အာဆီယံ၏ ပဋိညာဉ်သည် စက္ကူကျားဖြစ်သွားပြီလား

အာဆီယံ၏ ပဋိညာဉ်သည် စက္ကူကျားဖြစ်သွားပြီလား
Published 24 October 2021
မိုးဧအောင်

၁၉၆၇ ခုနှစ် သြဂုတ် ၈ ရက်တွင် စတင်ဖွဲ့စည်းခဲ့သော အာဆီယံခေါ် အရှေ့တောင်အာရှနိုင်ငံများအသင်း (Association of South East Asian Nations - ASEAN) ၏ သက်တမ်း ၅၄ နှစ် တင်းတင်းပြည့်မြောက်ခဲ့ပေပြီ။အင်ဒိုနီးရှား၊မလေးရှား၊ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးငါးဦးက အာဆီယံကြေညာချက် (the ASEAN Declaration) ကို လက်မှတ်ရေးထိုးလျက် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဘန်ကောက် ကြေညာစာတမ်းအရ အာဆီယံ၏ ရည်ရွယ်ချက်များမှာ -

(၁) ဒေသတွင်းစီးပွားရေး တိုးတက်မှု၊ လူမှုရေးဖွံ့ဖြိုးမှုနှင့် ယဉ်ကျေးမှုရှင်သန်ရေးကို မြှင့်တင်ရန်၊

(၂) ဒေသတွင်း ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အကျိုးတူကိစ္စရပ်များ၌ အပြန်အလှန်နားလည်မှု မြှင့်တင်ရန်၊

(၃) နိုင်ငံအချင်းချင်း လေ့ကျင့်ရေး သင်တန်းများနှင့် သုတေသနကိစ္စရပ်များတွင် အထောက်အပံ့ပြုနိုင်ရန်၊

(၄) ပြည်သူတို့၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများကို ပိုမိုကောင်းမွန်အောင် ပူးပေါင်းဆောင်ရွက်ရန်၊

(၅) အရှေ့တောင်အာရှဆိုင်ရာ လေ့လာမှုများကို နီးနီးကပ်ကပ် မြှင့်တင်နိုင်ရေး၊ ရည်ရွယ်ချက်တူ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် စသည်တို့ပါဝင်သည်။

မူလဖွဲ့စည်းချိန်က ငါးနိုင်ငံသာရှိသော်လည်း ၁၉၈၄ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် ဘရူနိုင်းကို ဆဋ္ဌမမြောက် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊  ၁၉၉၅ ခု ဇူလိုင် ၂၈ ရက်တွင် ဗီယက်နမ်ကိုသတ္တမမြောက် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၁၉၉၇ ခု ဇူလိုင်၂၃ ရက်တွင် လာအိုနှင့် မြန်မာကို အဋ္ဌမမြောက်နှင့် နဝမမြောက် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၁၉၉၉ ခုနှစ် ဧပြီ ၃၀ တွင် ကမ္ဘောဒီးယားကို ဒသမမြောက် နိုင်ငံအဖြစ်လည်းကောင်း ဆက်လက်လက်ခံခဲ့၍ ယခုအခါ အာဆီယံအဖွဲ့ဝင်နိုင်ငံပေါင်း ၁၀ နိုင်ငံရှိပါသည်။

သမိုင်းနောက်ခံ

တကယ်တော့ အာဆီယံဖွဲ့စည်းခဲ့ခြင်း၏ နောက်ခံစေ့ဆော်ချက်မှာ ကွန်မြူနစ်ဝါဒကို ကြောက်ရွံ့သူများ လူစုခဲ့ခြင်းက အစပြုခဲ့ခြင်းဖြစ်ပါသည်။ ဗီယက်နမ်တွင် အမေရိကန် ကျူးကျော်မှုနှင့် ဗီယက်ကောင်းတို့ ခုခံတော်လှန်စစ်ဆင်နွှဲမှု အရှိန်တက်နေသော ၁၉၇၀ ပြည့်ဝန်းကျင်နှစ်များတွင် ဤအဖွဲ့ပေါ်ပေါက်ခဲ့၏။

အာဆီယံမပေါ်ပေါက်မီကပင် စစ်အေးခေတ်ကာလအရင်းရှင် - ကွန်မြူနစ်ပြိုင်ပွဲအဖြစ် အရှေ့တောင်အာရှ၌ စစ်အုပ်စုသဏ္ဌာန် ဖွဲ့ကာ နေရာယူခဲ့သော ဆီးတိုး (The Southeast Asia Treaty Organization - SEATO) ဆိုသည့် အဖွဲ့ဖြစ်တည်ခဲ့သည်။ အရှေ့တောင်အာရှဒေသ ကာကွယ်ရေးဟု ခေါင်းစဉ်တပ်ပြီး ကွန်မြူနစ်သြဇာလွှမ်းမိုးမှုကို ပြန်လှန်ထိန်းချုပ်နိုင်ရန်အတွက် ၁၉၅၄ ခုနှစ် စက်တင်ဘာလအတွင်း မနီလာသဘောတူညီချက် (Manila Pact) အရ ဆီးတိုးကို ဖွဲ့စည်းခဲ့သည်။

