“ကျွန်တော်တို့ ကချင်ပြည်နယ်ရဲ့ ဘိန်းခင်းတွေက နိုင်ငံရေးပေတံလို ဖြစ်နေတယ်။ နိုင်ငံရေး အခြေအနေ မတည်ငြိမ်ရင် များများစိုက်မယ်။ နိုင်ငံရေး အခြေအနေကောင်းရင် နည်းနည်းစိုက်မယ်။ ဒီနှစ်က ကြုံဖူးသမျှထဲမှာ အများဆုံးနှစ်ပါ” ဟု ဆိုလာသူက ၂၀၁၄ ခုနှစ်ကတည်းက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ပက်ဂျဆန်တွင် ၀ိုင်းမော်မြို့နယ်မှ တာဝန်ထမ်းဆောင်ခဲ့သည့် ဓမ္မဆရာတစ်ဦးဖြစ်သည်။
ကချင်ပြည်နယ်တွင် ဘိန်းစိုက်ပျိုးရေးက ဆယ်စုနှစ်အတွင်း နှစ်ကြိမ်မြင့်တက်ခဲ့သည်။ ကချင်ပြည်နယ်အတွင်း ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း တဖြည်းဖြည်း လျော့နည်းလာရာမှ ၂၀၁၁ ခုနှစ်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ ငြိမ်းချမ်းရေးပျက်ပြားချိန်မှစ၍ တစ်ဟုန်ထိုး ခုန်တက်လာခဲ့သည်။ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ - ၂၀၁၄ ခုနှစ်တွင် အများဆုံး စိုက်ပျိုးရာသီဖြစ်ခဲ့သည်။
ယင်းနောက်ပိုင်းတွင် ဘိန်းခင်းဖျက်လုပ်ငန်းများကို လူမှုအဖွဲ့အစည်းများနှင့် ပက်ဂျဆန်ကဲ့သို့သော မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့များက ကြိုးစားလာခဲ့သည်။ အစိုးရအဖွဲ့များကလည်း ဘိန်းစိုက်ပျိုးမှုကို တဖြည်းဖြည်းနည်းလာစေရေး အာရုံစိုက်ခဲ့သဖြင့် ၂၀၁၉ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှုမှာ သိသိသာသာ လျော့နည်းလာခဲ့သည်။ ဘိန်းဖျက်ဆီးသည့် ဧကများလည်း နှစ်စဉ်တက်လာခဲ့ကြောင်းသိရပြီး ၂၀၁၂-၂၀၁၃ ခုနှစ်ဘိန်းစိုက်ရာသီတွင် ၆၁၈ ဧက၊ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ၄၉၂ ဧက၊၂၀၁၄-၂၀၁၅ ခုနှစ် တွင် ၁၃၂၂ ဧက၊ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် စိုက်ဧက ဘိန်းစိုက်ဧက ၃၈၀၇ ကျော်၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ၅၅ ဧကကျော် ဖျက်ဆီးနိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် ကချင်ပြည်နယ်မှာ ဘိန်းစိုက်ပျိုးရေးလုပ်ငန်းများ ချက်ချင်းတက်လာပြန်သည်။
တရုတ်နယ်စပ်က ဘိန်းခင်းများ
