ခေတ်ပြိုင်ဖိအား၏ အကျိုးသက်ရောက်မှုများ (The Effects of Peer Pressure)

ခေတ်ပြိုင်ဖိအား၏ အကျိုးသက်ရောက်မှုများ (The Effects of Peer Pressure)
Published 24 October 2021
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

လူသတ္တဝါတို့မည်သည် မိမိအား မွေးဖွားမည့် မိခင်နှင့် ဖခင်တို့ ကို ရွေးချယ်ရန် မဖြစ်နိုင်သကဲ့သို့ မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုး၊ မည်သည့်လူ့အဖွဲ့အစည်း၊ ကျား-မ စသည်တို့ကိုလည်း ရွေးချယ်ပြီး မိမိအား မွေးဖွားသန့်စင်ရန်မှာလည်း မဖြစ်နိုင်သည့် အခြေအနေဖြစ်ပါသည်။ ထို့ကြောင့် မိမိအားမွေးဖွားပေးသည့် မိခင်နှင့် ဖခင်အပြင် ထိန်းကျောင်းပေးကြသည့် မိသားစုဝင်များ၊ ပတ်ဝန်းကျင်ရှိ လူမှုအုပ်စုများ၊ လေ့ကျင့်သင်ကြားပေးကြသည့် ဆရာဆရာမများ၊ လုပ်ဖော်ကိုင်ဖက်များ၊ တိုင်းပြည်နိုင်ငံတော်ကို အုပ်ချုပ်သူများ၏ အရည်အချင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုများ အပေါ်တွင် မူတည်ကာ လူ့ဂုဏ်သိက္ခာနှင့် အသက်ရှင်ရပ်တည်နိုင်စေမည့် ပတ်ဝန်းကျင်ကို ရရှိခံစားစံစားနိုင်စေခြင်းနှင့် လူ့ဂုဏ်သိက္ခာမရှိဘဲ ဆင်းရဲပင်ပန်းစွာ အသက်ရှင်ရပ်တည် နေထိုင်ရမည့် ပတ်ဝန်းကျင်တို့ကို ရရှိစေမည်ဖြစ်ပါသည်။ ဆိုလိုသည့် အဓိပ္ပာယ်မှာ လူသတ္တဝါတို့ မည်သည် မိမိအားမွေးဖွားမည့် ပတ်ဝန်းကျင်ကို ရွေးချယ်ခွင့်မရှိဟု တင်ပြလိုခြင်းဖြစ်ပါသည်။

မိမိအားမွေးဖွားသည့် ပတ်ဝန်းကျင်ကို ရွေးချယ်ခွင့်မရှိသဖြင့် မိမိမွေးဖွားရာ၊ ရောက်ရှိရာ ပတ်ဝန်းကျင်၏ ထိန်းကျောင်းခြင်း၊ ပုံသွင်းခြင်း၊ ပြုပြင်ခြင်းတို့မှတစ်ဆင့် အသိပညာ၊ အတတ်ပညာ၊ နည်းပညာ၊ သိမြင်ခြင်းများ၊ ယုံကြည်ချက်များ၊ ခံယူချက်များ စသည်တို့ကို ဖြစ်ပေါ်တည်ရှိလာစေခဲ့ပါသည်။ ထိုမျှသာမက မိမိရှင်သန် ရပ်တည်နေထိုင်ရသည့် ပတ်ဝန်းကျင်ရှိ မိမိနှင့် သက်တူ၊ ရွယ်တူ၊ အကျိုးစီးပွားတူ၊ အတွေ့အကြုံတူ၊ လူမှုအုပ်စုတူသည့် လူပုဂ္ဂိုလ်များထံမှလည်း စိတ်နေသဘောထားများ၊ အမူအကျင့်များ၊ တန်ဖိုးထားမှုများနှင့် အပြုအမူများကို လက်ခံအတုယူခြင်း၊ လက်မခံ ငြင်းပယ်ခြင်း စသည်ဖြင့် မိမိရှင်သန်ရပ်တည်ရာ ပတ်ဝန်းကျင်၏ ဖိအားများကို ရင်ဆိုင်ကြုံတွေ့ကြရမည် ဖြစ်ပါသည်။

