ဆန်ရှင်သစ်၊ ကျိန်စာသင့်စာမျက်နှာနှင့် ဖိလစ်ပိုင်ပုံပြင်

ဆန်ရှင်သစ်၊ ကျိန်စာသင့်စာမျက်နှာနှင့် ဖိလစ်ပိုင်ပုံပြင်
မြို့နယ်တစ်ခုအတွင်းရှိ ကျူးကျော်နေအိမ်များကို တွေ့ရစဉ်
မြို့နယ်တစ်ခုအတွင်းရှိ ကျူးကျော်နေအိမ်များကို တွေ့ရစဉ်
Published 24 October 2021
သန်းစိုး (ဘောဂဗေဒ)

အမေရိကန်ဘဏ္ဍာရေးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှုပစ္စည်းများ ထိန်းချုပ်ရေးဌာနကနေ နစကနဲ့ ဆက်စပ်နေတဲ့ မြန်မာ၂၂ ဦးရဲ့ ပိုင်ဆိုင်မှုပစ္စည်းများ ထိန်းချုပ်မှုနဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးဆိုင်ရာ အမိန့်ညွှန်ကြားချက် E.O 14014 ၁၄၀၁၄ နဲ့ ဇူလိုင် ၂ ရက်က ထုတ်ပြန်ခဲ့တယ်။ နစကရဲ့ အရေးကြီးပုဂ္ဂိုလ်ခုနစ်ဦးနဲ့ အရပ်သားပုဂ္ဂိုလ် ၁၅ ဦး ဖြစ်ပါတယ်။

ထို့အတူပဲ အမေရိကန်ကုန်သွယ်ရေးဌာန၊ စက်မှုနှင့်လုံခြုံရေး ဆိုင်ရာဗျူရိုကလည်း No.4 to Part 744 of the Export Administration Regulation, 15 CFR Parts 730774 (EAR) နဲ့  မြန်မာကုမ္ပဏီအချို့ကို ကုန်သွယ်မှုဆိုင်ရာ ပိတ်ဆို့မှုစာရင်းထဲ ထည့်လိုက်တယ်။ အဲဒီစာရင်းထဲ King Royal Technology ကုမ္ပဏီ၊ မြန်မာ့ဝမ်ပေါင်သတ္တုကုမ္ပဏီ၊ မြန်မာ့ယန့်စီကြေးနီကုမ္ပဏီစတဲ့ ကုမ္ပဏီတွေ ပါဝင်ခဲ့တယ်။ ဒီညွှန်ကြားချက်ဟာ ၁၉၉၀၊ Section 138 of the Customs and Trade Act of 1990 နဲ့ ပုံစံခပ်ဆင်ဆင်ဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ဆိုင်တဲ့အတွက် ချမှတ်တာဖြစ်တယ်လို့ ညွှန်းထားပါတယ်။

အခုတစ်ဖန် ပြန်လုပ်လာတဲ့ ဆန်ရှင်လုပ်ရပ်တွေဟာ အရင် ၂၀၀၃၊ ၂၀၀၇၊ ၂၀၀၈၊ ၂၀၁၂  ခုနှစ်တွေက ကလန်တန်၊ ဘွတ်(အငယ်)နဲ့ အိုဘားမား သမ္မတလက်ထက် ထုတ်ပြန်ခဲ့တဲ့ အုပ်ချုပ်ရေးအမိန့် ညွှန်ကြားချက်တွေရဲ့ပုံစံအတိုင်းဖြစ်ပြီး မြန်မာအစိုးရအရာရှိကြီးများ၊ အစိုးရနဲ့ပတ်သက်တဲ့ လူပုဂ္ဂိုလ်တစ် ဦးချင်းရဲ့ ငွေကြေး၊ ပိုင်ဆိုင်မှုပစ္စည်းတွေနဲ့ပတ်သက်ပြီး ထိန်းချုပ်တဲ့သဘောဖြစ်ပါတယ်။ အခုလည်း ဆန်ရှင်သစ်၊ ဆန်ရှင်ခေါင်းစဉ်အသစ်တွေ ထပ်တိုးချဖို့ အမေရိကန်ဘက်က ပြင်ဆင်နေတယ်လို့ ကြားသိရပါတယ်။ ဒါကြောင့် ဝေဖန်သုံးသပ်ချက် ပေါ်လာရခြင်း ဖြစ်ပါတယ်။