အဖွဲ့ဝင်နိုင်ငံများမှာ သြစတြေးလျ၊ ပြင်သစ်၊ နယူးဇီလန်၊ ပါကစ္စတန်၊ ယူနိုက်တက်ကင်းဒမ်း၊ အမေရိကန်ပြည်ထောင်စု၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြ၏။ အရှေ့တောင်အာရှဟု နာမည်ခံခဲ့သော်ငြား ဒေသတွင်း နိုင်ငံနှစ်နိုင်ငံသာ ပါဝင်ခဲ့ပုံကိုကြည့်ကာ ရည်ရွယ်ချက်အမှန်ကို တွေးဆနိုင်ပါ၏။ တစ်ဖန် အဖွဲ့ဝင်မဟုတ်သော်လည်း ဆီးတိုး၏စစ်ရေး အကာအကွယ်ပေးမည့် နိုင်ငံများအဖြစ် လာအို၊ တောင်ဗီယက်နမ်နှင့် ကမ္ဘောဒီးယား (၁၉၅၆ ခုနှစ် မတိုင်မီထိ) တို့ကို ထည့်သွင်းထားခဲ့သည်။ထိုသို့  ဆီးတိုးဖွဲ့စည်းခဲ့သော အချိန်က မြန်မာနိုင်ငံသည် ဝန်ကြီးချုပ်ဦးနု၏ ဖဆပလအစိုးရလက်ထက် ပါလီမန်ဒီမိုကရေစီခေတ် ဖြစ်ပါသည်။ ၁၉၄၈ ခုနှစ်မတ်၂၈ မှ စတင်တောခိုခဲ့သော ဗမာပြည်ကွန်မြူနစ် ပါတီအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုအချို့ရှိနေသည့်တိုင် အမေရိကန် ဦးဆောင်သော ဆီးတိုးအုပ်စုနှင့် ဦးနုအစိုးရတို့ အလွမ်းမသင့်ခဲ့ပါ။

အာဆီယံကို ၁၉၆၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ဒေသတွင်းစီးပွားရေး တိုးတက်မှုများ ရယူနိုင်ခဲ့သည်မှာ ၁၉၇၉ ခုနှစ်အတွင်း ဗီယက်နမ်က ကမ္ဘောဒီးယားကို ကျူးကျော်ခဲ့ချိန်အထိဟု ဆိုရပါမည်။ ၁၉၇၆ ခုနှစ်၌ အာဆီယံ၏ ပထမဆုံးထိပ်သီး အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပခဲ့ပြီး စီးပွားရေး ပရော့ဂျက်များအတွက် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးနိုင်ခဲ့သည်သာမက ညီညွတ်ရေး သဘောတူညီချက် (Declaration of Concord) ကို ထုတ်ပြန်နိုင်ခဲ့၏။စစ်အေးကာလပြီးဆုံးချိန်တွင် အာဆီယံနိုင်ငံများအဖို့ စူပါပါ၀ါများ၏ ၀ါဒရေးရာလွှမ်းမိုးမှုမှ လွန်မြောက်လာကာ နိုင်ငံရေးအရ လွတ်လပ်စွာ ရပ်တည်ခွင့် ပိုမိုရှင်သန်လာခဲ့သည်။ ထို့ကြောင့် ၁၉၉၀ ပြည့်နှစ်ဝန်းကျင်၌ အာဆီယံသည် ဒေသတွင်း ကုန်သွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များ၌ ပို၍ ကျယ်ကျယ်လောင်လောင် ပြောလာနိုင်၏။ ၁၉၉၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ရေးစာချုပ် (Southeast Asian Nuclear Weapon Free Zone Treaty) ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ၁၉၉၇ ခု မတ်၂၈ ရက်တွင် ဖိလစ်ပိုင်တစ်နိုင်ငံမှအပ ဤစာချုပ်ပါသဘောတူညီချက်အတိုင်း နျူကလီးယား လက်နက်ကင်းမဲ့ဇုန်အဖြစ် အကျိုးသက်ရောက်မှုရှိခဲ့သည်။ အမေရိကန်၏စစ်အခြေစိုက်စခန်းရှိနေခဲ့သော ဖိလစ်ပိုင်သည် ၂၀၀၁ ခုနှစ် ဇွန်၂၁ ရက်၌ စာချုပ်တွင်အတည်ပြု လက်မှတ်ရေးထိုးခြင်းဖြင့် အာဆီယံဒေသတစ်ခုလုံးအတွက် နျူကလီးယား လက်နက်အသုံးပြုမှုကိုတားဆီးပြီး ဖြစ်လာခဲ့သည်။

၂၀၀၆ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ အာဆီယံကို ‘လေ့လာသူအဆင့်’ ပေးခဲ့ပြီး အပြန်အလှန်အားဖြင့်  အာဆီယံကလည်း ကုလသမဂ္ဂကို ‘ဆွေးနွေးဖက်’ အဖြစ် ပြန်လည်ချီးမြှင့်ခဲ့ပါ၏။