ဤတွင် လူသတ္တဝါတစ်ဦး ဘဝတစ်လျှောက်လုံး ဉာဏ်ပညာ ပြည့်ဝနေစေရန်မှာ အဆိုပါလူသားအနေဖြင့် သန္ဓေတည်သည့်နေ့မှ မွေးဖွားပြီး ရက်ပေါင်းတစ်ထောင်ပြည့်အထိ အချိန်ကာလသည် အရေးအကြီးဆုံး အချိန်ကာလအဖြစ် ပညာရှင်ကြီးများက သတ်မှတ်ထားရှိကြပါသည်။ အဆိုပါ အချိန်ကာလတွင် လိုအပ်သည့် ပစ္စည်းအပြည့်အစုံ (နို့၊ အစားအစာ၊ အာဟာရ၊ ဆေး စသည်) နှင့် တတ်သိကျွမ်းကျင်သူများထံမှ လမ်းညွှန်မှုကို ခံယူကာ အချိန်ပြည့် ပြုစုပျိုးထောင်ခံရသည့် ကလေးငယ်များသည် ၎င်းတို့၏ ခန္ဓာကိုယ်၊ ရုပ်၊ ဦးနှောက် စသည်တို့ အပြည့်အဝဖွံ့ဖြိုးမှုကို ရရှိနိုင်သဖြင့် စဉ်းစားတွေးခေါ်နိုင်သည့် ဉာဏ်ပညာကို အလွယ်တကူ ရရှိနိုင်စေပါသည်။ အဆိုပါအချိန်ကာလတွင် လျစ်လျူရှုခံရသည့် ကလေးငယ်များ အနေဖြင့်မူ အရွယ်ရောက်ချိန် ခက်ခဲနက်နဲသည့် အတွေးအခေါ်များကို စဉ်းစားသည့်အချိန်တွင် ခေါင်းကိုက်ပြီး စိတ်ရှုပ်ထွေးနေတတ်သည်ကို စာဖတ်သူတို့ တွေ့ကြုံဖူးမည်ဟု မျှော်လင့်ပါသည်။

စာရေးသူ အမြဲပြောလေ့ရှိသည့် စကားမှာ “အဆိုပါ ကလေးငယ် သို့မဟုတ် လူပုဂ္ဂိုလ်တွင် အပြစ်မရှိပါ။ ကလေး ငယ်စဉ်အချိန်ကာလ ပြုစုပျိုးထောင်သည့် ပတ်ဝန်းကျင်ရှိ လူပုဂ္ဂိုလ်များနှင့် ကျန်းမာရေးစနစ် ထူထောင်ရမည့် အုပ်ချုပ်သူအစိုးရတွင်သာ အပြစ်ရှိပါသည်။ တာဝန်ရှိပါသည်” ဖြစ်ပါသည်။ စာဖတ်သူတို့အနေဖြင့် မိမိပတ်ဝန်းကျင်ရှိ ကလေးငယ်လေးများ၏ အနာဂတ် တောက်ပနိုင်စေရေးကို နှုတ်၏စောင်မခြင်းဖြင့် လေ့လာလမ်းညွှန်ပေးကြပါရန် အကြံပြုတိုက်တွန်းအပ်ပါသည်။

စာရေးသူသည် ကုလသမဂ္ဂ လက်အောက်ခံ အစီအစဉ်တစ်ခုတွင် တာဝန်ထမ်းဆောင်ခွင့်ရရှိသည့်အချိန်က မြန်မာတစ်နိုင်ငံလုံး စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝစေရေးနှင့် ပတ်သက်သည့် စစ်တမ်းများ ကောက်ယူလေ့လာသည့် အတွေ့အကြုံရရှိခဲ့ပါသည်။ အဆိုပါ အတွေ့အကြုံအရ ထူးခြား သည့်အခြေအနေတစ်ရပ်မှာ အချို့သော အိမ်ထောင်စုများတွင် အသက်ငါးနှစ်အောက် ကလေးငယ်များ၏ အာဟာရပြည့်ဝမှုအခြေအနေသည် အိမ်ထောင်စု၏ စီးပွားရေးအခြေအနေနှင့် တိုက်ရိုက်သက်ဆိုင်မှု မရှိခြင်းပင်ဖြစ်ပါသည်။ စာရေးသူကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံကို စာဖတ်သူတို့အား ဝေမျှပါမည်။