ဆန်ရှင်ဟောင်း

ဆန်ရှင်များနဲ့ပတ်သက်ပြီး သမ္မတရဲ့အုပ်ချုပ်ရေးဘက်ကနေ ထုတ်ပြန်တဲ့ အမိန့်အာဏာအပိုင်းနဲ့ လွှတ်တော်ကနေ ပြဋ္ဌာန်းတဲ့ဥပဒေ ခွင့်ပြုလိုက်တဲ့အပိုင်းဆိုပြီး နှစ်မျိုး ရှိပါတယ်။ ၂၀၁၁ မတိုင်မီအထိ နှစ်မျိုးစလုံး ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးဆိုင်ရာ အမိန့်တွေဟာ ၁၉၉၇ ခုနှစ် သမ္မတကလင်တန် ထုတ်ပြန်ခဲ့တဲ့ E.O 13047 ၊ ၂၀၀၃ နှင့် ၂၀၀၇ ခုနှစ် သမ္မတဘွတ် (အငယ်) ထုတ်ပြန်ခဲ့တဲ့ E.O 13310 ၊ E.O 13448 ၊ E.O 13464 နဲ့ ၂၀၁၂ ခုနှစ် သမ္မတအိုဘားမားလက်ထက် ထုတ်ပြန်ခဲ့တဲ့ E.O 13619 တွေ ဖြစ်ပါတယ်။ ဥပဒေပြဋ္ဌာန်းမှု အပိုင်းနဲ့ပတ်သက်ပြီး အမေရိကန်ဗဟိုအစိုးရကနေ ဆန်ရှင် Act ခြောက်ခု ပြဋ္ဌာန်းခဲ့တယ်။ ဒါတွေကတော့ the Customs and Trade Act of 1990, the foreign Assistance Act of 1961 (1994), the Foreign Operation, Export Financing, and Related Programs Appropriation Act, 1997, နှင့် the Burmese Freedom and Democracy Act of 2003 တို့ ဖြစ်ပါတယ်။

မြန်မာအပေါ်ချမှတ်ခဲ့တဲ့ ဆန်ရှင်အမျိုးအစားတွေဟာ (၁) ဗီဇာပိတ်ပင်ခြင်း၊ (၂) ဘဏ္ဍာရေး စီးဆင်းတဲ့ ဝန်ဆောင်မှုအားလုံး ထိန်းချုပ်ခြင်း၊ (၃) နိုင်ငံခြားမှာရှိနေတဲ့ ပိုင်ဆိုင်ပစ္စည်းတွေကို ထိန်းချုပ်ခြင်း၊ (၄) အထွေထွေကုန်ပစ္စည်း ပို့ကုန်ကန့်သတ်မှုလုပ်ခြင်း၊ (၅) အထူးကုန်စည်တွေနဲ့ပတ်သက်ပြီး ပို့ကုန်ကန့်သတ်မှုလုပ်ခြင်း၊ (၆) မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနဲ့ ပတ်သက်ပြီး ပိတ်ဆို့တားဆီးခြင်း၊ (၇)နိုင်ငံတစ်ခုချင်း အကူအညီများနဲ့ နိုင်ငံတကာအဖွဲ့အစည်းများရဲ့ အကူအညီများ ပံပိုးမှုမရှိစေရေး ကန့်သတ်ပိတ်ဆို့ တားဆီးခြင်းဆိုတဲ့ခေါင်းစဉ်တွေနဲ့ ဖြစ်ပါတယ်။