ကချင်ပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှု အများဆုံးနေရာက ၀ိုင်းမော်မြို့နယ်အတွင်းက ဆဒုံး၊ ဝေမိုး၊ကန်ပိုင်တည်ဒေသနှင့် ချီဖွေမြို့နယ်မှ နယ်စပ်တစ်ကြောနှင့် တနိုင်းဒေသ ဖြစ်သည်။ ဖားကန့်၊ ဆွမ်ပရာဘွမ်၊ ပူတာအိုဒေသများတွင် စိုက်ပျိုးမှုများ ရှိနေကြောင်း သိရသော်လည်း နှစ်ချင်းတိုးချဲ့စိုက်ပျိုး လာသည့်အခြေအနေကို မတွေ့ရသေးပေ။ ၀ိုင်းမော်မြို့မှ ဘိန်းစိုက်ပျိုးရေးနှင့် နီးစပ်သူတစ်ဦးက “ကျွန်တော်တို့ ဟိုအရင်က ၁၉၉၀ ကလည်း ဒီလောက် စိုက်တယ်။ ဒါပေမဲ့ အဲဒီတုန်းက တောင်ကြားမှာ အစိုက်များတာ။ အခုက တစ်တောလုံး တစ်တောင်လုံး ရှင်းလင်းစိုက်တော့ အခုလိုကို မများဘူးထင်တယ်။ အဲဒီတုန်းက မြေသြဇာတို့၊ ရေပိုက်တို့မသုံးနိုင်ဘူး။ ခုကခေတ်မီ စိုက်ပျိုးရေးစနစ်ဖြစ်နေတာ။ဘယ်လောက်စိုက်သလဲမေးရင် အရင်နှစ်တွေ အားလုံးထက် အများဆုံးပေါ့” ဟု ဆိုသည်။
နယ်စပ်တစ်ကြော ဘိန်းစိုက်ပျိုးမှုမှာ ၀ိုင်းမော်-ကန်ပိုင်တည် တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်း၏ မြောက်ဘက်ခြမ်းနှင့် တောင်ဘက်ခြမ်းတွင် ဖြစ်သည်။ ဘိန်းစိုက်ပျိုးမှု တစ်ရှိန်ထိုး လုပ်ဆောင်လာခြင်းသည် နိုင်ငံရေးအခြေအနေသာမက နယ်စပ်ဒေသဖြစ်ခြင်း၊ ခရီးလမ်းသွားလာရသာခြင်း၊ ရင်းနှီးမြုပ်နှံသူများ အလွယ်တကူသွားနိုင်ခြင်း၊ ဘိန်းအရည်အသွေးကောင်းထွက်ခြင်း စသည့်အခြေအနေများကြောင့်လည်း ပါဝင်သည်။
ယင်းဘိန်းခင်းများ သွားလိုပါက နာရီပိုင်းသာကြာမြင့်ပြီး တောင်တက်တောင်ဆင်းများသည့် အခြေအနေသာရှိပါသည်။ NLD အစိုးရ လက်ထက်ကလည်း ကျေးရွာလမ်းအများစုကို ပြုပြင်ခဲ့သည်။ နယ်စပ် ကုန်သွယ်ရေးလမ်းမြောက်ဘက်ခြမ်းတွင် ယခင်တရုတ်နိုင်ငံဘက်မှ သစ်မှောင်ခိုထုတ်သည့် လမ်းကြောင်းကလည်း အသုံးပြုရလွယ်ကူသည့် အခြေအနေဖြစ်ပြီး ယင်းလမ်းမှာ ၀ိုင်းမော်မြို့နယ် မန်ဒေါင်ကျေးရွာမှ နှစ်သက်ကူး- ခန့်ဂေါ်- လောဘွမ်- ငပျော်- ထိန်ဇင် - ယင်တန် (ဆမ်ချာလူး =လမ်းသုံးခွ ) နှောကူး - မော်စီတုံးမှ တရုတ်နိုင်ငံသို့လည်းကောင်း၊ ချီဖွေမြို့နယ် ရှမ်းကျော်ကျေးရွာမှ ဇခုံး- ချော်မော- လုံစာ- အူရား- ယင်တန် (ဆမ်းချာ လူး =လမ်းသုံးခွ )- နှောကူး- မော်စီ တုံးမှ တရုတ်နိုင်ငံသို့လည်းကောင်း ဆက်သွယ်ထားသည့် မှောင်ခိုလမ်းကြီးဖြစ်သည်။ မှောင်ခိုလမ်း ဖြစ်သော်လည်း မြန်မာနိုင်ငံပြည်နယ်လမ်းများထက် ကောင်းမွန်ကာ တရုတ်နိုင်ငံသို့ကားများဖြင့် အလွယ်တကူ သွားနိုင်ကြလေသည်။