အပူပိုင်းဇုန်တွင် လေ့လာစဉ်အိမ်ထောင်စု၏ စီးပွားရေးအခြေအနေသည် လွန်စွာကောင်းမွန်လျက်ရှိပြီး သားလေးတစ်ဦးတည်းသာ မွေးဖွားထားသော်လည်း ကလေးငယ်လေးကို အသက်၊ ကိုယ်အလေးချိန်၊ အရပ်တို့ တိုင်းတာချက်များအရ အာဟာရပြည့်ဝမှု အခြေအနေမှာ စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်သည့်အတွက် မေးမြန်းစုံစမ်းကြည့်ရာ ကလေးငယ်မှာ အစားအစာသိပ်မစားကြောင်း၊ သူမစားလိုလျှင် မကျွေးတော့ကြောင်း ပြောပြပါသည်။ စာရေးသူမှာ ကလေးငယ်၏ မိခင်နှင့်ဖခင်တို့ကို တွေ့ခွင့်တောင်းပြီး အောက်ပါအတိုင်း မေတ္တာရပ်ခံခဲ့ရပါသည်။ ဆရာဝန်နှင့်ပြပြီး တိုင်ပင်ဆွေးနွေးကာ ဆရာဝန်၏လမ်းညွှန်ချက်များကို အပြည့်အဝ လိုက်နာဆောင်ရွက်ပေးပါရန်နှင့် အစားအစာကို ဂရုစိုက်ပြီး ကျွေးပေးပါရန်၊ လိုအပ်ပါကဆေးကို စနစ်တကျတိုက် ကျွေးပေးပါရန်တို့ ဖြစ်သည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ အထက်တွင်ဖော်ပြထားသကဲ့သို့ မိမိတို့ကိုယ်တိုင်ရွေးချယ်ပိုင်ခွင့်မရှိသည့် မွေးဖွားသည့် ပတ်ဝန်းကျင်၊ ခေတ်ပြိုင်ဖိအား၏ ကောင်းကျိုးဆိုးကျိုးများ၏ဒဏ်ကို ခံစားရသကဲ့သို့ပင် လူတိုင်းလူတိုင်း အရွယ်မရွေး၊ ကျား-မ မရွေး၊ မည်သူမဆို အချိန်မရွေး၊ နေရာမရွေး အခြေအနေအမျိုးမျိုး၊ ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ခေတ်ပြိုင်ဖိအား၏ အကျိုးသက်ရောက်မှုများကို ကြုံတွေ့နိုင်ပါသည်။

ထိုနည်းတူစွာ လူမှုအုပ်စုများ၊ ဒေသတွင်းနိုင်ငံများအုပ်စု၊ ကမ္ဘာ့နိုင်ငံများအုပ်စုတို့၏ တည်ရှိဖြစ်ပေါ်နေမှုများအပေါ် မူတည်ကာ ခေတ်ပြိုင်ဖိအားများသည် လူတစ်ဦးချင်းနှင့် နိုင်ငံများအပေါ်တွင် အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် ဖြစ်ပေါ်လာနိုင်ပါသည်။ အချို့သော ခေတ်ပြိုင်ဖိအားများသည် ရှောင်လွှဲနိုင်ရန် မဖြစ်နိုင်ပါသော်လည်း ဖြစ်ပေါ်လာနိုင်သည့် ခေတ်ပြိုင်ဖိအားများကို စနစ်တကျလေ့လာပြီးလျှင် ဆိုးကျိုးအကျိုး သက်ရောက်နိုင်သည်များကို တတ်နိုင်သမျှ လျော့နည်းပပျောက်စေပြီး ကောင်းကျိုးအကျိုး သက်ရောက်မှုများကို တိုးတက်မြင့်မားလာစေရန် ကြိုးစားဆောင်ရွက်နိုင်စေရေးကို ရည်ရွယ်ပါသည်။