ဘာတွေဖြစ်ခဲ့သလဲ

မြန်မာအပေါ် ထုတ်ပြန်ခဲ့တဲ့ အထက်က ဆန်ရှင်ခေါင်းစဉ် ခုနစ်ခုနဲ့ပတ်သက်ပြီး တကယ်ထိရောက်ခဲသလားဆိုတာ မေးခွန်းထုတ်စရာ ရှိနေသလို အမေရိကန်အစိုးရ ကိုယ်တိုင်လည်း သုတေသနလုပ်ထားသလားဆိုတာ ဝေဖန်စရာရှိပါတယ်။ ဒါကြောင့်လည်း အချက်အလက်၊ သက်သေပြချက်တွေ အထူးမပြုတော့ဘဲ ဂျာနယ်လစ် သဘောတရားဆန်ဆန် ရေးသားရခြင်းဖြစ်ပါတယ်။

(၁) ဗီဇာပိတ်ပင်ခြင်းနဲ့ ပတ်သက်ပြီး အဲဒီခေတ်တုန်းက ဗိုလ်ချုပ်သားသမီးတွေ၊ အရာရှိသားသမီးတွေ တော်တော်များများ အမေရိကန်မှာ ပညာသင်ခွင့်ရခဲ့ကြလို့ တချို့ဆိုအမေရိကန်နိုင်ငံသားဖြစ်ခွင့်ဆိုတဲ့ အခွင့်အရေးတောင်ရနေကြပါပြီ။ အမေရိကန်ဟာလည်း သူရဲ့အမျိုးသားအကျိုးစီးပွားအတွက် မျက်ကွယ်ပြုခဲ့တဲ့အပိုင်းကို မေ့ထားလို့မရပါဘူး။

(၂) ဘဏ္ဍာရေးဝန်ဆောင်မှု အားလုံးစင်ကာပူကတစ်ဆင့် ပွဲစားတစ်ဆင့်ခံ စီးဆင်းမှုလုပ်ခဲ့လို့ စင်ကာပူ ဂျီဒီပီတက်နေပါတယ်။ မြန်မာဟာ အခုချိန်အထိ ပြည်ပမှာ နိုင်ငံခြားဘဏ်ခွဲလေးတစ်ခုတောင် မလုပ်နိုင်သေးပါဘူး။ စင်ကာပူဟာ အဲဒီတုန်းက မြန်မာပို့ကုန်၊သွင်းကုန် အားလုံးနဲ့ပတ်သက်ပြီး ဘဏ္ဍာရေးအချက်အချာနေရာ၊ ပွဲစားနေရာယူခဲ့တာဖြစ်ပါတယ်။ ငွေကြေးလွှဲပြောင်းမှုတိုင်းအတွက် ပွဲခရနေတာပါ။ အမေရိကန် ကျောထောက် နောက်ခံပြုထားတဲ့နိုင်ငံရဲ့ ကုန်စည်တွေအားလုံး စင်ကာပူကတစ်ဆင့် မြန်မာကို ပြန်သွင်းရတာပါ။

(၃) နိုင်ငံခြားမှာ ရှိနေတဲ့ ပိုင်ဆိုင်မှုပစ္စည်းထိန်းချုပ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ မြန်မာပြည်မှာရှိတဲ့ သူဌေးသူကြွယ်အားလုံးရဲ့ဓနဟာ တရုတ်၊ အရှေ့တောင်အာရှ၊ အီးယူနဲ့ အမေရိကန်ဆီမှာတော့ စာရင်းတွေရှိနေနိုင်ပါတယ်။ အခုတောင် စာရင်းဖျောက်ထားတဲ့ ဘဏ္ဍာရေးအကောင့်တွေပေါ်လာတာမျိုး ဖြစ်ပါတယ်။

