၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားနှင့် အမျိုးသမီးအသင်းတို့၏ ပြင်ဆင်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် (MFF) ဖူဆယ်နှင့် သဲသောင်ပြင် ဘောလုံးကော်မတီအစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၃၁ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ တွင် ဘောလုံးအားကစားနည်း၌ ဖူဆယ်အမျိုးသားနှင့် အမျိုးသမီးပြိုင်ပွဲထည့်သွင်းကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် ဘောလုံးအမျိုးသားနှင့် အမျိုးသမီး ပြိုင်ပွဲများအပြင် ဖူဆယ်အမျိုးသားနှင့် အမျိုးသမီးပြိုင်ပွဲတို့တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်းအနေဖြင့် ၂၀၁၉ နှစ်ကုန်ပိုင်း နောက်ပိုင်း နိုင်ငံတကာပြိုင်ပွဲ ယှဉ်ပြိုင်ရခြင်း မရှိတော့သလို အမျိုးသမီးအသင်းမှာလည်း ၂၀၁၇ မလေးရှားဆီးဂိမ်းစ်ပြိုင်ပွဲပြီးကတည်းက ဖွဲ့စည်းမှုမရှိတော့ခြင်းဖြစ်သည်။
ထို့ကြောင့် လာမည့်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အချိန်ယူပြင်ဆင်ရဖွယ်ရှိနေပြီး ကပ်ရောဂါ ကြောင့် ရွှေ့ဆိုင်းထားသည့် ဗီယက်နမ်ဆီး ဂိမ်းစ်စ်ပြိုင်ပွဲကို မေလလယ်တွင် ပြန်လည် ကျင်းပရန် သတ်မှတ်ထားသဖြင့် ယခုနှစ်ကုန်ပိုင်းမတိုင်မီ စတင်ပြင်ဆင်ဖွယ်ရှိနေသည်။ "လက်ရွေးစင်ဖူဆယ်အသင်းတွေရဲ့ ပြင်ဆင် မှုတွေနဲ့ပတ်သက်ပြီး ဖူဆယ်ကော်မတီအစည်းအဝေးမှာ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နည်းပြခန့်အပ်တာတွေ၊ ကစားသမား ရွေးချယ်တာတွေ၊ ပြိုင်ပွဲအကြိုပြင်ဆင်တာ တွေနဲ့ပတ်သက်ပြီး အဲဒီအစည်းအဝေးမှာ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု MFF တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
MFF သည် မြန်မာ့လက်ရွေးစင် အမျိုး သမီးဖူဆယ်အသင်းနည်းပြချုပ်အဖြစ် ထိုင်း နိုင်ငံသား ဘန်လက်ချာယိုဝန်ကို နှစ်နှစ်စာချုပ်ဖြင့် ခန့်အပ်ထားပြီး အမျိုးသားလက်ရွေးစင် ဖူဆယ်အသင်းကိုမူ နည်းပြချုပ်ခန့်အပ် ရခြင်းမရှိသေးပေ။ MFF အနေဖြင့် အမျိုး သားလက်ရွေးစင် ဖူဆယ်အသင်းကိုလည်း နိုင်ငံခြားသားနည်းပြ ခန့်အပ်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး အဆင်မပြေမှသာ ပြည်တွင်းနည်းပြတစ်ဦး တာဝန်ပေးဖွယ်ရှိနေသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ပြီးခဲ့သည့်နှစ် က မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ် အသင်းအတွက် နိုင်ငံခြားသားနည်းပြတစ်ဦး ခန့်အပ်ရန် အကြိုသဘောတူညီမှုရခဲ့သော်လည်း ကပ်ရောဂါအခြေအနေကြောင့် ပျက် ပြယ်ခဲ့ခြင်းဖြစ်သည်။
MFF အနေဖြင့် ယခု နောက်ပိုင်းနှစ်များတွင် နိုင်ငံခြားသားနည်းပြ ခန့်အပ်နိုင်ခြင်းမရှိသည့်ကာလများတွင် လက်ရွေးစင် အမျိုးသားဖူဆယ်အသင်း နည်း ပြချုပ်အဖြစ် ဦးဌေးမြင့်ကို တာဝန်ပေးကိုင် တွယ်စေခဲ့ပြီး အောင်မြင်မှုများလည်း ရယူ နိုင်ခဲ့သည်။ မြန်မာဖူဆယ်သမိုင်းတွင် ပထမဆုံးအကြိမ် အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ၌ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သည့် ၂၀၁၆ ခုနှစ်အပါအဝင် ၂၀၁၇ အာဆီယံပြိုင်ပွဲ ကြေး တံဆိပ်ဆုရအသင်းတို့ကို ဦးဌေးမြင့်က ကိုင် တွယ်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းကို ၂၀၁၇ နောက်ပိုင်း ဖွဲ့စည်းရခြင်း မရှိတော့သဖြင့် ကစားသမားရွေးချယ်မှုအပါအဝင် ပြင်ဆင်မှုများကို အချိန်ယူလုပ်ဆောင်ရမည်ဖြစ်ပြီး ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲမှာ နည်းပြသစ် ဘန်လက်ချာယိုဝန်အတွက် ပထမဆုံးပြိုင်ပွဲလည်းဖြစ်သည်။ အမျိုးသား ဖူဆယ်အသင်းမှာမူ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဆုတံဆိပ်ရယူနိုင်ခြင်း မရှိသေးပေ။