ပထမဦးစွာ မိမိတို့တိုင်းပြည်နိုင်ငံတွင် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ကျင့်သုံးလျက် လူမှုအဖွဲ့ဝင်တို့က လေးစားလိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်သည့် ခပ်ပြင်းပြင်း ခေတ်ပြိုင်ဖိအား အခြေအနေကို စာရေးသူ၏အတွေ့အကြုံဖြင့် တင်ပြပါမည်။ စာရေးသူသည် ၂၀၀၀ ပြည့်နှစ်ကျော် အချိန်ကာလ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း (INGO) တစ်ဖွဲ့၏ “စားနပ်ရိက္ခာ ဖူလုံရေးနှင့် လူနေမှုဘဝဖွံ့ဖြိုးရေး စီမံကိန်း” အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်အလို့ငှာ အတိုင်ပင်ခံအရာရှိ (Consultant) အဖြစ် ပါဝင်ဆောင်ရွက်ခွင့်ရရှိခဲ့ပါသည်။ စာရေးသူ၏တာဝန်မှာ “ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်တို့တွင် အိမ်ထောင်စုများ၏ စားသောက်မှုပုံစံနှင့် လူနေမှုဘဝ လေ့လာဆန်းစစ်ခြင်း စစ်တမ်း” ကောက်ယူရန်ဖြစ်ပါသည်။

စာရေးသူ၏ သိမြင်တွေ့ရှိချက်အရ စာရေးသူတို့မှာ အဆိုပါဒေသတွင် ပထမဆုံးစစ်တမ်းကောက်ယူ လေ့လာသည့်အဖွဲ့ဖြစ်နေခြင်းပင် ဖြစ်ပါသည်။ ဖော်ပြပါစစ်တမ်းတွင် တွေ့ရှိရသည့်အချက်များထဲမှ ဒေသနေပြည်သူပြည်သားများနှင့် အိမ်ထောင်စုတို့အပေါ်တွင် ခေတ်ပြိုင်ဖိအားပြင်းထန်သည့် အချက်နှစ်ခုကိုသာလျှင် အကျဉ်းချုပ်တင်ပြပါမည်။ အဆိုပါ နှစ်ချက်မှာ (၁) လူသတ်ပြီး လက်စားချေသည့် အစဉ်အလာနှင့် (၂) ကျောက်ဖျာတင်ပွဲ (အလှူပွဲ၊ ခေါင်ပွဲ၊ လုံရိုးပွဲ) တို့ ဖြစ်ကြပါသည်။ အဆင်ပြေ သင့်တော်သည့်အချိန်တွင် ချင်းပြည်နယ်တောင်ပိုင်း၏ ချစ်စရာကောင်းလှသည့် ချင်းရိုးရာအစဉ်အလာများကို မည်ကဲ့သို့ ခက်ခက်ခဲခဲထိန်းသိမ်း စောင့်ရှောက်ခဲ့ကြပုံများကို စာရေးသူ လေ့လာသိမြင်ခဲ့သည်များအား သီးခြားဆောင်ပါးများဖြင့် တင်ပြပါမည်။

