ဗီယက်နမ်နိုင်ငံ၏ တရားရုံးတစ်ရုံးသည် အရပ်သားဂျာနယ်လစ်ငါးဦးကို ဒီမိုကရေစီ အခွင့်အရေးများ ချိုးဖောက်မှုအတွက် ထောင်ဒဏ်ချမှတ်ခဲ့ပြီး ယင်းသည် ဗီယက်နမ်ကွန်မြူနစ်အစိုးရအဖွဲ့၏ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ဖိနှိပ်သည့်လုပ်ဆောင်ချက်အပေါ် အမေရိကန်၏ ဝေဖန်မှုများ ထွက်ပေါ်လာစေခဲ့သည်။
ဗီယက်နမ်၏ သဘောထားတင်းမာသည့် အစိုးရအဖွဲ့သည် ၎င်းတို့နှင့်သဘောထားကွဲလွဲသူများကို လျင်မြန်စွာ နှိမ်နင်းလေ့ရှိပြီး တက်ကြွလှုပ်ရှားသူများ၊ ဂျာနယ်လစ်များနှင့် နိုင်ငံအတွင်း ကျယ်ပြန့်စွာ အသုံးပြုသည့် Facebook လူမှုကွန်ရက်ပေါ်တွင် လူသိများထင်ရှားသည့် ဝေဖန်ရေးသမားများကို ထောင်သွင်းအကျဉ်းချမှုများ ပြုလုပ်လျက်ရှိသည်။
ဗီယက်နမ်တွင် ယခုနှစ်အစောပိုင်းက ကွန်မြူနစ်ပါတီ အကြီးအကဲအဖြစ် ငုယင်ဖုကျောင် ပြန်လည်ရွေးကောက်ခံခဲ့ရပြီးကတည်းက အစိုးရနှင့် သဘောထားကွဲလွဲသူများကို ပြင်းထန်စွာဖိနှိပ်ခဲ့သည်ဟု ဝေဖန်ရေးသမားများက ပြောကြားခဲ့သည်။
အောက်တိုဘာ ၂၈ ရက်တွင်မူ ဗီယက်နမ်၏ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ ကန်သိုမြို့မှ တရားရုံးတစ်ရုံးသည် အွန်လိုင်းသတင်း စာမျက်နှာအတွက် အလုပ်လုပ်ကိုင်နေသည့် အွန်လိုင်းအရပ်သား ဂျာနယ်လစ်ငါးဦးကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
Facebook ပေါ်တွင် လူမှုရေးနှင့် အကျင့်ပျက်ခြစားမှုသတင်းများကို ဖော်ပြသည့် သန့်ရှင်းသည့် သတင်းစာဟု အဓိပ္ပာယ်ရသည့် Bao Sach အမည်ဖြင့် အွန်လိုင်းသတင်းပေ့ချ်ကို တည်ထောင်ခဲ့သည့် ကျန်ဆူဟူဒန်သည် ထောင်ဒဏ်လေးနှစ်ခွဲ ချမှတ်ခံခဲ့ရသည်။
ဂျာနယ်လစ်ဟောင်းတစ်ဦးဖြစ်သည့် ဒန်၏ဆောင်းပါးများသည် နိုင်ငံ့အကျိုးစီးပွားအတွက် လျော်ကန်မှုမရှိသည့် အကြောင်းအရာများပါရှိသည့် ဖောက်ပြန်ရေးအတွေးအခေါ်များ ပါဝင်နေသည်ဟု နိုင်ငံပိုင်ဗီယက်နမ် သတင်းအေဂျင်စီက တရားရုံးက ထုတ်ပြန်သည့် အချက်အလက်များကို ကိုးကားဖော်ပြခဲ့သည်။
၎င်း၏ အမှုတွဲတွင်ပါသည့် အခြားသူလေးဦးမှာ ထောင်ဒဏ်နှစ်နှစ်မှ သုံးနှစ်အကြား ပြစ်ဒဏ်များ ချမှတ်ခံခဲ့ရသည်။
ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် တရားခံငါးဦးလုံးသည် ၎င်းတို့၏ပြစ်ဒဏ်များကျခံပြီးနောက် သုံးနှစ်ကြာသည်အထိ သတင်းလောကတွင် ပါဝင်လှုပ်ရှားခွင့် ပိတ်ပင်ခံရမည်ဖြစ်သည်။ယခုစီရင်ချက်ချမှုသည် ဂျာနယ်လစ်များနှင့် ပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်သည့် နောက်ဆုံးလုပ်ဆောင်ချက်ဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်စ်က အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ယခု ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် ဂျာနယ်လစ်များသည် အကျင့်ပျက်ခြစားမှုနှင့်ပတ်သက်ပြီး စုံစမ်းထောက်လှမ်းသည့် သတင်းများအပေါ် အာရုံစိုက်ခဲ့ပြီး ယင်းသည် ရာဇဝတ်မှုတစ်ခုမဟုတ်ကြောင်း နက်ဒ်ပရိုက်စ်က ပြောကြားခဲ့သည်။
ဇူလိုင်လအတွင်းကလည်း ရေဒီယိုဂျာနယ်လစ်ဟောင်း တစ်ဦးဖြစ်သူ ဖမ်ချီသန်သည် Facebook တွင် နိုင်ငံတော်ဆန့်ကျင်ရေး အကြောင်းအရာများရေးသားမှုစွဲချက်ဖြင့် ထောင်ဒဏ်ငါးနှစ်ခွဲချမှတ်ခံခဲ့ရသည်။















