နိုင်ငံ့တာဝန်ယူခဲ့သည့် ကိုးလအတွင်း ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးခဲ့သူ ၄၇၀၀၀ ကျော်နှင့် အမှုပိတ်သိမ်းခဲ့သူ ၄၄၀၀ ကျော်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောကြား

နိုင်ငံ့တာဝန်ယူခဲ့သည့် ကိုးလအတွင်း ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးခဲ့သူ ၄၇၀၀၀ ကျော်နှင့် အမှုပိတ်သိမ်းခဲ့သူ ၄၄၀၀ ကျော်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောကြား
Published 2 November 2021

နိုင်ငံ့တာဝန်ယူခဲ့သည့် ကိုးလအတွင်းပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးခဲ့သူ ၄၇၀၀၀ ကျော်နှင့် အမှုပိတ်သိမ်းခဲ့သူ ၄၄၀၀ ကျော်ရှိကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကိုးလပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ကိုယူပြီးနောက် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် ပြည်ထောင်စုနေ့တွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားပေါင်း ၂၃၃၆၉ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ တာဝန်ယူပြီးတဲ့ နောက်ပိုင်းမှာ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စု နေ့ထူးခြားတဲ့ လက္ခဏာရှိတဲ့အတွက်ကြောင့် အဲဒီမှာလည်း ကျွန်တော်ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသားပေါင်း ၂၃၃၆၉ ဦးကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အကျဉ်းကျခံနေရသူ ၂၃၁၈၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း၊ အလားတူ သီတင်းကျွတ်လပြည့်နေတွင်လည်း အကျဉ်းကျခံနေရသူနှင့် အမှုပိတ်သိမ်းသူများ အပါအဝင် ၅၆၃၆ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့နိုင်ငံမှာ ထူးခြားတဲ့ရက်နှစ်ရက်ရှိပါတယ်။ အဲဒါကတော့ နှစ်ဆန်းတစ်ရက်နေ့နဲ့ သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပါတယ်။ ကုသိုလ်ကောင်းမှုတွေ လုပ်ကြတယ်။ ဆရာသမား၊ မိဘတွေကိုလည်း ကန်တော့ကြတယ်။ ဒီလိုအတွက်ကြောင့် ဒီကုသိုလ်လေးတွေကို ရရှိစေရန်အလို့ငှာပဲ ၂၃၁၈၄ ဦးကို မြန်မာနှစ်ဆန်း တစ်ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။ အလားတူစွာပဲ သီတင်းကျွတ်လပြည့်နေ့မှာလည်း ၅၆၃၆ ယောက်၊ အမှုပိတ်သိမ်းတဲ့သူတွေ အပါအဝင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

အလားတူ တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးခဲ့သည့် ခြောက်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၁၅ ရက်ကလည်း အကျဉ်းကျခံနေရသူ ၁၁၄ ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း ၎င်းကဆိုသည်။

ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့တာဝန်ယူခဲ့သည့် ကိုးလအတွင်းပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးခဲ့သူ ၄၇၈၆၉ ဦးနှင့် အမှုပိတ်သိမ်းခဲ့သူ ၄၄၃၄ ဦးရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

Most Read

Most Recent