(၁) လူသတ်ပြီး လက်စားချေသည့် အစဉ်အလာမှာ လူသတ်မှု ကျူးလွန်မိပါက သေသူဘက်မှ အုပ်စု (မျိုးနွယ်စု) က လူသတ်သည့် ဘက်အုပ်စု (မျိုးနွယ်စု) မှ အကြီးအကဲတစ်ဦးဦးကို ပြန်သတ်၍ လက်စားချေသည့် အစဉ်အလာကို ခေါ်ဆိုပါသည်။ ရိုးရာအစဉ်အလာတို့၏ ထုံးစံအတိုင်း ကောင်းကျိုးနှင့် ဆိုးကျိုးတို့သည် အမြဲယှဉ်တွဲ တည်ရှိနေတတ်သည်ဖြစ်ရာ စာရေးသူ တွေ့ရှိခဲ့ရသည်များမှ ကောင်းကျိုးတစ်ချက်နှင့် ဆိုးကျိုးတစ်ချက်စီကိုသာ တင်ပြပါမည်။ ကောင်းကျိုးမှာ အပျိုအရွယ် မိန်းကလေးတစ်ဦးတည်း တောတောင်၊ လျှိုမြောင်၊ မြစ်ချောင်းများဘေးတွင် အန္တရာယ်မရှိ လွတ်လပ်စွာ သွားလာနေထိုင်နိုင်ကြသည်မှာ အဆိုပါလက်စားချေသည့် အစဉ်အလာကြောင့်ဟု ဆိုပါသည်။ ဆိုးကျိုးမှာ အုပ်စု (မျိုးနွယ်စု) မှ အကြီးအကဲ တစ်ဦးဦးကို ပြန်သတ်၍ လက်စားချေသည့်အတွက် အုပ်စု (မျိုးနွယ်စု) အတွက် တိုးတက်လာစေရန်၊ ဖွံ့ဖြိုးလာစေရန် ဦးဆောင်ဦးရွက်ပြုမည့် လူပုဂ္ဂိုလ်ကြီးများမှာ အသတ်ခံကြရသဖြင့် အုပ်စု (မျိုးနွယ်စု) အတွက် တိုးတက်ဖွံ့ဖြိုးလာစေရေးမှာ အခက်အခဲများစွာကို ဖြစ်ပေါ်စေပါသည်။ စာရေးသူ လေ့လာသည့်အချိန်တွင် အုပ်စု (မျိုးနွယ်စု) မတူသည့် မျိုးနွယ်အုပ်စုများအကြား ပြဿနာကြီးငယ်ရှိလာပါက နောင်တွင် ထပ်မံမဖြစ်ပေါ်စေရန် အဆုံးသတ်ဆုံးဖြတ်ပေးသည့်၊ ညှိနှိုင်းပေးသည့် အောင်တမာန် ပေါ်ပေါက်နေပြီဖြစ်ပါသည်။ တစ်နည်းအားဖြင့် ‘အောင်တမာန် (ရှေီ)’ ဆိုသည်မှာ နှစ်ဦးနှစ်ဖက်ကို ကျေအေးစေရန် ညှိနှိုင်းအတည်ပြုပေးသူကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။

 (၂) ကျောက်ဖျာတင်ပွဲ (အလှူပွဲ၊ ခေါင်ပွဲ၊ လုံရိုးပွဲ) တို့ကို ကျင်းပကြသည့် ရည်ရွယ်ချက် သဘောများကို စာရေးသူအား ပြောပြရာတွင် ပြောပြချက်များကို တိုက်ရိုက်တင်ပြရပါက (က) ဂုဏ် လိုချင်သည့်သဘော (ခ) ဝင့်ကြွားချင်သည့်သဘောနှင့် (ဂ) ချင်းရိုးရာဓလေ့များကို မဖျောက်ဖျက်လိုသည့် သဘောများပါဝင်သည်ဟု ဆိုပါသည်။ ကျောက်ဖျာတင်ကြရာတွင် အလှူပွဲ၊ ခေါင်ရည်ပွဲ (အရပ်အခေါ် ခေါင်ပွဲ)၊ လုံရိုးပွဲပြုလုပ်သည့် အကြိမ်အရေအတွက်အပေါ်တွင် မူတည်ကာ အနည်းငယ် ကွဲပြားကြပါသော်လည်း စာရေးသူအနေဖြင့် ဥပမာတစ်ခုကိုသာ တင်ပြပါမည်။ လူပုဂ္ဂိုလ်တစ်ဦးသည် ပထမအကြိမ် ပွဲပြုလုပ်ပါက ကျောက်ဖျာတင်ခွင့်မရှိပါ။ ဒုတိယအကြိမ် ပွဲပြုလုပ်ပါက သချႋုင်းတွင် ကျောက်ဖျာတင်ခွင့်ရှိပြီး အိမ်ရှေ့တွင် တင်ခွင့်မရှိပါ။ တတိယအကြိမ်၊ စတုတ္ထအကြိမ်နှင့် ပဥ္စမအကြိမ်တို့တွင် အိမ်ရှေ့နှင့် သချႋုင်းနှစ်နေရာတွင် တင်ခွင့်ရှိပါသည်။ ဆဋ္ဌမအကြိမ်ပွဲပြုလုပ်ပြီးပါက လူကုံထံစာရင်းဝင်သွားပြီ ဖြစ်ပါသည်။