(၄) ပို့ကုန်ကန့်သတ်မှုတွေကြောင့် မြန်မာ Industry ဟာ အခုထိ ခေတ်နောက်ကောက်ကျနေပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိတ်လိုက်လို့ မြန်မာလူငယ်တွေ အလုပ်လက်မဲ့ဖြစ်၊ တခြားနိုင်ငံမှာ ကျွန်ခံ၊ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ၊ အာဆီယံရင်းနှီးမြှုပ်နှံမှုတွေနဲ့ ရှင်သန်ခဲ့ရတာပါ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာလည်း မူမမှန်လို့ မြန်မာဟာသွင်းကုန် အမှီပြု စားသုံးနေရတဲ့နိုင်ငံ၊ ပို့ကုန်ကုန်ကြမ်းသီးသန့်သာ တင်ပို့တဲ့နိုင်ငံ ဆိုက်ခဲ့ပါတယ်။

(၅) နိုင်ငံတကာ အကူအညီများနဲ့ပတ်သက်ပြီး ရွဲ့ပဲ့စောင်း၊ ဟောင်းနွမ်းဒိတ်အောက်နေတဲ့ တရုတ် Industry Equipment တွေကြောင့် အကြွေးနွံနစ်နေတာ ဒေါ်လာ ငါးဘီလျံနီးပါးရှိပါတယ်။ အခုဆို တစ်နှစ် အမေရိကန် ဒေါ်လာသန်း ၅၀၀ နဲ့အထက် ပြန်ဆပ်နေရတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေဟာ အချက်အလက်တွေ၊ ဒေတာတွေ၊ ဖြစ်စဉ်တွေနဲ့ သုတေသနလုပ် ချိန်ထိုးလိုက်ရင် ဒီထက်ပို စိတ်မကောင်းစရာတွေ တွေ့နိုင်လိမ့်မယ်လို့ ယူဆပါတယ်။ အမေရိကန်အနေနဲ့ မြန်မာပြည်ကို ချောက်ထဲ ထပ်တွန်းချဖို့မကြိုးစားသင့်တော့ပါဘူး။

အနုတ်လဏ္ခဏာ

ဒီဆန်ရှင်တွေနဲ့ပတ်သက်ပြီး မြန်မာပြည်စီးပွားရေး ဘာဖြစ်လာသလဲဆိုတာ အကြမ်းဖျင်း သရုပ်ခွဲကြည့်ရအောင်ပါ။ အနုတ်လဏ္ခဏာ ဆန်ရှင်သက်ရောက်မှုတွေကတော့ -

(၁) ခရိုနီများ ပေါက်ဖွားလာခဲ့ပါတယ်။

(၂) စစ်ဘက်အသိုင်းအဝိုင်း ဆွေမျိုးများ ပုဂ္ဂလိကစီပွားရေးကဏ္ဍမှာ နေရာရသွားပါတယ်။

(၃) အလုပ်သမားတွေအဖြစ် မြန်မာပညာတတ်များ အလုံးအရင်းအလိုက် တခြားနိုင်ငံတွေကို ထွက်ခွာသွားခဲ့ကြပါတယ်။

 (၄) နိုင်ငံခြားအရင်းအနှီးနဲ့ နိုင်ငံခြားဝင်ငွေမရှိ၊ တိုင်းပြည်ရဲ့ သယံဇာတတွေပဲ ထုတ်လုပ်ရောင်းခဲ့ကြရလို့ သယံဇာတထောင်ချောက်ထဲ သက်ဆင်းခဲ့ရပါတယ်။ (ဒီသယံဇာတကြောင့်ကျိန်စာတစ်ခုလို ဖြစ်ခဲ့ပြီး အခုနိုင်ငံအဝန်း ပတ်ဝန်းကျင် ယိုယွင်းမှုတွေကို ခံစားနေရပါပြီ)

