(၁)
ဒီနေ့ခေတ်မှာ ထွက်နေတဲ့ သီချင်းတွေကို နားထောင်ရင်း သိပ်မထိရင် အရင်တုန်းက နားထောင်ခဲ့ဖူးတဲ့ သီချင်းတွေကို ကျွန်တော် ပြန်နားထောင်တယ်။ ‘၂၀၀၀ + ၄ ၀ိုး’ တို့ ‘အနီရောင် နှုတ်ခမ်းလေးနဲ့ ချစ်သူ ချစ်လေးရယ်’ တို့ ‘ဆံပင်ရှည်လေးနဲ့ သိပ်လှတာ’ တို့ ‘မင်းနဲ့ဆုံတွေ့မှ ငါဟာ ကျောက်ရုပ်တစ်ရုပ်ဖြစ်သွား’ တို့ စတဲ့ သီချင်းတွေပေါ့။ တစ်ချိန်တုန်းက ကဖေးဆိုင်တွေမှာ ကျွန်တော် အမြဲနားထောင်ခဲ့တဲ့ သီချင်းတွေ။
ဒီလိုနဲ့ ညတစ်ညမှာ ကျွန်တော်ဟာ မျက်စိမှိတ်ကာ အိပ်ရာထဲလဲလျောင်းနေရင်း တစ်ချိန်တုန်းက ကဖေးဆိုင်တွေမှာ နားထောင်ခဲ့တဲ့ သီချင်းတွေကို ဖုန်းနဲ့ဖွင့်ကာ တစ်ပုဒ်ပြီးတစ်ပုဒ် နားထောင်လို့နေတယ်။ ပြီးတော့ နားထောင်နေရင်းနဲ့ ကျွန်တော့် စိတ်တွေက တစ်ချိန်တုန်းက ဖြတ်သန်းခဲ့ဖူးတဲ့ ကဖေးဆိုင်နေ့စွဲတွေထဲ ရောက်သွားတယ်။ အဲ့ဒီအချိန် ညဟာမည်းမည်းမှောင်လို့။ အိမ်မိုးထားတဲ့ သွပ်အမိုးတွေပေါ်ကို မိုးစက်လေးတွေက တဖြောက်ဖြောက်ကျလို့။ ပုရစ်လေးတွေက စည်းချက်ညီညီနဲ့ အော်မြည်လို့။
(၂)
ဆိုရှယ်လစ် ၁၃ လမ်းထိပ်က ကဖေးဆိုင်မှာ ညနေ နေအေးပြီဆို ချိုဆိမ့်တစ်ခွက်၊ ကြယ်နီတစ်ပွဲ၊ ရေနွေးအိုးတစ်အိုးနဲ့ ခွေးခြေခုံပုပုလေးပေါ်မှာထိုင်ကာ လမ်းပေါ်မှာသွားနေတဲ့ လမ်းသွားလမ်းလာတွေကို ငေးနေတဲ့ဘဲက ကျွန်တော့်ဘော်ဒါ ဖိုးပြည့်။ ရုပ်တည်ကြီးနဲ့ ကဖေးဆိုင်မှာ ဖွင့်ထားတဲ့သီချင်းတွေ နားထောင်ရင်း ငေးနေတာ။ အဲ့ဒီတုန်းက ဖိုးပြည့်က ကိုးတန်းနဲ့ ကျောင်းထွက်ပြီး အပြင်အလုပ်လုပ်နေတဲ့အချိန်။ ချစ်သူလည်း မရှိဘူး။ အဲ့ဒီတော့ ကဖေးဆိုင်ထိုင်ကာ သီချင်းနားထောင်ရင်း သူအပန်းဖြေနေတာပေါ့။