လူကုံထံစာရင်းဝင်သွားပြီးသူများအား အခြားလူပုဂ္ဂိုလ်များက ပွဲပြုလုပ်လျှင် မဖြစ်မနေပင့်ဖိတ်ကြရပြီး ပွဲပြုလုပ်သူက ပွဲပြုလုပ်သည့် တိရစ္ဆာန်များ၏ အသည်း၊ နှလုံး၊ ကလီစာများကို အိမ်ဦးခန်းတွင် အထူးထမင်းချက်ပြီး ကျွေးရပါသည်။ (အခြားသူများ စားခွင့်မရှိပါ။) ခေါင်ရည်ကိုလည်း သီးသန့်အကောင်းဆုံးချက်ပြီး တိုက်ကြရပါသည်။ ပညာမည်မျှတတ်တတ်၊ ဥစ္စာမည်မျှရှိရှိ၊ ထိုထမင်းကိုစားခွင့် မရှိပါ။ စာရေးသူအား အဘကြီးတစ်ဦးက ပြောပြရာတွင် သူ၏ဖခင်သည် နွားနောက်ကောင်ရေများစွာဖြင့် အလှူပေးခဲ့ကြောင်း သို့မဟုတ် ပွဲများပြုလုပ်ခဲ့ကြောင်းနှင့် ထိုအထဲမှ နွားနောက်သုံးပုံတစ်ပုံခန့်ကို ရောင်းပြီးသူ့အား ကျောင်းထားပေးခဲ့ပါလျှင် သူ့အနေဖြင့် ပညာတတ်တစ်ဦးဖြစ်နိုင်ကြောင်း ပြောပြပါသည်။

စာဖတ်သူများအနေဖြင့် အချက်နံပါတ် (၁) နှင့် နံပါတ် (၂) တို့ကို ပေါင်းစပ်ပြီး အဆိုပါဒေသရှိ လူပုဂ္ဂိုလ်များနှင့် အုပ်စု (မျိုးနွယ်စု) များ၏ ခေတ်ပြိုင်ဖိအားအခြေအနေကို ဦးနှောက်မုန်တိုင်းဆင် ကြည့်ကြပါရန် တင်ပြအပ်ပါသည်။

ဒုတိယအနေဖြင့် လူပုဂ္ဂိုလ်တစ်ဦးချင်း၊ လူမှုအုပ်စုများ၊ ဒေသတွင်းရှိ နိုင်ငံများအုပ်စုနှင့် ကမ္ဘာ့နိုင်ငံများအုပ်စုတို့၏ ခေတ်ပြိုင်ဖိအား အကျိုးသက်ရောက်မှု အခြေအနေကို ပုံတွင်ဖော်ပြထားပါသည်။ အထက်တွင် ဖော်ပြထားသကဲ့သို့ လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် လူမှုအုပ်စုများအပေါ်တွင် ခေတ်ပြိုင်ဖိအား၏ အကျိုးသက်ရောက်မှုများသည် ရှင်းလင်းထင်ရှားစွာ တွေ့မြင်နိုင်မည်ဖြစ်သော်လည်း ဒေသတွင်းရှိ နိုင်ငံများအုပ်စုနှင့် ကမ္ဘာ့နိုင်ငံများအုပ်စုတို့ကြောင့် ဖြစ်ပေါ်လာစေမည့် ခေတ်ပြိုင်ဖိအား၏ အကျိုးသက်ရောက်မှုများကို ရှင်းလင်းတင်ပြရာတွင် လက်ဆုပ်လက်ကိုင်တင်ပြနိုင်ရန် ခက်ခဲသဖြင့် အနည်းငယ် ရှုပ်ထွေးနိုင်ပါသည်။ စာရေးသူအနေဖြင့် ခေတ်ပြိုင်ဖိအား ဖြစ်ပေါ်စေသည့် အခြေခံအချက်များကိုသာ စာရေးသူသိမြင်တွေ့ရှိသမျှ တင်ပြပါမည်။