 (၅) သယံဇာတကြောင့် အကျင့်ပျက်ခြစားမှု၊ တူသားမောင်ညီမ ဆွေမျိုးကောင်းစားရေးဝါဒ ဖြစ်ထွန်းခဲ့ပါတယ်။ (ဖားကန့်ကျောက်စိမ်း)

(၆) မှုမမှန်တဲ့ပုဂ္ဂလိကဏ္ဍဖြစ်ထွန်းခဲ့ပြီး ပွဲစားစီးပွားရေးသာ အမြစ်တွယ် ကျန်ရစ်ခဲ့ပါတယ်။

(၇)ဆင်းရဲချမ်းသာကွာဟမှု၊ လူတန်းစားကွာဟမှု မြန်မာ့လူအဖွဲ့အစည်းများ ဖြစ်ထွန်းခဲ့ပါတယ်။

(၈) တရုတ်အပေါ် အလွန့်အကျွံမှီခီုမှု အားကြီးရာကနေ နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ လက်နက် ကိုင်အရေးတွေမှာ လွှမ်းမိုးခြယ်လှယ်ခြင်းကို ခံခဲ့ကြရပါတယ်။

 (၉) စင်ကာပူနိုင်ငံဟာ မြန်မာရဲ့ဘဏ္ဍာရေးစီးဆင်းမှု ကြားခံကဏ္ဍကနေ ဒေါ်လာငွေများစွာ ပွဲခရနေတဲ့အခြေအနေကို ဖန်တီးပေးခဲ့ရပါတယ်။

(၁၀) ဆန်ရှင်ကြောင့် Fund တွေနဲ့ လုပ်စားသူတွေ ရှိခဲ့တယ်။

တခြားအချက်တွေ ရှိပါသေးတယ်။ဆန်ရှင်ကြောင့် အုပ်စိုးသူတွေ ဘာမှမထိခိုက်ခဲ့ပါဘူး။

ဒီခေါင်းစဉ်တွေဟာ အမေရိကန်ဆန်ရှင်ကြောင့်လို့ တိုက်ရိုက်သတ်မှတ်တာ မဟုတ်ပေမဲ့ တိုက်ရိုက်အချိုးဟာ ကြီးမားခဲ့ပါတယ်။ သွယ်ဝိုက်အကျိုးဟာလည်း အတိုင်းအတာတစ်ခုအထိ ရှိခဲ့တာပါ။

အမေရိကန်ရဲ့ Blessing မရရှိတဲ့နိုင်ငံဟာ၊ အမေရိကန်သြဇာခံနိုင်ငံ၊ အမေရိကန်ကျေးဇူးရှိတဲ့နိုင်ငံ၊ အမေရိကန် အထောက်အပံ့ရနေတဲ့ နိုင်ငံ၊ အမေရိကန် အကာအကွယ် ပေးထားတဲ့နိုင်ငံတွေ အားလုံးရဲ့ လက်ရှောင်မှု၊ ဖယ်ကြဉ်မှုကို မြန်မာနိုင်ငံက ခံစားလိုက်ရတာပါ။

ဆန်ရှင်ကြောင့် ဘယ်အီးယူနိုင်ငံမှ မလာတော့ပါဘူး။ ဆန်ရှင်ကြောင့် အမေရိကန်ကျေးဇူးမကင်းတဲ့ ဂျပန်၊တောင်ကိုရီးယား၊ ထိုင်ဝမ်၊ မလေးရှား၊ ထိုင်းနိုင်ငံတွေဆိီကနေ Real Sector Invesment မလာတော့ပါဘူး။ အလုပ်အကိုင်များများ ဖြည့်ဆည်းစရာမလို၊ နည်းပညာလွှဲပြောင်းစရာမလို၊ သေချာပေါက် အမြတ်ရမယ့် သယံဇာတကဏ္ဍတွေထဲကို တရုတ်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပဲ စခန်းသွားခဲ့ရတာ ဖြစ်ပါတယ်။ စင်ကာပူဟာလည်း ကော်ပိုရေးရှင်း စာချုပ်တွေ၊ ရင်းနှီးမြှုပ်နှံမှုကန် ထရိုက်လက်မှတ်တွေ ပြန်ရောင်းစား၊ မြန်မာပြည်ထဲပြန်သွင်းမယ့် ကုန်စည်တွေနဲ့ပတ်သက်ပြီး ပွဲစားရင်းနှီးမြှုပ်နှံမှု လုပ်ခဲ့ကြတာကိုပဲ   အဖတ်တင်ခဲ့တာပါ။