ကဖေးဆိုင်ကို ဖိုးပြည့်လာပြီဆိုရင် သူကြိုက်တဲ့ စီဒီသီချင်းခွေတစ်ခွေ ပါလာတတ်တယ်။ ကဖေးဆိုင်ထိုင်တာနဲ့ ကဖေးဆိုင်ပိုင်ရှင်ကို သူဖွင့်ခိုင်းဖို့။ အဲ့ဒါကြောင့် ဖိုးပြည့် အလုပ်စောစောသိမ်းလို့ အိမ်ပြန်ရေချိုး ထမင်းစားပြီး ကဖေးဆိုင်ထိုင်ပြီဆို ကဖေးဆိုင်ပိုင်ရှင်ကို သူယူလာတဲ့ သီချင်းခွေ ဖွင့်ခိုင်းတာပေါ့။ ကဖေးဆိုင်ထိုင်တာ ဖိုးပြည့်စောတယ်ဆိုရင် နောက်မှ ကဖေးဆိုင်လာထိုင်တဲ့ ဘဲတွေက ဖိုးပြည့်ရဲ့ သီချင်းခွေပြီးအောင် စောင့်ပေတော့ပဲ။ အဲ၊ စောင့်တယ်ဆိုရာမှာလည်း ထိုင်စောင့်နေလို့မရဘူး။ ဖိုးပြည့်ဖွင့် ခိုင်းထားတဲ့ သီချင်းတွေပြီးရင် ဖွင့်ခိုင်းဖို့ ကဖေးဆိုင်ပိုင်ရှင်ကို ကြိုပြောထားရသေးတယ်။
ကဖေးဆိုင်ထိုင်တာကလည်း ဖိုးပြည့်စောတဲ့အခါ စောသလို ကျွန်တော်စောတဲ့အခါလည်း စောတယ်။ ပြီးတော့ ကျွန်တော် ညနေဘက် ကဖေးဆိုင် အရင်ရောက်ပြီဆိုလည်း ဖိုးပြည့်လိုပဲ လမ်းမပေါ်ကို ငေးနေတာ။ ငေးနေရင်း ဖိုးပြည့်စက်ဘီးနဲ့ အလုပ်က ပြန်လာပြီဆို ကျွန်တော် ရောက်နေကြောင်း လက်ထောင်ပြလိုက်တယ်။ သူကပြန်ပြီး ခေါင်းညိတ်ပြတယ်။ ပြီးရင်တော့ ကဖေးဆိုင်ကို ဖိုးပြည့် ရောက်လာတာပေါ့။ ဖိုးပြည့်နဲ့ ကျွန်တော် သစ်သားခွေးခြေခုံပုပုလေးပေါ်မှာထိုင်ကာ ဟိုဟိုဒီဒီစကားတွေပြော ကြယ်နီသောက် ဒါမှမဟုတ်ရင်လည်း ရေနွေးတွေ တစ်ခွက်ပြီး တစ်ခွက်သောက်ပြီး ကျားရွှေ့တာပေါ့။ အဲ့ဒီအချိန် သီချင်းသံတွေက ကဖေးဆိုင်ထဲမှာ ပျံ့လွင့်လို့။
(၃)
နံနက်ခင်း ကဖေးဆိုင်ကို ခြေလှမ်းကျဲကြီးတွေနဲ့ ခပ်မှန်မှန်လမ်းလျှောက်ရင်း လာတဲ့ဘဲက ကျွန်တော့်ဘော်ဒါ ဆိုက်ကို။ သူယူထားတဲ့မေဂျာကို အစွဲပြုပြီး အဲ့ဒီနာမည်ကိုခေါ်တာ။ ကဖေးဆိုင်ထဲ ရောက်ပြီဆို ဆိုက်ကိုက ကျွန်တော်မှာထားတဲ့ ကြယ်နီတစ်ပွဲထဲက ကြယ်နီတစ်လိပ်ကို ကောက်ယူလိုက်ပြီး မီးညှိလိုက်တယ်။ ပြီးရင် ကျွန်တော်ထိုင်တဲ့ဝိုင်းမှာ ကြယ်နီသောက်ပြီး ခပ်တည်တည်နဲ့ ထိုင်တာပေါ့။ အဲ့ဒါ ဆိုက်ကိုရဲ့ စတိုင်ပဲ။