လက်ရှိကာလတွင် အာဆီယံ၏ အခြေခံရည်ရွယ်ချက်မှာ စီးပွားရေးတိုးတက်မှု အရှိန်အဟုန်မြှင့်တင်ရန်နှင့် လူမှုရေးတိုးတက်မှု၊ ယဉ်ကျေးမှုဖွံ့ဖြိုးရေးတို့ကိုပါ အရှိန်ရလာစေရန်ဖြစ်သည်။ ဒုတိယရည်ရွယ်ချက်မှာ ကုလသမဂ္ဂ၏ ပဋိညာဉ်နှင့်အညီ စည်းမျဉ်းစည်းကမ်းများကို အခြေခံလျက် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို တိုးမြင့်လာစေရန်ဖြစ်သည်။ ကမ္ဘာပေါ်တွင် စီးပွားရေးအရှိန်အဟုန် သွက်လက်မြန်ဆန်မှုများ ဖြစ်ထွန်း ပေါ်ပေါက်လာချိန်၌ အာဆီယံသည် စီးပွားရေးနှင့် လူမှုရေးနယ်ပယ်သာမက အခြားကဏ္ဍများ၌ပါ ပိုမိုကျယ်ပြန့်စွာ ဖြန့်ကြက်နိုင်ရန် ရည်ရွယ်လာခဲ့၏။ ၂၀၀၃ ခုနှစ်၌ အာဆီယံသည် သူ၏မဏ္ဍိုင်သုံးရပ်အဖြစ် အာဆီယံလုံခြုံရေး အသိုက်အဝန်း၊ အာဆီယံစီးပွားရေး အသိုက်အဝန်းနှင့် အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်းများကို ထူထောင်ခဲ့သည်။

ပထဝီနှင့် လူမှုစီးပွား အချက်အလက်များ

အာဆီယံနိုင်ငံများ၏ အကျယ်အဝန်းမှာ ၄,၅၂၂,၅၁၈ စတုရန်းကီလိုမီတာ (၁,၇၄၆,၁၅၄ စတုရန်းမိုင်) ရှိပြီး၂၀၂၁ ခုနှစ် ခန့်မှန်းစာရင်းအရ လူဦးရေ ၆၆၇.၃၉ သန်းကျော် နေထိုင်သည်။ လူဦးရေ သိပ်သည်းမှုမှာ တစ်စတုရန်း ကီလိုမီတာတွင် ၁၄၄ ယောက် (တစ်စတုရန်းမိုင်တွင် ၃၇၃ ယောက်) နှုန်း နေထိုင်သည်။ ဂျီဒီပီစုစုပေါင်း အမေရိကန်ဒေါ်လာ ၃.၃၅၆ ထရီလျံရှိပြီး တစ်ဦးချင်းဝင်ငွေမှာ ၄,၈၄၉ အမေရိကန် ဒေါ်လာဖြစ်ပါသည်။ ၂၀၁၈ ခုနှစ် လူသားဖွံ့ဖြိုးမှု ညွှန်းကိန်းမှာ ၀.၇၂၃ ဖြစ်၏။ အာဆီယံ၏ပျမ်းမျှ လူသားဖွံ့ဖြိုးမှု ညွှန်းကိန်းအောက်ရောက်နေသော လေးနိုင်ငံမှာ ဗီယက်နမ် (၀.၇၀၄)၊ လာအို (၀.၆၁၃)၊ ကမ္ဘောဒီးယား (၀.၅၉၄)နှင့် မြန်မာ (၀.၅၈၃) တို့ ဖြစ်ကြသည်။

ကမ္ဘာ့လူဦးရေ၏ ၈.၅ ရာခိုင် နှုန်းရှိသော အာဆီယံတွင် ၂၀၁၉ ခုနှစ်စာရင်းအရ အသက်လေးနှစ်အောက် ကလေး ၅၅.၂ သန်းနှင့် အသက် ၆၅ နှစ်အထက် လူကြီး ၄၆.၃ သန်းရှိသည်။ ဒေသတွင်း လူဦးရေတိုးနှုန်းမှာ တစ်နှစ်လျှင် ၁.၁ ရာခိုင်နှုန်းရှိပြီး အနိမ့်ဆုံး ၀.၂ ရာခိုင်နှုန်း (ထိုင်း) နှင့် အမြင့်ဆုံး ၁.၉ ရာခိုင်နှုန်း (ကမ္ဘောဒီးယား) တို့ ဖြစ်ကြသည်။ လူဦးရေ၏ ၄၉.၅ ရာခိုင်နှုန်းမှာ မြို့ပြတွင်အခြေချ နေထိုင်ကြပြီး လူဦးရေတစ်သန်းကျော်သည့် မြို့ကြီး ၃၁ မြို့ရှိသည်။

စီးပွားရေးအလားအလာ ကောင်းမွန်ခြင်း၊ အလုပ်လုပ်ကိုင်နိုင်သော အသက်အရွယ်ရှိသူ များပြားခြင်းစသည့် အားသာချက်များ ရှိသော်လည်း အာဆီယံနိုင်ငံများ၏အဓိကပြဿနာမှာ ‘အဂတိလိုက်စားမှု’ ဖြစ်၏။ ၂၀၁၅ ခုနှစ် အဂတိအညွှန်းကိန်း (Corruption Perceptions Index 2015) အရ ‘လက်ဖက်ရည်ဖိုး’ သည် ကျယ်ပြန့်စွာ နေရာယူဆဲဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှာ “လေကြီးလေကျယ်ပစ်၍ အလုပ်မဖြစ်လှ” ကြောင်း အစီရင်ခံခဲ့ကြသည်။

အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံရေး

“အာဆီယံနိုင်ငံရေး - လုံခြုံရေးအသိုက်အဝန်း (The ASEAN Political Security Community - APSC) သည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရက်တစ်နှင့် သဟဇာတဖြစ်မည့် အခင်းအကျင်းတစ်ရပ်ကို မျှော်မှန်းသည်” ဟု ဖော်ပြထားပါသည်။ ဤသို့အမှန်ဖြစ်ပေါ်နိုင်ပါမည်လား စိစစ်ကြည့်ရန်အတွက် တစ်နိုင်ငံချင်း၏ အစိုးရပုံစံများကို လေ့လာကြည့်ရပေမည်။

ဘရူနိုင်းဒါရုဆလမ်နိုင်ငံသည် ဘုရင်အုပ်ချုပ်သော မွတ်စလင်နိုင်ငံ (Unitary Islamic Absolute Monarchy) ဖြစ်၏။ လက်ရှိ ၂၀၂၁ ခုနှစ် အာဆီယံဥက္ကဋ္ဌရာထူးကို အလှည့်ကျ ထမ်းဆောင်နေသည်။ သူ့နိုင်ငံ၏ဆောင်ပုဒ်မှာ ‘ဘုရားသခင်၏အလိုတော်အတိုင်း အစဉ်ထာဝရ အလုပ်အကျွေးပြုရန်’ (“Always in service with God’s guidance”) ဖြစ်သည်။ လက်ရှိ စူလတန်ဘုရင် ဟတ်ဆန်နယ်ဘိုကီယာမှာ ၁၉၆၇ ခုနှစ်မှစ၍ ထီးနန်းရယူခဲ့သည့်အတွက် အင်္ဂလန်ပြည့်ရှင် အဲလီဇဘက် ဘုရင်မကြီးပြီးလျှင် နန်းသက်အရှည်ဆုံး ပဒေသရာဇ်ဖြစ်သည်။နိုင်ငံ့အကြီးအကဲရော အစိုးရအဖွဲ့အကြီးအကဲ တာဝန်ကိုပါယူထားသည့်အပြင် ဘရူနိုင်း၏ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်၊ဘဏ္ဍာရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးရာထူးများကိုပါ ရယူထား၏။

ကမ္ဘောဒီးယား၏ တရားဝင်နိုင်ငံအမည်မှာ ကမ္ဘောဒီးယား ဘုရင့်နိုင်ငံတော် (Kingdom of Cambodia) ဖြစ်သည်။ စည်းမျဉ်းခံ ဘုရင်စနစ်ကို ကျင့်သုံးပြီးတစ်ပါတီကသာ လွှမ်းမိုးသော ပါလီမန်ရွေးကောက်ပုံစနစ် (Government Unitary dominant – party parlia – mentary elective with constitutional monarchy) ဖြစ်သည်။ကမ္ဘောဒီးယား ပြည်သူ့ပါတီဥက္ကဋ္ဌ ဟွန်ဆန်က ၁၉၈၄ ခုနှစ် ဒီဇင်ဘာမှစ၍ ယနေ့အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

အင်ဒိုနီးရှားသမ္မတနိုင်ငံသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေးတွင် သမ္မတက ဦးဆောင်သော အစိုးရပုံစံဖြစ်သည်။ဥပဒေပြုရေးနှင့် ပတ်သက်၍ အထက်၊ အောက်လွှတ်တော်နှစ်ရပ်ရှိသည်။ သမ္မတသည် အစိုးရအဖွဲ့အတွက်ရော၊ နိုင်ငံအတွက်ပါ တစ်ဦးတည်းသော အကြီးအကဲဖြစ်၏။ လူဦးရေသန်း၂ရဝကျော်ရှိပြီး ကမ္ဘာ့မွတ်စလင်ဦးရေ အများဆုံးတိုင်းပြည်ဖြစ်သည်။

လာအို၏နိုင်ငံအမည် အပြည့်အစုံမှာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ (Lao People’s Democratic Republic) ဖြစ်သည်။ကုန်းတွင်းပိတ်နိုင်ငံ၊ ဆိုရှယ်လစ်တိုင်းပြည်ဖြစ်ပြီး မာ့က်စ်-လီနင် တစ်ပါတီတည်းသာရှိသည်။

မလေးရှား၌ အလှည့်ကျ ရွေးချယ်တင်မြှောက်ရသော စည်းမျဉ်းခံဘုရင်က နိုင်ငံ့အကြီးအကဲဖြစ်ပြီး အစိုးရအဖွဲ့ကို ဝန်ကြီးချုပ်က ဦးဆောင်သည်။ ဖက်ဒရယ်ဖွဲ့စည်းပုံအရ အထက်လွှတ်တော်၊ အောက်လွှတ်တော်ရှိ၏။ ဝန်ကြီးအဖွဲ့ကို ပါလီမန်ကိုယ်စားလှယ်များထဲကသာ ရွေးချယ်သည်။ ဥပဒေပြုရေး၌ အင်္ဂလန် ဓနသဟာယပုံစံကို ယူထားသည်။ တိုင်းပြည်လူဦးရေ၏ ၆၁.၃ ရာခိုင်နှုန်းသည် အစ္စလာမ်ဘာသာကို ကိုးကွယ်သည်။