မြန်မာတော်တော်များများဟာ အဲဒီခေတ်အစိုးရရဲ့ ခရိုနီစီးပွားရေး၊ စစ်ဘက်အသိုင်းအဝိုင်းစီးပွားရေး၊ ပါမစ်စီးပွားရေးတွေကြောင့် Real Economy ခပ်ကင်းနေခဲ့ရပြီး Private Sector ဉာဏ်၊ အသိပညာ၊ ခေါင်းပါးပြီး အင်တာပရီနာစိတ် ပျောက်ဆုံးသွားခဲ့တဲ့ ယဉ်ကျေးမှုသာ အဖတ်တင်ခဲ့တာပါ။

ဆန်ရှင်တွေ ပြန်ရုပ်သိမ်းပြီးတဲ့နောက် အီးယူက GSP ပေးခဲ့ပေမဲ့ ဒီအခွင့်အရေးကို မြန်မာလုပ်ငန်းရှင်များက ရသွားတာမဟုတ်ပါဘူး။ တရုတ်၊ တောင်ကိုရီးယားနဲ့ တခြားနိုင်ငံကနေ မြန်မာနိုင်ငံထဲလာတဲ့ Light Industry တွေက GSP အခွင့်အရေးကို ရသွားခဲ့တာပါ။ ဒီအချက်ဟာ မြန်မာတော်တော်များများ စီးပွားရေးအခွင့်အလမ်း ဆုံးရှုံး၊ အလုပ်လက်မဲ့များ၊ အလုပ်အကိိုင်ကရှား၊ အရင်းအနှီးကရှား၊ ဗျူရိုကရေစီ နှောင်ကြိုးများနဲ့တင်းကျပ်စတဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့်ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်ကနေ ၂၀၂၀ အထိ စျေးကွက်စီးပွားရေးလို့ သတ်မှတ်ပြီး အရပ်သားအစိုးရတွေဖြစ်လာပေမဲ့ ခရိုနီကြီးတွေ၊ စစ်ဘက်အသိုင်းအဝိုင်းတွေ အားလုံးဟာ Real Sector ထဲကိုလာပြီး Investment မလုပ်ခဲ့တဲ့ အချက်ရယ်၊ မြန်မာနိုင်ငံသား တော်တော်များများဟာလည်း ကိုယ်ပိုင်လုပ်ငန်းတွေ မစတင်နိုင်ခဲ့တာဟာ ၁၉၈၈-၂၀၁၀ ခုနှစ်ကာလများက အမြစ်တွယ်ဖန်တီးခဲ့တဲ့ စီးပွားရေးပုံသဏ္ဌာန် မမှန်ခဲ့မှုရဲ့အကျိုးဆက်ကြောင့် ဖြစ်ပါတယ်။