ဒေသတွင်းနိုင်ငံများအုပ်စုနှင့် ကမ္ဘာ့နိုင်ငံများအုပ်စု ဆိုသည်မှာ နိုင်ငံတကာအသိုင်းအဝိုင်းပင် ဖြစ်ပါသည်။ နိုင်ငံတကာအသိုင်းအဝိုင်း၏ ခေတ်ပြိုင်ဖိအားကို တိုင်းပြည်နိုင်ငံ တစ်နိုင်ငံအနေနှင့် ခံနိုင်ရည်ရှိပြီး ကျော်လွှားလွန်မြောက်နိုင်စေရန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းက ခံယူကျင့်သုံးလက်ခံထားရှိသည့် စံနှုန်းများ၊ သဘောတရားများ၊ မူဝါဒများ၊ အကောင်အထည် ဖော်ဆောင်ရွက်ပုံများကို မိမိတိုင်းပြည်နိုင်ငံတွင် တည်ရှိနေသည့် ပကတိအခြေအနေများနှင့် လိုက်လျောညီထွေရှိနေစေရန် ကြိုးပမ်းဆောင်ရွက်ခြင်းပင် ဖြစ်ပါသည်။

တစ်နည်းအားဖြင့် မိမိတိုင်းပြည်နိုင်ငံနှင့် ပတ်သက်သည့် အရေးကိစ္စများတွင် အော်လည်းမကြား၊ ခေါ်လည်းမကြား၊ မမြင်ချင်ယောင်ဆောင်၊ မသိချင်ယောင်ဆောင်နေမည့် တာဝန်မဲ့ပြုမူနေထိုင် ဆောင်ရွက်တတ်သည့် တာဝန်ရယူသူများ၏ နိုင်ငံတော်မဖြစ်စေဘဲ  တက်တက်ကြွကြွနှင့် အလုပ်ပြီးမြောက်စေရန် တာဝန်ယူဆောင်ရွက်တတ်သည့် တာဝန်ရှိသူများ၏ နိုင်ငံတော် ဖြစ်စေရန် ဖြစ်ပါသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းသည် အခြေခံအားဖြင့် ဖွံ့ဖြိုးမှုအထောက်အကူပြုခြင်းနှင့် လူသားများနှင့် သက်ဆိုင်သည့် လူ့အခွင့်အရေး၊ လူသားချင်းစာနာ ထောက်ထားမှုအပေါ်တွင် အလေးအနက်ထားရှိ အကောင်အထည် ဖော်ဆောင်ကြခြင်းဖြစ်ရာ မိမိတို့တိုင်းပြည်နိုင်ငံ၏ ပကတိအခြေအနေနှင့် ဖြစ်ပေါ်နေမှုများကို အခြေခံထားရှိကာ မိမိတိုင်းပြည်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် အကောင်းမွန်ဆုံး အကျိုးရလဒ် ရရှိနိုင်စေရန်မှာ နိုင်ငံတကာအသိုင်းအဝိုင်း၏ ခေတ်ပြိုင်ဖိအားများကို ခံနိုင်ရည်ရှိနေစေရန် ကြိုးစားရမည့်အပြင် အကျိုးရလဒ်ရရှိနိုင်စေရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်နိုင်ရမည်ဖြစ်ပါသည်။

တတိယအနေဖြင့် ယနေ့အချိန်အခါ ခေတ်ပြိုင်ဖိအားကို လေ့လာရာတွင် သုတေသနပြုလုပ်ထုတ်ဝေထားသည့် စာစောင်၊ စာတမ်းများအရ ဦးတည်ချက်ထားရှိသည်မှာ အများအားဖြင့် ဆယ်ကျော်သက် လူငယ်များသာ ဖြစ်သည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့်လည်း အချို့သော စာဖတ်သူများအနေဖြင့် ခေတ်ပြိုင်ဖိအား (Peer Pressure) ခေါင်းစဉ်ဖြင့် လေ့လာခြင်းသည် ဆယ်ကျော်သက်ကလေးငယ်များ၏ စဉ်းစားတွေးခေါ်မှု၊ ဆုံးဖြတ်ချက်ချမှတ်မှု၊ လိင်ဆက်ဆံမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု စသည်တို့ အပေါ်တွင် လေ့လာသည့် ဘာသာရပ်အဖြစ်သာ သိမြင်လျက်ရှိကြပါသည်။ ယနေ့အချိန်အခါတွင် လူမှုမီဒီယာ၊ လူမှုကွန်ရက်များသည်လည်း ကြီးမားကျယ်ပြန့်လာသည့်အတွက် လူငယ်များအပေါ် ကျရောက်စေသည့် ခေတ်ပြိုင်ဖိအားမှာလည်း ပြင်းထန်ကြီးမားသည့် အခြေအနေသို့ ရောက်ရှိလျက်ရှိနေပါသည်။