မြန်မာ၏ အမည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဖြစ်သည်။ ၂၀၁၀ နိုဝင်ဘာတွင် ရွေးကောက်ပွဲပြုလုပ်ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့၏။ အုပ်ချုပ်ရေး၌သမ္မတသည် နိုင်ငံ့အကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲ ဖြစ်၏။ အမျိုးသားလွှတ်တော်နှင့် ပြည်သူလွှတ်တော်နှစ်ရပ်ထားရှိပြီး ရွေးကောက်ခံကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းနှင့် ခန့်အပ် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာ ခိုင်နှုန်းဖြင့် ပါလီမန်ကို ဖွဲ့စည်းသည်။ ရွေးကောက်ပွဲ မဲမသမာမှု ပေါ်ပေါက်ခဲ့၍ ၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်တွင် ယာယီသမ္မတက အရေးပေါ်အခြေအနေ ကြေညာကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သို့ အာဏာထိန်းသိမ်းရန် လွှဲပြောင်းပေးထား၏။

ဖိလစ်ပိုင်သမ္မတနိုင်ငံမှာ ကျွန်းစုများဖြင့် ဖွဲ့စည်းထားသော နိုင်ငံဖြစ်သည်။ သမ္မတအုပ်ချုပ်သည့်စနစ်ကို ကျင့်သုံးသော ဒီမိုကရေစီနိုင်ငံဖြစ်သည်။ သမ္မတသည် ခြောက်နှစ်သက်တမ်းတစ်ခုအတွက်သာ တာဝန်ထမ်းဆောင်ခွင့်ရှိပြီး နိုင်ငံနှင့်အစိုးရအဖွဲ့၏အကြီးအကဲလည်းဖြစ်ပါသည်။ အထက်လွှတ်တော်အမတ်များကို ခြောက်နှစ်တစ်ကြိမ် ရွေးချယ်၍ အောက်လွှတ်တော်အမတ်များကို သုံးနှစ်တစ်ကြိမ် ရွေးချယ်သည်။ တိုင်းပြည်လူဦးရေ၏ ၈၈.၇ ရာခိုင်နှုန်းသည် ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြသည်။

စင်ကာပူသမ္မတနိုင်ငံသည် ဝက်စ်မင်စတာပါလီမန် ပုံစံယူထားသော ကျွန်းနိုင်ငံဖြစ်ပြီး အာဆီယံအဖွဲ့အတွင်း တစ်ဦးချင်းဝင်ငွေအမြင့်မားဆုံး တိုင်းပြည်ဖြစ်သည်။နိုင်ငံ့အကြီးအကဲမှာသမ္မတဖြစ်ပြီး အစိုးရအဖွဲ့အကြီးအကဲမှာ ဝန်ကြီးချုပ်ဖြစ်သည်။ ဥပဒေပြုလွှတ်တော်တစ်ရပ်သာ ထားရှိပြီးပြည်သူ့ လှုပ်ရှားမှုပါတီ (The People’s Action Party - PAP) ကသာ အစဉ်အဆက် လွှမ်းမိုးထားပါသည်။

ထိုင်းဘုရင့်နိုင်ငံတော်သည် အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အလယ်ဗဟို၌ တည်ရှိသည်။ စည်းမျဉ်းခံဘုရင်စနစ်ကို ကျင့်သုံးပြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့၏အကြီးအကဲဖြစ်သည်။ ၁၉၃၂ ခုနှစ် မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ချာတာ ၂၀ ကျော် ရေးဆွဲခဲ့ပြီး လက်ရှိတွင်၂၀၁၇ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ခရီးဆက်လျက်ရှိသည်။ ၁၉၃၂ မှ၂၀၂၁ ခုနှစ်အထိ ၈၈ နှစ်ကာလအတွင်း စစ်တပ် သို့မဟုတ် စစ်တပ်မှ အငြိမ်းစားယူထားသည့် နိုင်ငံရေးခေါင်းဆောင်တို့ အုပ်ချုပ်ချိန်နှစ် ၆၀ ရှိ၏။ဥပဒေပြုအာဏာအတွက် အထက်လွှတ်တော်အမတ် ၁၅၀၊ အောက်လွှတ်တော် အမတ် ၃၅၀ တို့ဖြင့်ဖွဲ့စည်းထားသည်။

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ နိုင်ငံသည် မာ့က်စ်-လီနင်ဆိုရှယ်ဝါဒနှင့် တစ်ပါတီစနစ်ကို ကျင့်သုံးသည်။ အရှေ့တောင်အာရှတွင် လာအိုနှင့် ဗီယက်နမ်သာ ကွန်မြူနစ်ဝါဒကို ကျင့်သုံးဆဲ တိုင်းပြည်များဖြစ်သည်။ The Economist မဂ္ဂဇင်းကတော့ ဗီယက်နမ်၏ခေါင်းဆောင်မှုကို ‘အူလှိုက်သည်း လှိုက်အရင်းရှင်ဖြစ်နေသော ကွန်မြူနစ်များ’ ဟု ကင်ပွန်းတပ်ခဲ့၏။ထူးခြားချက်နောက်တစ်ခုမှာ ဗီယက်နမ်လူဦးရေ၏ ၇၃.၇ ရာခိုင်နှုန်းမှာ ကိုးကွယ်ရာ ဘာသာမရှိခြင်းပင်ဖြစ်သည်။