ဆင်းရဲချမ်းသာကွာဟမှု၊ လူတန်းစားကွာဟမှု ကြီးထွားလာခဲ့တယ်။ ပုံသဏ္ဌာန်မမှန်တဲ့ စျေးကွက် စီးပွားရေးဖြစ်ထွန်းခဲ့တယ်။ လယ်ယာသားငါး ကုန်ကြမ်းအဆင့်က တက်မလာခဲ့ဘူး။ SME ဆိုတာ စာရွက်ထဲမှာပဲ ရှိတယ်။ သွင်းကုန်အမှီပြုနိုင်ငံဖြစ်ခဲ့တယ်။ ပြုပြင်ဖို့ခက်တဲ့ ဗျူရိုကရေစီစနစ်ဖြစ်ထွန်းခဲ့တယ်။ အကျင့်ပျက်ခြစားမှု၊ တူသားမောင်နှမ ဆွေမျိုးကောင်းစားရေးဝါဒ ဖြစ်ထွန်းခဲ့တယ်။ မြန်မာ့ဆင်းရဲနွမ်းပါးမှုမျဉ်း ၂၆ ရာခိုင်နှုန်းအထိရှိခဲ့တယ်။ မွေးနှုန်း၊ သေနှုန်းကိန်းဂဏန်း အားရစရာမရှိခဲ့ဘူး။ ပညာရေး ဖျက်ဆီးခံရတယ်။ သတင်းအချက်အလက် ဒေတာစနစ်မရှိတဲ့ အင်ဖော်မေးရှင်းတွေနဲ့ ယဉ်ပါးခဲ့တယ် စတဲ့အတွေ့အကြုံခါးသီးမှုတွေကို လူတိုင်းသတိရနေဦးမှာပါ။ ဒါကြောင့်ကျွန်တော်တစ်ဦးတည်း အမြင်အရဆန်ရှင်ကို ကြောက်ပါတယ်။

ဘာတွေဖြစ်လာနိုင်သလဲ

ပထမဆုံး ဆန်ရှင်သစ်ကြောင့် ဘာတွေဖြစ်လာနိုင်သလဲဆိုတဲ့အချက်ကို ဖြေရှင်း၊ အရင်ဆန်ရှင်ဟောင်းကြောင့် ဘာဖြစ်ခဲ့တယ်ဆိုတဲ့ ပုစ္ဆာက အဖြေပေးနိုင်ပါလိမ့်မယ်။

တကယ်လို့များ အမေရိကန် ဟာဆန်ရှင်သစ်တွေ မျိုးစုံထပ်ချခဲ့မယ်ဆိုရင် အမေရိကန်ကျော ထောက်နောက်ခံနိုင်ငံများရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ ကုမ္ပဏီတွေ၊ ကော်ပိုရေးရှင်းတွေ ပြန်ဆုတ်သွားရပါလိမ့်မယ်။ စီးပွားရေး ရေရှည်အခွင့်အလမ်းတွေ၊ပရောဂျက်တွေ၊ နည်းပညာတွေ၊ အိုင်တီတွေ၊ဘဏ္ဍာရေး အင်စတီကျူးရှင်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေအားလုံး တပ်ပြန်ဆုတ်ရမှာ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့ဘဏ္ဍာရေး စီးဆင်းမှုလမ်းကြောင်းအားလုံး အမေရိကန်ကိုင်တွယ်ထားလို့ ဖြစ်ပါတယ်။ အနောက်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီအားလုံးနီးနီးဟာ စတော့ရှယ်ယာတွေ၊ ဘွန်းတွေ၊ အာမခံစာချုပ်တွေ၊ ဘဏ်ချေးငွေတွေနဲ့ လည်ပတ်နေကြပြီး သူတို့ရဲ့ဂုဏ်သတင်းကောင်း ဖြစ်ထွန်းမှုကနေ အမြတ်ကိုရှာနေကြတာ ဖြစ်ပါတယ်။

ကုမ္ပဏီတစ်ခုဟာ အမေရိကန်ဆန်ရှင်ထိထားတဲ့ နိုင်ငံတစ်ခုမှာ ရင်းနှီးမြုပ်နှံထားတယ်ဆိုရင် သူတို့ရှယ်ယာတန်ဖိုးတွေ၊ ချေးငွေတွေ တန်ဖိုးမရှိ၊ တန်ဖိုးမဲ့သွားလို့ ဖြစ်ပါတယ်။ ဘဏ္ဍာရေး စီးဆင်းမှု ကိုင်တွယ်ခံရခြင်း၊ ဘဏ္ဍာရေးအရ နာမည်ပျက်ခြင်းဟာ အင်မတန် အရေးကြီးပြီး ထိလွယ်ရှလွယ်တဲ့ကိစ္စ ဖြစ်လို့ပါပဲ။