မြင့်မားသော တောင်တန်းများကြောင့် ဆောင်းရာသီတွင် ရေခဲမှတ်နီးပါးအထိ အေးသည့်ဒေသဖြစ်ပြီး ဘိန်းစိမ်းကို အခဲအဖြစ်ခြစ်ယူနိုင်သည်။ အရည်အသွေးကောင်းသည်။ ဘိန်းစိုက်ပျိုးရေးအတွက် သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ခုတ်ထွင်ရှင်းလင်းရသည်။ တောင်ကုန်းပတ်လည်တွင် လှေကားထစ်သဖွယ် စိုက်ပျိုးရပြီး တောင်တန်းများမှ ရေသွယ်ကာ ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးနိုင်သည်။ ဘိန်းစိုက်ပျိုးမှုကို စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် စိုက်ပျိုးပြီး လေးလအကြာတွင် ဘိန်းခြစ်ယူသည့်လုပ်ငန်း လုပ်ကိုင်ရသည်။
ယင်းဒေသတွင် နေရာအများစုမှာ NDAK ငြိမ်းချမ်းရေးအဖွဲ့၏ နေရာအများစုတွင် ပါဝင်သည်။ NDAK က ငြိမ်းချမ်းရေးယူပြီးနောက် နယ်ခြားစောင့်ဖွဲ့စည်းကာ အခြေကျဌာနသုံးခုရှိသည်။ ၁၀၀၁ ဌာနမှာ ဂမ်ဂွင် (ပန်ဝါမြို့အနီး)၊ ၁၀၀၂ မှာ လုပီကျေးရွာ၊ ၁၀၀၃ မှာ စင်ကြိုင်ကျေးရွာတွင် အခြေစိုက်သည်။ ယခင်က သတ်မှတ်ချက်များအရ NDAK ၏ နေရာမှာ မေခမြစ် အရှေ့ကမ်း မဲချောင်းတောင်ဘက်နှင့် ဒွန်ဘမ်ချောင်း မြောက်ဘက်ဖြစ်သည်။ ယခုနှစ် ဘိန်းစိုက်ပျိုးမှုများတွင် ဒွန်ဘမ်ချောင်းရိုးဝဲယာတွင်လည်း ရှိနေရာ ယင်းနေရာမှာ KIA တပ်ဖွဲ့ဝင်များ ရှိနေသည့် ဒေသတစ်ခုဖြစ်သည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့က ၂၀၁၅ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်မီ ကောက်ယူထားသော စာရင်းအရ ကန်ပိုင်တည်နှင့် ဆဒုံးဒေသတွင် ကျေးရွာ ၂၇ ရွာမှ အိမ်ထောင်စု ၃၇၃ စု၊ အသက် ၁၈ နှစ်အောက်လူဦးရေ ၁၁၉၂ ဦး၊ အသက် ၁၈ နှစ်အထက်ဦးရေ ၁၆၆၈ ဦး စုစုပေါင်းလူဦးရေ ၂၈၆၀ နေထိုင်ကြောင်း စာရင်းအရ သိရသည်။
၂၀၁၆ ခုနှစ်ဘိန်းစိုက်သူများ၏ စာရင်းတွင် ကျေးရွာပေါင်း ၃၃ ရွာရှိပြီး အိမ်ထောင်စုပေါင်း ၁၃၇၉ စု၊ လူဦးရေ ၅၉၅၄ ဦး နေထိုင်ကြောင်း သိရသည်။ ယင်းစာရင်းနှစ်ခုအရ ပြည်ထောင်စု မြန်မာနိုင်ငံ လူဦးရေစာရင်းပုံစံ ၆၆/၆ မှာ အိမ်ထောင်စု ၃၇၃ စုသာရှိသဖြင့် အိမ်ထောင်စုစာရင်းဖြင့် မနေထိုင်သည့် အိမ်ထောင်စုဦးရေမှာ တစ်ထောင်ကျော် ကွာဟနေသည်။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်က တရုတ်နိုင်ငံနယ်စပ်က ဘိန်းခင်းကိစ္စရပ်များနှင့် ပတ်သက်ပြီး ရေတို၊ ရေရှည်စီမံကိန်းများရေး ဆွဲထောက်ပံ့ရန် ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် အရေးကြီး အဆိုတင်သွင်းခဲ့ပြီး ယင်းအဆိုမှာ အောင်မြင်ခဲ့သော်လည်း အစိုးရဘက်က အကောင်အထည်ဖော်မှု မရှိခဲ့ကြောင်း သိရသည်။