အာဆီယံ ၁၀ နိုင်ငံ၏ အုပ်ချုပ်ရေးနှင့် ဥပဒေပြုအာဏာ ကျင့်သုံးပုံများအရ လည်းကောင်း၊ အဓိက ကိုးကွယ်ရာဘာသာကွဲပြားမှုများအရ လည်းကောင်း၊ နိုင်ငံရေးဝါဒအပေါ် သက်ဝင်ယုံကြည်မှုများအရ လည်းကောင်း၊ ရေမြေတောတောင် တစ်ဆက်တစ်စပ်တည်း ရှိနေသည်မှအပ ၁၀ နိုင်ငံစလုံး တစ်ခုတည်းသောတန်ဖိုး၊ တစ်ကြောင်းတည်းသောစိတ်၊ တစ်သံတည်းသောဆုံးဖြတ်ချက် ထွက်ပေါ်လာဖို့ရာ အားနည်းလွန်းသည်ဟု ကောက်ချက်ချရမည် ဖြစ်သည်။ ထို့ကြောင့် အစဉ်အလာအားဖြင့် အာဆီယံက ထုတ်ပြန်လိုက်သော မည်သည့်ရုံးစာတစ်စောင်၊ ထုတ်ပြန်ချက်တစ်ရပ်မဆို consensus ဟူသည့် သဘောမတူသူမရှိမှသာ တစ်စိတ်တစ်ဝမ်းတည်း ဆုံးဖြတ်ချက်ချခြင်းမျိုး အစဉ်အလာရှိခဲ့ပါသည်။ ထို့ကြောင့် ကျန်ဒေသဆိုင်ရာအဖွဲ့များနှင့်ယှဉ်သော် ခရီးတွင်မှု အားမကောင်းလှဘဲ၊ နိုင်ငံတကာရေးရာ  ပိုင်းခြားစိတ်ဖြာသူများက ‘အလုံးတွေကကြီးပြီး၊ အလုပ်ကတော့ နည်းကြောင်း’ သုံးသပ်ခဲ့ခြင်း ဖြစ်ပါသည်။ ဘန်ကောက်အခြေစိုက်၊ အာဆီယံရေးရာ လွတ်လပ်သောသုံးသပ်သူ ပေါ့ပွန်းလဝမ်ဆီရီက ‘အာဆီယံမူဝါဒတွေဟာ နားထောင်လို့တော့ ကောင်းမှကောင်း။ ဒါပေမဲ့အကောင်အထည်ကတော့ ပေါ်မလာ’ ဟု ပြောခဲ့၏။ ‘အာဆီယံဟာ နှစ်စဉ်နှစ်တိုင်း အစည်းအဝေး ၆၀၀ ကျော်လုပ်တယ်။ တကယ် အကောင်အထည်ဖော်တာက သဘောတူညီချက်ရဲ့ ၅၀ ရာခိုင်နှုန်းမပြည့်ပါဘူး။’

အာဆီယံပဋိညာဉ်စာတမ်း

၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများသည် ၂၀၀၇ ခုနှစ် နိုဝင်ဘာအတွင်း လက်မှတ်ရေးထိုးခဲ့သော ပဋိညာဉ်စာတမ်းကို  စတင်အသက်ဝင်စေခဲ့ပါသည်။ တကယ်တော့ ဤပဋိညာဉ်စာတမ်း ရေးဆွဲထုတ်ပြန်ခြင်းမှာလည်း ဥရောပသမဂ္ဂကို အတုခိုးခဲ့ခြင်းဖြစ်၏။ သို့သော် ပဋိညာဉ်ဖြစ်လာသည့်အတွက် ဥပဒေရေးရာအရ စည်းနှောင်မှုဖြစ်သည့်အပြင် ထိုအချိန်က ဒေသတွင်းနေ ပြည်သူသန်း ၅၀၀ ကျော်အတွက် တစ်ခုတည်းသော လွတ်လပ်စွာ ကုန်သွယ်မှုဧရိယာအဖြစ် ရှေ့ခရီးဆက်နိုင်ရန်လမ်းစလည်း ဖြစ်ပါသည်။ အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘမ်ဘန်းယူဒိုယိုနိုက ‘အရှေ့တောင်အာရှဟာ ၁၉၆၀ ပြည့် နဲ့၁၉၇၀ ပြည့်နှစ် ကာလတွေတုန်းကလို စစ်ဘေးစစ်ဒဏ်သင့်နေတဲ့၊ ခါးခါးသီးသီး သွေးခွဲခံထားရတဲ့ အခြေအနေမျိုး နောက်ထပ်ရှိမှာ မဟုတ်တော့ပါဘူး’ ဟု ကောက်ချက်ပြု ပြောကြားခဲ့၏။

အာဆီယံ ပဋိညာဉ်စာတမ်းတွင် အာဆီယံ၏ ရည်ရွယ်ချက် ၁၅ ချက်၊ အခြေခံမူ ၁၄ ချက်၊ အခွင့်အရေးနှင့် တာဝန်သုံးခု၊ ထိပ်သီးအစည်းအဝေးဆိုင်ရာ အချက်ကြီးသုံးချက်နှင့် အချက်ငယ်ကိုးချက်၊ တိုင်ပင်ဆွေးနွေးခြင်းနှင့် ဆုံးဖြတ်ချက် ချမှတ်ခြင်းဆိုင်ရာ လေးချက်စသဖြင့် အပိုဒ်ပေါင်း ၅၅ ပိုဒ် ပါဝင်ပါသည်။