နိုင်ငံတကာကုမ္ပဏီကလည်း သူတို့ပိုင်အက်ဆက်တွေကို သော့ခတ်ခဲ့မှာ မဟုတ်ပါဘူး။ မီးရှို့ပစ်မှာလည်း မဟုတ်ပါဘူး။ ရတဲ့စျေးနဲ့ ရောင်းထုတ်လိုက်ရမှာပါ။

အလုပ်လက်မဲ့တွေများစွာ ဖြစ်ပေါ်လာပါလိမ့်မယ်။ မြန်မာ့စီးပွားရေးဟာ စောက်ထိုးကျဆင်းသွားပါလိမ့်မယ်။   

ကျိန်စာသင့့်စာမျက်နှာနဲ့ ဖိလစ်ပိုင်ပုံပြင်

ဒီနိုင်ငံကထွက်ခွာသွားတဲ့ နိုင်ငံတကာကုမ္ပဏီတွေရဲ့နေရာကို တရုတ်ကအောက်စျေးနဲ့ အလွယ်တကူ ဝင်လိုက်ရုံပဲ ဖြစ်ပါတယ်။ တရုတ်ရဲ့ခါးသီးတဲ့အတွေ့အကြုံ မြန်မာတိုင်း မမေ့ကြသေးဘူးလို့ ထင်ပါတယ်။ တရုတ်နောက်မှာ စင်ကာပူ ဝင်ပါမယ်။ ဒီနောက်မှာ အာဆီယံနိုင်ငံတွေ ဝင်နိုင်ခြေရှိပါတယ်။ အမေရိကန် Blessing မရတဲ့နိုင်ငံတွေ ဝင်လာမှာပါ။

အဲဒီအချိန်ကျမှ အနာဟောင်းထုတ်နဲ့ထိုးခံရတဲအဖြစ်မျိုး ကြုံရပါလိမ့်မယ်။ မြန်မာနိုင်ငံအပေါ် ဆန်ရှင်သစ်တွေ ချမှတ်ရင် တပ်ပျက်မယ့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေကို ကျားချောင်းချောင်းနေတဲ့ နိုင်ငံတွေ၊ ဘီလူးဆိုင်းတီးပြီး ရင်ခုန်နေလောက်ပါပြီ။ အချင်းချင်း မညီမညွတ်ဖြစ်နေတာကနေ ဖိလစ်ပိုင်ပုံပြင်နဲ့ပဲ အဆုံးသတ်လိုက်ချင်ပါတယ်။

ခြင်းတောင်းထဲမှာ ကဏန်းတွေ တော်တော်များများ ထည့်ထားပါတယ်။ ကဏန်းတွေဟာ သူတို့ရဲ့ လက်တွေနဲ့  ခြင်းတောင်းအပေါ်ကို တက်တက်လာပြီး ခြင်းတောင်းအပြင်ဘက်ကိုထွက်ဖို့ ကြိုးစားကြပါတယ်။ အပေါ်ရောက်နေတဲ့ ကဏန်းကအောက်က ကဏန်းက သူ့လက်နဲ့ အောက်ပြန်ချမှုကို လုပ်ပါတယ်။ ဒီလိုနဲ့ ကဏန်းတစ်ကောင်မှ အပေါ်မရောက်ဘဲ ဆီအိုးထဲမှာ အသက်ပေးဆုံးရှုံးရတယ်ဆိုတဲ့အတိုင်း မြန်မာတွေ အမြင်ကျယ်ကျယ် ကြည့်တတ်ကြဖို့ ဆော်သြလိုက်ပါတယ်။