ဘိန်းစိုက်ပျိုးမှု မြင့်တက်လာခြင်းမှာ ဒေသခံများ၏ စိုက်ပျိုးမှုတစ်ခုတည်းမဟုတ်ဘဲ အဝေးဒေသမှ ရင်းနှီးမှုများလည်း ပါဝင်ကြောင်း၊ နှစ်ဧကဝန်းကျင်ကို ကျပ်သိန်း ၆၀ ကျော်အထိ ကုန်ကျမှုရှိခဲ့ကြောင်း ဘိန်းစိုက်ပျိုးသူများက ဆိုသည်။
“ဒီနှစ် ဘိန်းခင်းစည်တယ်ဗျ။ ငွေရှိရင် အကုန်ဝယ်စားလို့ရတယ်။စျေးကားတွေ နေရာတိုင်းရောက်တယ်။ အများပြောသလို လက်နက်ကိုင် ဘိန်းစိုက်တယ်ဆိုတာက ဘိန်းသုံးတဲ့ဒေသခံ လက်နက်ကိုင်စိုက်တာတော့ ရှိတာပေါ့။ အများစုက သူတို့အရိပ်ခိုသူတွေပဲ များများရင်းကြတာ။ ဒေသခံက နာမည်ခံပေါ့။ ကျွန်တော်တို့ ၀ိုင်းမော်၊ မြစ်ကြီးနားက လာရင်းနှီးတဲ့သူတွေလည်း ရှိတာပေါ့။ သူတို့ စီးပွားဖြစ်ရင်းကြတာ။ တရုတ်ဘက်က လူတွေလည်းပါမှာပေါ့။ နှစ်ပေါင်းများစွာ ဆက်စပ်နေကြတာကိုး။ ဒေသခံက ဘိန်းစေ့ဝယ်ဖို့၊ မြေသြဇာဖိုး၊ ပိုးသတ်ဆေးဖိုး၊ အလုပ်သမားခ၊ မြေငှားခ ၊ စားသောက်စရိတ် မလွယ်ဘူး။ မြေကောင်းတဲ့နေရာက အရမ်းဝေးသွားပြီ။ မျိုးကလည်း အိန္ဒိယဘက်က ဝင်တဲ့မျိုး၊ ရှမ်းမြောက်ကလာတဲ့မျိုးတွေက တစ်ထုပ်ကို ခုနစ်သောင်းကနေ သုံးသိန်းအထိရှိတယ်။မျိုးသန့်ထုတ်တာပေါ့။ အပင်ကောင်းရင်ရှစ်မြောင်းလောက်အထိ အစေးခြစ်လို့ရတယ်။ အပင်အရိုးတောင် ခြစ်လို့ရတယ်” ဟု ဆိုသည်။
ဘိန်းစိုက်သည်မှာ ကြာလာတော့ ဘိန်းခင်းနေရာအများစုမှာ မိုးရေကြောင့် အပေါ်ယံမြေဆီလွှာများ အလွယ်တကူ မျောပါသည့် ဖြစ်စဉ်များရှိသည်။ အချိန်တိုအတွင်း မိုးအလွန်အကျွံ ရွာသွန်းခဲ့ခြင်းကြောင့် ဆဒုံမြို့ပေါ်နှင့် စျေးထဲအတွင်း နွံထု သုံးပေကျော်အထိ ရောက်ခဲ့သည့်နှစ်များ ရှိခဲ့သည်။ မြေဆီလွှာနည်းသည့်နေရာတွင် ဘိန်းစိုက်ပျိုးမည်ဆိုပါက ဓာတ်မြေသြဇာ အမြောက်အမြား သုံးစွဲရသည်။
အဆိုပါဒေသ၏ ထူးခြားသည့် အချက်များမှာ ကချင်ပြည်နယ်က တခြားဘိန်းစိုက်ဧရိယာများလို ရွှေ၊ ကျောက်၊ ပယင်း၊ စပါးမထွက်ခြင်း ဖြစ်သည်။ မွေးမြူရေးလုပ်ငန်းနှင့် သစ်ကြား၊ ၀ါး၊ လိမ္မော်၊ ထင်းရှူး၊ ဆားကောပါကော (ဟင်းခတ် အမွေးအကြိုင်) တို့ ဖြစ်ထွန်းသည်။ တရုတ်နိုင်ငံနှင့် နယ်ခြားစပ်သည့် ကိစ္စနှင့် ကျေးရွာအားလုံးသည် ပြည်သူ့စစ်အဖွဲ့ဝင်များ၊ NDAK လက်နက်ကိုင်အဖွဲ့မှ အသွင်ပြောင်းလာသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၏ ကျေးရွာအများစုသာ ဖြစ်သည်။