ပြီးတဲ့အခါ ဆိုက်ကိုနဲ့ကျွန်တော် ကဖေးဆိုင်ထဲက ကျားကွက်ကို ယူလိုက်ပြီး ကျားရွှေ့ကြတယ်။ တစ်ပွဲပြီး တစ်ပွဲ။ ဆိုက်ကိုရဲ့ အကျင့်က ကျားရွှေ့လို့ပွဲပြီးတဲ့အခါ သူ ရှုံးပြီဆိုရင် ဘာစကားမှ မပြောဘူး။ တကယ်လို့ သူနိုင်တယ်ဆိုရင်တော့ တစ်ဖက်လူ မခံချင်အောင် စကားနာထိုးတော့တာပဲ။ ပြီးတော့ ကျားရွှေ့နေရင်းလည်း စကားနာထိုးသေးတယ်။ တကယ့်ကောင်။ အဲ့ဒီမှာ တစ်ဖက်လူက ကျားရွှေ့နေရင်း အယောင်ယောင်အမှားမှားတွေ ဖြစ်သွားပြီး ဆိုက်ကိုကို ရှုံးကြတာများတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဆိုက်ကို စကားနာထိုးတာကို ခံရတာများတော့ ခံနိုင်ရည်ရှိလာတယ်။ အဲ့ဒါကြောင့် ကျားရွှေ့နေရင်း ဆိုက်ကို စကားနာထိုးတာတွေကို မကြားချင်ယောင် ဆောင်နေလိုက်ပြီး ကိုယ့်ကျားကို အေးဆေးရွှေ့တယ်။
ဆိုက်ကိုက ကဖေးဆိုင်လာရင် အများအားဖြင့် ပိုက်ဆံတစ်ရာလောက်ပဲ ပါတာများတယ်။ ပြီးတော့ ရှိသေးတယ်။ ဆိုက်ကိုက ရုပ်တည်ကြီးနဲ့ သူများမှာထားတဲ့ ကဖေးခွက်ထဲက ကဖေးတွေကို တစ်ငုံယူသောက်တတ်သေးတယ်။ တစ်ခါတလေကျရင်လည်း သူယူ သောက်တဲ့ ကြယ်နီတစ်လိပ်ဖိုး ငါးဆယ် ပေးသေးတယ်။ ပြီးတဲ့အခါ ကဖေးဆိုင်ထိုင်ပြီဆို အနိမ့်ဆုံး ကဖေးတစ်ခွက်တော့ သောက်ရမှာပဲ။ အဲ့ဒါကြောင့် ကဖေးဆိုင်ပိုင်ရှင်ကလည်း ကဖေးဆိုင်ထဲ ဆိုက်ကို ဝင်လာပြီ ဘာသောက်မလဲ မေးနေကျ။ ဆိုက်ကိုကလည်း ပြီးရင်မှာမယ်ဆိုပြီး ပြောနေကျ။ ကဖေးဆိုင်ထိုင်တဲ့ အခါတိုင်းပါပဲ။
(၄)
ကဖေးဆိုင်ထိုင်ပြီဆို အမြဲအိမ်သွားခေါ်ရတဲ့ဘဲက ကိုကျော်ဇောဟန်။ သူနဲ့ ကျွန်တော်နဲ့က ကဖေးဆိုင်ထိုင်ရင်း ခင်ကြတာ။ သူက အပေါင်းအသင်း ခုံမင်တယ်။ သူ့မိသားစုက ရန်ကုန်ကနေ ပဲခူးကို ပြောင်းလာကြတာ။ ညနေဖက် ကဖေးဆိုင်ထိုင်ပြီဆို စက်ဘီးနဲ့ သူ့ကို သွားခေါ်ရတယ်။ ပြီးရင် ကျွန်တော်က သူ့ကိုစက်ဘီးနောက်ထိုင်ခုံပေါ်မှာ ထိုင်စေပြီး ကျွန်တော်ကနင်းကာ ကဖေးဆိုင်ကို ဒိုးကြတာပေါ့။ ကိုကျော်ဇောဟန်က ကဖေးဆိုင်ကို ပုံသေမထိုင်ဘူး။ ဆိုင်ပြောင်းထိုင်တတ်တယ်။ ဒီနေ့ ညနေ ဆိုရှယ်လစ် ၁၃ လမ်းထိပ်က ကဖေးဆိုင်ထိုင်တယ်ဆို နောက်နေ့ညနေကျရင် ဆိုရှယ်လစ် ၁၂ လမ်းထိပ်က ကဖေးဆိုင် ထိုင်ပြန်ရော။ အဲ့ဒါကြောင့် ကိုကျော်ဇောဟန်ထိုင်တဲ့ ကဖေးဆိုင်တွေ လိုက်ပြောင်းထိုင်ရင်း ကျွန်တော် ကဖေးဆိုင်ပေါင်းစုံ ထိုင်ဖူးလာတယ်လို့ ပြောလို့ရတယ်။