နောက်ဆုံးအနေဖြင့် ခေတ်ပြိုင်ဖိအားများမှ ရုန်းထွက်နိုင်စေပြီး ကောင်းကျိုးဖြစ်ပေါ်စေမည့် နည်းလမ်းများကို စာရေးသူတစ်ဦးတည်း၏အမြင်ဖြင့် တင်ပြပါမည်။

ခေတ်ပြိုင်ဖိအားများမှ ရုန်းထွက်နိုင်စေမည့် နည်းလမ်းပေါင်း မြောက်မြားစွာရှိနေပါသော်လည်း အဓိကအားဖြင့် နိုင်ငံတော်အဆင့်မူဝါဒချမှတ် ဆောင်ရွက်သင့်သည့် အချက်သုံးချက်ကိုသာ အဆိုပြုတင်ပြခြင်းဖြစ်ပါသည်။ ပထမအချက်မှာ ငါးနှစ်အောက် ကလေးငယ်များအား စနစ်တကျပြုစုပျိုးထောင်ခြင်း အစီအစဉ်ဖြစ်ပါသည်။ ဒုတိယအနေဖြင့် ပညာရေးစနစ်အား လူတိုင်းသည် အကြောင်းနှင့်အကျိုးကို သိမြင်၊ ဝေဖန်၊ ပိုင်းခြားနိုင်စေပြီး အကောင်းနှင့် အဆိုးကို ခွဲခြားနိုင်စေရန်အထိ မြှင့်တင်ပေးခြင်းနှင့် တတိယအချက်အနေဖြင့် လူတိုင်း၏ ဉာဏ်ပညာ၊ တွေးခေါ်မြော်မြင်နိုင်မှုကို မြှင့်တင်ပေးနိုင်စေမည့် လူမှုပတ်ဝန်းကျင်ကို ရရှိနိုင်စေရန် တည်ဆောက်ပေးခြင်းပင် ဖြစ်ပါသည်။ စာဖတ်သူတို့အနေဖြင့်လည်း ဦးနှောက်မုန်တိုင်းဆင် ကြည့်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ခေတ်ပြိုင်ဖိအားများသည် ကောင်းကျိုးနှင့် ဆိုးကျိုးများကို ဖြစ်ပေါ်နိုင်သကဲ့သို့ ဆိုးကျိုးများကို ရှောင်လွှဲရရှိနိုင်သည့် အခြေအနေနှင့် လုံးဝရှောင်လွှဲရန် မဖြစ်နိုင်သည့် အခြေအနေများလည်း ကြုံတွေ့နိုင်ပါသည်။ ထို့ပြင် ခေတ်ပြိုင်ဖိအားများသည် လူတစ်ဦးချင်း၊ လူမှုအုပ်စုများ၊ တိုင်းပြည်နိုင်ငံ၊ ဒေသတွင်းနိုင်ငံများအုပ်စု၊ ကမ္ဘာ့နိုင်ငံများအုပ်စုတို့၏အခြေအနေ အပေါ်တွင်မူတည်ကာ အဆင့်ဆင့်ဖိအားများ၏ အကျိုးသက်ရောက်မှုများလည်း ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် ဖြစ်ပေါ်လာစေနိုင်မည့် ခေတ်ပြိုင်ဖိအားများကို စနစ်တကျ ကြိုတင်လေ့လာပြီးလျှင် ဆိုးကျိုးအကျိုး သက်ရောက်နိုင်သည်များကို တတ်နိုင်သမျှ လျော့နည်းပပျောက်စေပြီး၊ ကောင်းကျိုးအကျိုး သက်ရောက်မှုများကို တိုးတက်မြင့်မားလာစေရန် ကြိုတင်သိမြင်ပြီး ကြိုးစားဆောင်ရွက်နိုင်ကြပါစေကြောင်း တင်ပြအပ်ပါသည်။

Most Read

Most Recent