တနိုင်းဒေသက ဘိန်းခင်းများ
“ကျွန်တော်တို့ဘက် ဘယ်လောက် စိုက်သလဲဆိုတာတော့ တနိုင်းမြို့ပေါ်က ရပ်ကွက်တွေ၊ ကျေးရွာတွေမှာ လူမကျန်တော့ဘူး။ ကျွန်တော်တို့ဘက် ဘိန်းခင်းလုပ်တာကို မုန်ညှင်းခင်း လုပ်တယ်ခေါ်တာပဲ။ ဒီနှစ်တော့ရှိတဲ့ ချောင်းရိုးတွေ ပြည့်သွားတယ်။မိသားစုလိုက်ကြီး ငါးဖမ်း၊ ကျောက်ကြမ်းပိုးရှာ၊ အမဲလိုက်ရင်း သွားလုပ်ကြရတာ။ အဓိကတော့ ဆီစျေးကြီးတော့ ပယင်းလုပ်ငန်း၊ ရွှေလုပ်ငန်းတွေလည်း သာမန်လူ မဝင်နိုင်ဘူး။ ဆီစျေးတွေလည်း တအားတက်နေတာ။ စိုက်တာကတော့ ရိုးရာဖြစ်နေပါပြီ။ ဒီဘက်သူတွေက ချောင်း၊ တောင်လျှိုနဲ့ဝေးရင် မစိုက်ကြဘူး ။သောက်ရေခက်လို့။ အများစုလည်း သုံးစွဲကြတာတွေ ရှိတယ်။ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသနဲ့ ဆက်စပ်သွားတော့ တစ်ဆက်တည်းဆိုရင် စင်ကာပူနိုင်ငံ အကျယ်ထက် ကျော်သွားမလား မသိနိုင်တော့ဘူး ။တနိုင်းချောင်းဖျားကနေ အိန္ဒိယနယ်စပ်အထိပဲလေ” ဟု ပြောကြားသည်။
ထိုဒေသ၏ဘိန်းက မြေဆီသန်ပြီး အထွက်များကာ အစေးအဖြစ်မရဘဲ အရည်ပြစ်သာရသဖြင့် ပိတ်စဖြင့်ခံကာ စုဆောင်းရသည်။ ဂျိန်းဖောဘာသာစကားဖြင့်ပင် ဆဒုံးဒေသထွက်ဘိန်းကို “ကာနီကျန်” ဘိန်းမည်းဟုခေါ်ပြီး တနိုင်းဒေသထွက် ဘိန်းကို “ဆွတ်ပန်” ပိတ်စဘိန်းဟု ခေါ်ကြသည်။ ယင်းနှစ်မျိုးစလုံးမှ ချက်ယူပြီး ကြွက်ချေးလုံးကဲ့သို့ ဘိန်းဆီခဲကိုမူ “ယမ်းဖောင်” ဟု ခေါ်ကြသည်။ ယင်းဘိန်းဆီကို မိုးရေဖြင့်ဖျော်ပြီး ဓာတုမပါသည့် သဘာဝဆေးဟု အယူလွဲကာ အကြောထဲထိုးသည့်ကလေးများ သွေးခဲကာ သေဆုံးကြသည်ကိုလည်း ဒေသအများစုတွင် တွေ့ရသည်။
တနိုင်းဘိန်းစိုက်နေရာနှင့် စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဘိန်းစိုက်ဧရိယာများမှာ ရောယှက်နေသည်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ထွက်သည့် ဘိန်းသည် အမြင့်ပိုင်းတွင် စိုက်ပျိုးသည့်အတွက် ပိတ်မခံဘဲ အစေးခြစ်ယူနိုင်သည့် အဆင့်လည်းရှိကြောင်း သိရသည်။ ယင်းဒေသ နှစ်ခုစလုံးမှ ထွက်သည့် ဘိန်းသည် တနိုင်းရွှေမှော်၊ ပယင်းမှော်နှင့် ဒေသတွင်းသုံးအဖြစ် ရှိနေပြီး ဖားကန့်ဘက်သို့လည်း တင်ပို့မှုရှိကြောင်းသိရသည်။ ဘိန်းစိုက်ပျိုးသည့် ဒေသနှင့် ဖြန့်ဖြူးသည့်ဒေသမှာ အများအားဖြင့် KIA လက်နက်ကိုင်အဖွဲ့များ သြဇာသက်ရောက်သည့် ဒေသများဖြစ်သည်။
