်း၊ ယင်းတို့မှာ မဲများသူအနိုင်ရသည့်စနစ် FPTP နှင့် အချိုးကျ ကိုယ်စားပြုစနစ် PR တို့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အတွင်းကျင်းပခဲ့သည့် ပါလီမန်အထွေထွေရွေးကောက်ပွဲများ၊ ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း ကျင်းပခဲ့သည့် ရွေးကောက်ပွဲများ၊ ၁၉၉၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများတွင် မဲများသူအနိုင်ရသည့်စနစ် (FPTP) ကိုသာ ကျင့်သုံးခဲ့ပြီး နိုင်သူအကုန်ယူသည့်မဲပေးသော စနစ်နှင့်အတူ ကြီးပြင်းလာခဲ့သူများဖြစ်သည့်အလျောက် ဤစနစ်ကိုပင် ဒီမိုကရေစီနိုင်ငံ အများအပြားက ကျင့်သုံးသည်ဟု မှတ်ယူခဲ့ကြကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားသည်။
ပြောင်းလဲခဲ့သည့် ခေတ်ကာလ အခြေအနေအရ ဒီမိုကရေစီနိုင်ငံအများစုသည် မဲဆန္ဒနယ်တစ်နယ်တွင် ကိုယ်စားလှယ်တစ်ဦး ရွေးကောက်သည့်စနစ်မှာ ခေတ်နောက်ကျ၍ မျှတမှုမရှိသဖြင့် နိုင်ငံအများအပြားက ယင်းစနစ်ကို ငြင်းပယ်ခဲ့ကြပြီး အချိုးကျကိုယ်စားပြုစနစ်ကို အစားထိုးကျင့်သုံးနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊နိုင်သူအကုန်ယူစနစ်ဖြင့် ရွေးကောက်တင်မြှောက်ရာတွင် ထောက်ခံဆန္ဒမဲ ၅၁ ရာခိုင်နှုန်းရရှိသည့် ကိုယ်စားလှယ်လောင်းသည် အနိုင်ရရှိသဖြင့် ၁၀၀ ရာခိုင်နှုန်းကို ကိုယ်စားပြုခြင်း အခွင့်အရေးကို ရရှိသွားပြီး ၄၉ ရာခိုင်နှုန်းရရှိသည့် အခြားကိုယ်စားလှယ်လောင်းသည် ကိုယ်စားပြုခွင့် လုံးဝရရှိခြင်းမရှိသဖြင့် ၄၉ ရာခိုင်နှုန်းသော မဲဆန္ဒရှင်များ၏မဲများမှာ အဟောသိကံဖြစ်ခဲ့ရကြောင်း ၎င်းကဆိုသည်။
အချိုးကျကိုယ်စားပြုခြင်းဆိုသည့် သဘောတရားမှာ အများစုသည် ဆုံးဖြတ်ပိုင်ခွင့်ရှိသော်လည်း လူတိုင်းလူတိုင်းသည် ကိုယ်စားပြုခွင့်ရှိသည်ဆိုသည့် အချက်ပင်ဖြစ်ကြောင်း၊ PR စနစ်သည် မဲဆန္ဒနယ်ကို ဧရိယာကျယ်ပြန့်စွာ သတ်မှတ်၍ ယင်းမဲဆန္ဒနယ်မှ ရွေးကောက်တင်မြှောက်ရမည့် ကိုယ်စားလှယ်ဦးရေကိုပါ သတ်မှတ်ပေးပြီး ပါတီအဖွဲ့အစည်းအလိုက် ယှဉ်ပြိုင်စေခြင်း ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် ပါတီအဖွဲ့အစည်းအလိုက် ရရှိသည့်ထောက်ခံဆန္ဒမဲအပေါ် မူတည်၍ ရွေးကောက်ခံရသည့် ကိုယ်စားလှယ်ဦးရေကို သတ်မှတ်ပေးသည့်စနစ်လည်း ဖြစ်ကြောင်း၊ ယင်းစနစ်အရ တစ်သီးပုဂ္ဂလများလည်း ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ယင်းတို့ရရှိသော ထောက်ခံဆန္ဒမဲအပေါ်မူတည်၍ ရွေးကောက်တင် မြှောက်ခံနိုင်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားသည်။
PR စနစ်၏ အားသာချက်များမှာ လူဦးရေအချိုးအစားအလိုက် ညီမျှသော ကိုယ်စားလှယ် အရေအတွက်ရရှိခြင်း၊ ပါတီများအနေဖြင့်ရရှိသော ဆန္ဒမဲအချိုးအစားအလိုက် ကိုယ်စားလှယ်အရေအတွက် သတ်မှတ်နိုင်ခြင်းကြောင့် ပါတီငယ်များ၊ တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် တစ်သီးပုဂ္ဂလများလည်း အခွင့်အရေးရကြောင်း၊ အခြေခံမဲအရေအတွက်အလိုက် ကိုယ်စားလှယ်နေရာရရှိနိုင်၍ တစ်ပါတီကြီးစိုးသောစနစ် အားနည်းသွားစေခြင်း၊ အဟောသိကံဖြစ်သော မဲများလျော့ပါးစေ၍ ပြည်သူများ၏ဆန္ဒနှင့်အနီးစပ်ဆုံးညီမျှမှုကို ပေးစွမ်းနိုင်သဖြင့် မဲပေးမှုနှုန်း အားကောင်းစေနိုင်ကြောင်း၊ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ၏အခြေခံမူများမှာ စစ်မှန်၍စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးရန်ဖြစ်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အထွေထွေရွေးကောက်ပွဲနှိမ်ကြိမ် ကျင်းပခဲ့ရာ လွှတ်တော်အတွင်း၌ အင်အားကြီးပါတီတစ်ခုကသာအားသာပြီး အစိုးရဖွဲ့နိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ ပါတီစုံဖြစ်လာခဲ့လျှင် လွှတ်တော်အတွင်း အဆုံးအဖြတ်ပေးရာ၌ ညှိနှိုင်းဆောင်ရွက်ရမှုများကြောင့် ပါတီအချင်းချင်းထိန်းညှိနိုင်ခြင်းစသည့် အားသာချက်များရှိလာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး ပြန့် နှံ့စွာနေထိုင်သည့် နိုင်ငံဖြစ်ကြောင်း၊ ယခုလို PR စနစ်ကို ပြောင်းလဲကျင့်သုံးလာပါက လူမျိုးစုငယ်များ အပါအဝင် တိုင်းရင်းသားများအနေဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးစသည့် ကဏ္ဍများမှာအချိုးကျပါဝင်လာနိုင်မည်ဖြစ်၍ ပိုမိုပြီးမျှမျှှတတ ရှိလာမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။
အဆိုပါ ရွေးကောက်ပွဲစနစ် ဆွေးနွေးပွဲကို ပထမနေ့အခမ်းအနားသို့ နိုင်ငံရေးပါတီ (၅၃) ပါတီမှ ကိုယ်စားလှယ် (၉၃) ဦး၊ စိတ်ပါဝင်စား၍ တက်ရောက်သူ အရပ်ဘက် ကိုယ်စားလှယ် (၂၀) စုစုပေါင်း (၁၁၃) ဦး တက်ရောက်ခဲ့ကြောင်းနှင့် နိုဝင်ဘာ ၆ ရက်တွင် ဆွေးနွေးပွဲဒုတိယနေ့အဖြစ် ဆက်လက်ပြုလုပ်ကြောင်းသိရသည်။