ထိပ်သီးအစည်းအဝေး

အာဆီယံအစိုးရ ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးကို ကျင်းပခြင်းဖြင့် အဖွဲ့ဝင်တစ်နိုင်ငံချင်းစီက ဒေသဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခြင်းနှင့် အဖြေရှာနိုင်ခြင်း၊ အဖွဲ့ဝင်နိုင်ငံများအပြင် အခြားပြင်ပနိုင်ငံ၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်စည်းဝေးခွင့်ရသည့်အတွက် ပြင်ပဆက်ဆံရေးနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကိုပါ အကျွမ်းတဝင်ရှိလာခြင်းစသော ကောင်းကျိုးဖြစ်ထွန်းမှုများ ရှိပါသည်။

အာဆီယံ၏ ပထမဆုံးထိပ်သီး အစည်းအဝေးကို ၁၉၇၆ ခုနှစ်၌ အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ကျင်းပခဲ့၏။ ၁၉၈၇ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ မနီလာတွင် ကျင်းပခဲ့သော တတိယအကြိမ် အာဆီယံထိပ်သီး အစည်းအဝေးက နိုင်ငံ့ခေါင်းဆောင်များ ငါးနှစ်လျှင်တစ်ကြိမ် တွေ့ဆုံကြရန် ဆုံးဖြတ်ခဲ့သည်။ ၁၉၉၂ ခုနှစ်စတုတ္ထအကြိမ် အာဆီယံ ထိပ်သီးအစည်းအဝေးကို စင်ကာပူ၌ ကျင်းပသည့်အခါ ခေါင်းဆောင်များ ယခုထက်ပို၍ ထိတွေ့ခွင့်ရနိုင်ရန်အတွက် သုံးနှစ်လျှင်တစ်ကြိမ် ထိပ်သီးအစည်းအဝေး ကျင်းပရန် ဆုံးဖြတ်ခဲ့ပြန်သည်။ ၂၀၀၁ ခုနှစ်တွင်မူ ဒေသတွင်းနှင့် သက်ဆိုင်သော အရေးပေါ်ကိစ္စရပ်များကို အာဆီယံအနေဖြင့် ပိုမိုဆောင်ရွက်နိုင်ရန်အလို့ငှာ ထိပ်သီးအစည်းအဝေးကို နှစ်စဉ်ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလအတွင်း အာဆီယံပဋိညာဉ်စာတမ်း အတည်ပြုပြီးချိန်မှစ၍ အာဆီယံနိုင်ငံ့ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးကို တစ်နှစ်လျှင်နှစ်ကြိမ် ကျင်းပလာခဲ့ပါသည်။

၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာသမ္မတများအဖြစ် တာဝန်ထမ်းဆောင်သွားကြသော ဦးထင်ကျော်နှင့် ဦးဝင်းမြင့်တို့အနက် ဦးထင်ကျော်မှာ အာဆီယံထိပ်သီးအစည်းအဝေးသို့ တစ်ကြိမ်မှမတက်ရောက်ခဲ့ဖူးပါ။သမ္မတဦးဝင်းမြင့်မှာမူ ၂၀၁၈ ခုနှစ် ဧပြီလ စင်ကာပူ၌ ကျင်းပခဲ့သော ၃၂ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးသို့ တစ်ကြိမ်တက်ရောက်ခဲ့သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတသည် နိုင်ငံ့အကြီးအကဲ၊ အစိုးရအဖွဲ့၏အကြီးအကဲဖြစ်ပြီး အာဆီယံထိပ်သီးအစည်းအဝေးသို့ တစ်ဦးတည်းသော တက်ရောက်ခွင့်ရှိသူဖြစ်ပါသည်။

၂၀၂၁ အောက်တိုဘာ၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ၌ မြန်မာနိုင်ငံအတွင်း မဲမသမာမှုများဖြစ်ပေါ်ခဲ့၍ ယာယီသမ္မတက အရေးပေါ်အခြေအနေ ကြေညာကာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်အာဏာသုံးရပ် လွှဲအပ်ကျင့်သုံးစေခဲ့သည်။ နိုင်ငံတွင် ဆန္ဒပြပွဲများ၊ ဆူပူမှုများသာမက အကြမ်းဖက်မှုများ ပေါ်ပေါက်လာခဲ့၏။

အာဆီယံအနေဖြင့် မြန်မာ့ပြည်တွင်းရေးနှင့် ပတ်သက်သော ဘုံသဘောတူညီချက်ငါးရပ်ကို ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်တွင် ချမှတ်ခဲ့ရာ အောက်ပါအတိုင်း တွေ့ရမည်။

(၁) မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို အချိန်မဆိုင်း ရပ်တန့်နိုင်ရေးအတွက် အစုအဖွဲ့အားလုံး အနေဖြင့် အဖြစ်နိုင်ဆုံး ထိန်းသိမ်းသင့်ပါသည်။

(၂) ပြည်သူတို့၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသော အဖြေရှာရန် အလို့ငှာပတ်သက်ယှက်နွှယ်နေသည့် အစုအဖွဲ့အားလုံး အကြားအပြု သဘောဆောင်သော တွေ့ဆုံပြောကြားမှု စတင်သင့်ပါသည်။