ယင်းဒေသများတွင် ဘိန်းဖျက်လုပ်ငန်းများကို နှစ်စဉ်နီးပါးလုပ်ဆောင်နေသော်လည်း ဒေသခံများအတွက် နှစ်ရှည်စီမံချက်နှင့် ထောက်ပံ့ပေးမှုမရှိခြင်း၊ ဘိန်းအစားထိုးသီးနှံဖြင့် စနစ်တကျ စမ်းသပ်မစိုက်ပျိုးနိုင်ခြင်း၊ ဘိန်းဖျက်ရာသီများတွင် အစိုးရဘက်က အချိန်မီမဖျက်ဆီးနိုင်ခြင်း၊ ဖျက်ဆီးရန် စီမံချက်များရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အောက်ခြေတွင် နားလည်မှုများရယူကာ ဖျက်ဆီးရန် ကျန်ရှိနေခြင်း၊ ဖျက်ဆီးရန်အတွက် နယ်မြေဒေသဝေးလံသောကြောင့် နယ်မြေလုံခြုံရေး အကြောင်းပြကာ မသွားရောက်နိုင်ခြင်းတို့ကြောင့် ဘိန်းစိုက်ဧကများ လျော့ကျခြင်းမရှိဘဲ ပြည်နယ်အတွင်း မငြိမ်းချမ်းသောကာလများတွင် ဘိန်းစိုက်ဧရိယာများ ထပ်တိုးပွားလာခြင်းများရှိနေကြောင်း ဒေသခံအုပ်ချုပ်ရေးပိုင်းက သုံးသပ်ကြသည်။
ဘိန်းထွက်ကုန် ဖြန့်ဖြူးရာနှင့် ဒေသခံတို့၏ စိုးရိမ်မှု
ဘိန်းကို ကချင်ပြည်နယ်တွင် ရိုးရာအရ သုံးစွဲမှုများ ယခင်ကာလများကတည်းကရှိခဲ့ပြီး ရိုးရာနတ်ကျော့ပွဲ (သို့မဟုတ်) မနောကရာတွင်လည်း ထည့်သွင်းအသုံးပြုခဲ့ရာ ၂၀၀၀ ပြည့်နှစ်တွင် ဘာသာရေး ခေါင်းဆောင်များနှင့် မျိုးနွယ်စုခေါင်းဆောင်များက တားမြစ်ကာ ဘိန်းထည့်သွင်းမှုကို ပယ်ဖျက်ခဲ့သည်။
၁၉၇၅ ခုနှစ်တွင်မှ ဘိန်းကို မူးယစ်ဆေးဝါးအတွင်း ထည့်သွင်းကာ ဥပဒေအရ တားမြစ်ခဲ့ကြခြင်းဖြစ်သည်။ ရိုးရာအရ သုံးစွဲမှုမှာ မြင့်တက်နေသည့် အခြေအနေဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကလည်း ဓာတုမူးယစ်ဆေးဝါးကို အစွမ်းကုန်နှိမ်နင်းသည့် အခြေအနေဖြစ်သော်လည်း ဘိန်းကိုမူ ဒေသခံအများစုက ဆေးဝါးသဖွယ် အသုံးပြုနေသည့်အခြေအနေကြောင့် တင်းတင်းကျပ်ကျပ်နှိမ်နင်းရန် ခက်ခဲသည့်အခြေအနေ ရှိပုံရသည်။
ကချင်ပြည်နယ်အတွင်းရှိ ဘိန်းစိုက်ခင်းများတွင် တစ်ဧကငါးပိဿာမှ ၁၀ ပိဿာကျော်အထိ ထွက်သည်။ မြေပြင်တွင်မူ တရုတ်အလေးချိန်ဖြစ်သည့် ဟောင်အရေအတွက်ဖြင့်သာ ချိန်တွယ်ကြသည်။ တစ်ဟောင်တွင် နှစ်ကျပ်ခွဲသားရှိသည်။ အကျယ်အဝန်းကိုလည်း ဧကဖြင့် မတိုင်းတာဘဲ လူတစ်ယောက် တစ်မနက်လုပ်အား၊ တစ်နေ့လုပ်အားဖြင့် တွက်ကြသည်ကို တွေ့ရသည်။ စျေးကွက်အများစုမှာ ကချင်ပြည်နယ်အတွင်း ရွှေမှော်၊ ကျောက်မှော်၊ ပယင်းမှော်၊ သစ် မှော်နှင့် တရုတ်တစ်ရှူးငှက်ပျောခင်းများအတွင်းသာဖြစ်သည်။