အဲ့ဒီမှာ ကိုကျော်ဇောဟန်ရဲ့ အကျင့်တစ်ခုကို ပြောပြချင်တယ်။ သူ့အကျင့်က ကဖေးဆိုင်ထိုင်ပြီဆို သူကြိုက်တဲ့ သီချင်းတစ်ပုဒ်ကို ထပ်ကာထပ်ကာ ဖွင့်ခိုင်းတယ်။ မှတ်မှတ်ရရ ဆိုရှယ်လစ် ၁၅ လမ်းထိပ်က ကဖေးဆိုင်မှာပေါ့။ ပြီးတော့ အဲ့ဒီကဖေးဆိုင်ကို ဘယ်လိုထိုင်ဖြစ်သွားလဲ နည်းနည်းပြောပြဦးမယ်။ အဲ့ဒီကဖေးဆိုင်က ဆိုင်သစ်ဖွင့်ထားတာ။ မိန်းကလေးချောချောလေးတွေ စားပွဲထိုးတာတဲ့။ ကဖေးဆိုင်ထိုင်ရင်း တခြားဘဲတွေ ပြောတာကို ကြားလိုက်ရတာ။ အဲ့ဒီဆိုင်မှာ ကဖေးဆိုင်ထိုင်တဲ့ ဘဲတွေနဲ့ စည်ကားလို့နေတယ်တဲ့။ ကျွန်တော်နဲ့ ကိုကျော်ဇော်ဟန်ကြားတော့ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး စိတ်ဝင်စားသွားတယ်။
ဆိုရှယ်လစ် ၁၅ လမ်းထိပ်က ကဖေးဆိုင်သစ်ကို ချက်ချင်းမထိုင်သေးဘူး။ ထိုင်ရတာ ရှက်တာလည်းပါလို့။ ရက်အနည်းငယ်ကြာတော့မှ ကျွန်တော်နဲ့ ကိုကျော်ဇောဟန် ထိုင်ဖြစ်ကြတယ်။ ညနေခင်းတစ်ခုမှာပေါ့။ ဆိုင်ထဲမှာ မထိုင်ဘဲ ဆိုင်ရှေ့မှာခင်းထားတဲ့ ဂဝံခဲလေးတွေပေါ်က ခွေးခြေခုံပုပုလေးပေါ်မှာ။ အဲ့ဒီမှာ ကိုကျော်ဇောဟန်က ဘယ်ကဖေးဆိုင်ကဖွင့်တာကို ကြားလာတာလည်း မသိဘူး။ အစ္စဏီရဲ့ သီချင်းတစ်ပုဒ်ကို ဖွင့်ခိုင်းတာ။ ‘ငါ့ရင်မှာ အရင်တိုင်း မင်းက ရှင်သန်နေမှာပဲ၊။ ယိုင်နဲ့သွားမယ့် စိတ်မဟုတ်ဘူး။ မင်းရဲ့အချစ်နဲ့ အသက်ဆက်ရှင်မယ့်သူ’ စာသားပါတဲ့ သီချင်းလေးပါ။ ကိုကျော်ဇောဟန်အတွက် Repeat လုပ်ပြီး ဖွင့်ပေးထားရတာ။ ဖြစ်ချင်တော့ အဲ့ဒီသီချင်းဖွင့်နေတဲ့အချိန် ကိုကျော်ဇောဟန် အကိုက ချက်ရွှေ့နေတာ။ နားထောင်ရတာ ကြာလာတော့ နားငြီးလာတယ်နဲ့တူတယ်။ ကိုကျော်ဇောဟန်ကို ပြောပါလေရော။ အဲ့ဒီမှာ ညီအကိုနှစ်ယောက် စကားများကြတာပေါ့။ ကျွန်တော့်မှာ ရန်မဖြစ်ဖို့ ထိန်းပေးလိုက်ရသေးတယ်။ ရင်ထဲက လွမ်းမိတဲ့ နေ့ရက်တွေပါပဲ။
