မိတ်ဆွေမင်းသားကြီး အဲလစ်ဘော်ဒွင်၏ ရိုက်ကွင်းပစ်ခတ်မှုဖြစ်စဉ်ကို နမူနာယူပြီး ၎င်း၏ရုပ်ရှင်ဇာတ်ကားများတွင် နောက်နောင် သေနတ်အစစ်မသုံးတော့ဟု ဟောလိဝုဒ်မင်းသား ဒွိန်းဂျွန်ဆင်က ပြောကြားခဲ့သည်။
အောက်တိုဘာ ၂၁ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ နယူးမက္ကဆီကိုပြည်နယ်ရှိ Rust ရုပ်ရှင်ဇာတ်ကားရိုက်ကွင်းတွင် ဘော်ဒွင်ကိုင်သည့်သေနတ်မှ ကျည်ထွက်သွားခဲ့ရာ ရိုက်ကူးရေးပိုင်းညွှန်ကြားသူ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး သူမနောက်တွင်ရပ်နေသည့် ဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာအမျိုးသား ဒဏ်ရာရခဲ့သည်။
အခင်းဖြစ်ပွားရာနေရာက နာမည်ကြီး ရုပ်ရှင်ရိုက်ကွင်းတစ်ခုဖြစ်သည့် Bonanza Creek Ranch တွင်ဖြစ်ပြီး ဘော်ဒွင်က ဇာတ်ကားပူးတွဲထုတ်လုပ်သူလည်းဖြစ်သည်။
တရားရုံးမှတ်တမ်းများတွင်မူ အဲလစ်ဘော်ဒွင်က ၎င်းကိုင်ဆောင်ခဲ့သည့် သေနတ်သည် သူ့ကို လက်ထောက်ဒါရိုက်တာဆိုသူက အန္တရာယ်ကင်းသည်ဟုပြောပြီးမှ ပေးခဲ့သည့် သေနတ်ဟုဆိုထားသည်။ နောက်ပိုင်းထွက်ပေါ်လာသည့် သတင်းများအရ ၎င်းလက်ထောက်ဒါရိုက်တာဆိုသူသည် လွန်ခဲ့သည့်နှစ်များက Gun Safety ချိုးဖောက်မှုကြောင့် ဇာတ်ကားရိုက်ကူးမှုတစ်ခုမှ ထုတ်ပယ်ခံထားရသူ ဖြစ်နေသည်။ ထိုဖြစ်ရပ်သည် ရုပ်ရှင်ရိုက်ကွင်းများ ဘေးကင်းလုံခြုံမှုနှင့် ဇာတ်ဝင်ခန်းသုံးသေနတ်များ အသုံးပြုမှုတို့အပေါ် စိုးရိမ်စရာများ တိုးလာစေသည်။
ထိုဖြစ်စဉ်ကိုဥပမာထားပြီး Red Notice ဇာတ်ကားမိတ်ဆက်ပွဲအတွက် LA တွင် ရောက်နေသည့် ဒွိန်းဂျွန်ဆင်က ၎င်း၏ရုပ်ရှင် ထုတ်လုပ်ရေးကုမ္ပဏီ Seven Bucks Productions မှ နောက်နောင်မည်သို့သောအခါမှ သေနတ်အစစ်မသုံးတော့ဟု ကတိပေးလိုက်သည်။
“အတော်ဆိုးဝါးတဲ့ကိစ္စပါပဲ။ ကျွန်တော် ဘော်ဒွင်နဲ့သိလာတာ နှစ်ပေါင်းများစွာရှိပါပြီ။ကျွန်တော့်ရဲ့ သူငယ်ချင်းပါပဲ။ အခုကိစ္စမှာ ပတ်သက်နေသူအားလုံးရဲ့ မိသားစုတွေ အတွက်လည်း စာနာမိတယ်” ဟု ဂျွန်ဆင်က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
“တခြားထုတ်လုပ်ရေးကုမ္ပဏီတွေ၊ စတူဒီယိုတွေအတွက်တော့ ကျွန်တော်ပြောလို့မရဘူးပေါ့နော်။ ဒါပေမဲ့ ကျွန်တော်ပြောနိုင်တာက ဒီလိုကိစ္စဖြစ်သွားပြီးတဲ့နောက် ရှေ့ဆက်ဘယ်လိုလုပ်ကြမယ်ဆိုတဲ့အမြင်သစ်ကို ရစေလိုက်တယ်” ဟုလည်း ၎င်းကဆိုသည်။
Fast & Furious စတား ဒွိန်းဂျွန်ဆင် အဆိုအရ ယခုအချိန်မှစပြီး ၎င်း၏ထုတ်လုပ်ရေးကုမ္ပဏီက ရော်ဘာသေနတ်များကိုသာ သုံးတော့မည်ဖြစ်သည်ဟုဆိုသည်။
ဂျွန်ဆင်ပါဝင်သည့် Red Notice ဇာတ်ကားကို Netflix တွင် နိုဝင်ဘာ ၁၂ ရက်မှ စတင်ပြသမည်ဖြစ်ပြီး ဒွိန်းဂျွန်ဆင်အပြင် ရိုင်ယန်ရေးနိုးစ်နှင့် ဂဲလ်ဂဒေါ့တို့ ပူးတွဲသရုပ်ဆောင်ထားသည်။