တရုတ်နယ်စပ်တစ်ကြောမှ ထွက်သည့် ဘိန်းများကို ရှမ်းပြည်ဘက်သို့ သယ်ဆောင်ကာ ဘိန်းဖြူအဖြစ် ချက်လုပ်ရောင်းချမှုလည်းရှိခဲ့ကြောင်း အစိုးရမှတ်တမ်းများအရ သိရသည်။
ကချင်ပြည်နယ် အမှတ် (၄) မူးယစ်တပ်ဖွဲ့ခွဲမှ တာဝန်ရှိသူက “အများစုက ဒီပြည်နယ်အတွင်းပဲ အသုံးပြုကြတယ်။ ဒီရောက်လာတာက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုတော့ သုံးသူများတယ်။ ဒေသခံလည်း ရိုးရာအဖြစ်နဲ့သုံးတယ်။ ဘာကြောင့်လဲဆိုတော့ ရှမ်းပြည်ဘက်က ဝင်လာတဲ့ ဘိန်းတွေ ဖမ်းမိတဲ့ ဖြစ်စဉ်တွေ ရှိနေတုန်းပဲ” ဟု ဆိုသည်။
ဘိန်းအစိုက်များလာသည်နှင့်အမျှ ဒေသခံအများစုက လူငယ်လူရွယ်များ သုံးစွဲမှုမြင့်တက်လာမည် ကိုစိုးရိမ်ကြသည်။ ၀ိုင်းမော်မြို့မှ မူးယစ်တိုက်ဖျက်ရေးတွင် ပါဝင်သူ သင်းအုပ်ဆရာတစ်ဦးက “ဘုန်းကြီး လူထွက်ရှိတယ်။ ဘိန်းစားလူထွက် မရှိဘူးဆိုတာ အမှန်ပါပဲ။ မူးယစ်ဆေးရုံက ဆေးဖြတ်လို့ပြတ်တဲ့သူ တစ်ယောက်ရှိတယ်။ အဲဒီလူကဆေးရုံအထွက်မှာ ကားတိုက်သေသွားလို့ ပြောစကားတောင်ရှိတယ်။ ကျွန်တော်တို့ရပ်ကွက် မိုးလင်းလို့ အပြင်ထွက်လိုက်တာနဲ့ မူးယစ်သုံးတဲ့ ကလေးတွေ တွေ့နေရပြီ။ ရပ်ကွက်ထဲမှာလည်း ပျောက်လိုက်တဲ့ပစ္စည်း။ ဆိုင်ကယ်၊ မော်တာ၊ ဝက်ကအစ ခိုးနေတာ။ ကပ်ရောဂါကြောင့် ဘုရားကျောင်းတွေပိတ်။ ဘာသာဝင်လူငယ်တွေလည်း စုဝေးခွင့်မရကြ။ ဘာသာရေးကျောင်းတွေ ပိတ်ထားရ။ ကိုယ့်ပြည်နယ်မှာ အများကြီးထွက်ဦးမှာဆိုတော့ သုံးတဲ့သူတွေလည်း များလာဖို့ပဲရှိတယ်။ ကျွန်တော်တို့ အသင်းတော်ဆိုရင် သင်းထောက်ခန့်စရာလူမရှိဘူး ဖြစ်နေတယ်။ တိုင်းပြည်ကြီး ငြိမ်သက်သွားရင်တောင်မှ ဒီဆိုးကျိုးတွေက ဆက်ရှိနေဦးမှာ။မိသားစုဝင်၊ အမျိုးတွေက မူးယစ်သုံးစွဲသူရှိလာရင် ခံပေတော့ပဲ။ ကျွန်တော်တို့မှာ ခုထိအဖြေမရှိသေးဘူး” ဟု မိန့်ကြားသည်။
မျှော်လင့်ချက်မဲ့နေသည့် မူးယစ်ကင်းစင်ပြည်နယ်
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယ ဘိန်းအများဆုံးစိုက်ပျိုးသော နိုင်ငံအဖြစ် ရပ်တည်နေပြီး ၁၉၉၉ ခုနှစ်မှ စတင်ကာ မူးယစ်ဆေးဝါးပပျောက်မှု စီမံကိန်း ၁၅ နှစ်ကို ချမှတ်ခဲ့သော်လည်းမအောင်မြင်သဖြင့် နောက်ထပ်ငါးနှစ်ထပ် ပေါင်းကာ ၂၀၂၀ အထိ ငါးနှစ်တိုးမြှင့်ခဲ့သည်။၂၀၂၁ ခုနှစ်တွင် စိုက်ပျိုးထုတ်လုပ်မှု တက်လာပြန်တော့ ဘယ်နှနှစ်များထပ်တိုးရမည်မသိ။