(၅)
ကျွန်တော် ကဖေးဆိုင်ကို စက်ဘီးနဲ့လာရင်း ကဖေးဆိုင်နားရောက်လို့ နောနော် သီချင်းသံကြားရပြီဆို ကုလားဆင်မျက်နှာပေါက်နဲ့ ဆံပင်ကောက်ကောက်နဲ့ ဘဲတစ်ပွေရောက်နေပြီဆိုတာ တန်းသိတယ်။ အဲ့ဒီဘဲက မနက်ခင်းဆို ကဖေးဆိုင်ကို စက်ဘီးနဲ့လာပြီး ကျဆိမ့်တစ်ခွက် ကြယ်နီတစ်ပွဲနဲ့ပြီးတော့ နောနော်သီချင်းတွေနဲ့ ငြိမ့်နေတာ။ စကားပြောရင် ကျွန်တော်နာမ်စားသုံးပြီး ပြောတယ်။ ကျွန်တော်နဲ့က ကဖေးဆိုင်ထိုင်ရင်း သိတာ။ တစ်ခါတလေကျရင် သူနဲ့ကျွန်တော် ကျားရွှေ့ကြတယ်။ ရေနွေးသောက်ရင်း စကားတွေပြောကြတယ်။ သူဟာ ခင်မင်ဖွယ်ရာကောင်းတဲ့ လူတစ်ယောက်ပါ။
အဲ့ဒီဘဲ ကဖေးဆိုင်လာရင် နောနော်လာပြီလို့လည်း ပြောကြတယ်။ သူက နောနော်ရဲ့ သီချင်းတွေကို သိပ်ကြိုက်တာ။ နောနော်သီချင်းဖွင့်ပြီဆို လိုက်ပြီး အော်ဆိုတတ်သေးတယ်။ အဲ့ဒီဘဲက နံနက်ခင်း ကဖေးဆိုင်ပြီဆို နေ့လည်ခင်း ထမင်းစားချိန်ရောက်မှ ပြန်တာ။ ထမင်းစားပြီးရင် ကဖေးဆိုင်ပြန်လာထိုင်တယ်။ ကဖေးဆိုင်မှာ သီချင်းနားထောင်တယ်။ ကျားရွှေ့တယ်။ ပြီးရင် ညနေတစ်ခေါက်ပြန်တယ်။ ပြီးတဲ့အခါ ကဖေးဆိုင်ကို ပြန်လာတယ် ညအထိထိုင်တာပေါ့။ ပြင်သစ်က ကဖေးဆိုင်တွေလို ညလုံးပေါက်ဖွင့်ရင် အဲ့ဒီဘဲကဖေးဆိုင်ကို ညလုံးပေါက်ထိုင်မလား မပြောတတ်ဘူး။
(၆)
ညဟာ တဖြည်းဖြည်းနဲ့ ညဉ့်နက်သန်းခေါင်ထဲ တိုးဝင်နေပြီ။ အဲ့ဒါကြောင့် ဖုန်းနဲ့ဖွင့်ထားတဲ့ သီချင်းကို ကျွန်တော် ပိတ်လိုက်တယ်။ ပြီးတော့ တစ်ချိန်တုန်းက ကျွန်တော်ဖြတ်သန်းခဲ့ဖူးတဲ့ ကဖေးဆိုင်နေ့စွဲတွေထဲက တချို့ကဖေးဆိုင်တွေက ပြောင်းလဲကုန်ပြီ။ တချို့ကဖေးဆိုင်တွေက မရှိတော့ဘူး။ ပြီးတဲ့အခါ ကဖေးဆိုင် အတူတူထိုင်ခဲ့ဖူးတဲ့ တချို့ဘော်ဒါတွေလည်း ဘယ်ဆီဘယ်ဝယ် ရောက်ကုန်ပြီလဲမသိ။
အော်... နှစ်ကာလတွေကလည်း အတော်ကြာပြီလေ။