ကချင်ပြည်နယ် အမှတ် (၄) မူးယစ်တပ်ဖွဲ့ခွဲမှ တာဝန်ရှိသူက “ကျွန်တော်တို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ လုံခြုံရေးနှင့် ကပ်ရောဂါက အတားအဆီးဖြစ်သွားတယ်။ ဘိန်းခင်းဆိုတာလည်း အလွယ်တကူ လက်လှမ်းမီတဲ့ နေရာမှာစိုက်ကြတာမဟုတ်ဘူး။ ရပ်ကျေးအထိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တွေဖွဲ့ထားပြီး ဖြစ်ပေမဲ့ အခုအချိန်က အလုပ်လုပ်နိုင်တဲ့ အခြေအနေမရှိဘူးလေ။ ပညာပေးတာ၊ စာရင်းကောက်တာတွေ မလုပ်နိုင်ဘူး။ ဘိန်းချင်းဖျက်ဆီးရေးကလည်း ငြိမ်းချမ်းရေးမှာ မူတည်တယ်။ ကျွန်တော်တို့ ရသလောက် ၀ိုင်းပြီးကြိုးစားဖမ်းဆီးတာတောင် လုံခြုံရေးအရ တပ်ကို အကူအညီတောင်းရတာမျိုးတွေ ရှိတယ်” ဟု ဆိုသည်။
ကချင်ပြည်နယ်အတွင်း အခြေစိုက်သည့် ဓာတုမူးယစ်ထုတ်လုပ်သည့် အထောက်အထားမရှိသေးကြောင်း၊ ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများက တင်သွင်းလာမှုများကို လမ်းကြောင်းများတွင် ဖမ်းဆီးနေရကြောင်း မူးယစ်တားဆီးရေးအဖွဲ့၏ မှတ်တမ်းများက ဆိုသည်။
ကချင်ပြည်နယ်က မြို့၊ ရွာ အများစုတွင် မူးယစ်ဆေးဝါးများ ပေါ်ပေါ်ထင်ထင် ရောင်းချလာမှုမှာ ထိတ်လန့်စရာမြင်ကွင်းဖြစ်ပြီး ဆိုးကျိုးများ သားစဉ်မြေးဆက် ကျန်ခဲ့မည်ကို စိုးရိမ်နေကြောင်း ချန်းမူးအသက်တာ မူးယစ်ဖြတ်စခန်းမှ ကျောင်းအုပ်ဦးကျန်းဘောမ်က ဆိုသည်။
၎င်းက “ထောင်ထဲက လွှတ်ပေးလိုက်တာလည်း တစ်စု၊ အပြင်မှာ သုံးစွဲနေသူက တစ်စု၊ အသစ်သုံးစွဲတဲ့ လူငယ်တွေက တစ်စုပေါ့။အခုက အသစ်သုံးစွဲတဲ့ လူငယ်တွေများလာတာက စိုးရိမ်စရာကောင်းတယ်။ အခုလုယက်မှုတွေလည်း နေ့တိုင်းနီးပါးဖြစ်နေတယ်။ ဖမ်းဆီးထိန်းသိမ်းမှုကလည်း မလုပ်နိုင်ကြတော့ဘူး။ မူးယစ်တိုက်ဖျက်တဲ့သူတွေလည်း ဘယ်သူနဲ့လက်တွဲလုပ်ကိုင်ရမလဲမသိဘူး။ ကိုယ့်ပြည်နယ်အတွင်းမှာလည်း အများကြီးတိုး စိုက်လိုက်တော့ ဒီမူးယစ်ဆေးဝါး ပြဿနာဟာ ဒီထက်ဆိုးလာဦးမှာ သေချာတယ်” ဟု ပြောကြားသည်။
ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးမရှိဘဲ မူးယစ်ဆေးဝါးတိုက်ဖျက်လုပ်ငန်းမှာ သဲထဲရေသွန်မျှသာ ဖြစ်ချေမည်။သို့သော် မူးယစ်ဆေးဝါးသည် လူသားတို့၏ ဘုံရန်သူဖြစ်ရာ တစ်နေ့နေ့တွင် ပပျောက်လျော့ပါးအောင်ကြိုးစားကြရမည်မှာ လူသားတိုင်း၏ တာဝန်ဖြစ်ပါသည်။