(၃) အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်က (မြန်မာနိုင်ငံအတွင်း) တွေ့ဆုံပြောကြားမှုအတွက် စေ့စပ်ညှိနှိုင်းမှု ပြုလုပ်နိုင်ရန် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်၏ပံ့ပိုးမှုဖြင့် ဆောင်ရွက်သွားမည်။

(၄) အာဆီယံ လူသားချင်းစာနာမှု အကူအညီစင်တာမှတစ်ဆင့် လူသားချင်းစာနာမှု အထောက်အပံ့များ ကူညီသွားမည်။

(၅) အထူးကိုယ်စားလှယ်နှင့် အဖွဲ့သည် ပတ်သက်ယှက်နွှယ်နေသည့် အစုအဖွဲ့အားလုံးနှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့ သွားရောက်ကြပါမည်။

ဤသဘောတူညီချက်များအရ အာဆီယံဥက္ကဋ္ဌ၏ ကိုယ်စားလှယ်အဖြစ် အဆိုပြုခန့်အပ်မှုတွင် အာဆီယံနှင့် ကာယကံရှင် မြန်မာနိုင်ငံအကြား လနှင့်ချီ၍ အချိန်ယူခဲ့၏။တစ်ဖန်ကိုယ်စားလှယ်ဖြစ်သူ ဘရူနိုင်းနိုင်ငံခြားရေး ဒုဝန်ကြီး အိရိုင်ဝမ်ယူဆွတ်က မြန်မာနိုင်ငံခရီးစဉ်အတွက် တွေ့ဆုံခွင့်တောင်းထားသော ပုဂ္ဂိုလ်များတွင် တည်ဆဲဥပဒေအရ တရားရုံးတွင် အမှုရင်ဆိုင်နေရသူများ ပါဝင်နေပြန်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာဆီယံဥက္ကဋ္ဌက ခန့်အပ်ထားသော ကိုယ်စားလှယ်တို့အကြား အပြန်အလှန် စာသွားစာလာများက အောက်တိုဘာလအတွင်းသို့ ချင်းနင်းဝင်ရောက်လာခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့၏။ အစည်းအဝေး၏အနှစ်ချုပ်မှာ သဘောတူညီချက်ငါးရပ်နှင့် ပတ်သက်၍ သိသာထင်ရှားသော တိုးတက်မှု တစ်စုံတစ်ရာမရရှိသည့်အတွက် အောက်တိုဘာလကုန်ပိုင်းတွင် ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ မြန်မာအိမ်စောင့်အစိုးရ ဝန်ကြီးချုပ်ကို ဖိတ်ကြားမည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းပင်ဖြစ်ပါသည်။

ပေါ်ထွက်လာသည့် မေးခွန်းများ

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အာဆီယံနိုင်ငံများသည် ရေမြေတောတောင် ဆက်စပ်သည်မှအပ အနည်းဆုံး ထက်ဝက်ကျော် သဘောတူညီညွတ်ရန် ခက်ခဲသော နောက်ခံအသီးသီး ရှိကြပါသည်။ထိုအခြေအနေမျိုးတွင် နိုင်ငံအချင်းချင်း အပြန်အလှန် အသိအမှတ်ပြု လေးစားရန်အလို့ငှာ ‘ပဋိညာဉ်’ ကသာ အကောင်းဆုံး စည်းနှောင်မှု ဖြစ်ပါလိမ့်မည်။

အာဆီယံပဋိညာဉ်၏ အပိုဒ် (၂) အခြေခံမူများ - ၂ (င)  ‘အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုမရှိခြင်း’ နှင့်၂ (စ) ‘ပြင်ပမှ ဝင်ရောက် စွက်ဖက်မှု၊ ဖျက်လိုဖျက်ဆီးပြုမှုနှင့် ဖိအားပေးမှုများ ကင်းရှင်းစွာဖြင့် အမျိုးသားရေး တည်ရှိမှုဆိုင်ရာ အဖွဲ့ဝင်နိုင်ငံတိုင်း၏အခွင့်အရေးကို လေးစားခြင်း’ ဆိုသော အခြေခံမူများ ရှိနှင့်ပြီးဖြစ်ပါသည်။

တစ်ဖန် သံခင်းတမန်ခင်းအရ ထောက်ဆလျှင်လည်း နိုင်ငံ၏အမြင့်ဆုံးပုဂ္ဂိုလ်များ၏ အစည်းအဝေးကို မည်သူ့အား မဖိတ်ကြားသင့်ကြောင်း ဆုံးဖြတ်နေသူများမှာ ဝန်ကြီးအဆင့် အင်္ဂါစဉ်သာရှိသူများ ဖြစ်နေပုံကလည်း အရပ်ရပ်နှင့် အနယ်နယ်ကြား၍မှ မတော်သည့်အပြင် ‘အာရှတိုက်က အရိုင်းအစိုင်းများ’ တည်းဟူသော နွံထဲက မတက်နိုင်မည့် အကွက်ဖြစ်နေပြန်၏။ ဤဆုံးဖြတ်ချက် ပေါ်ထွက်လာပြီး ယခုသီတင်းပတ်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏မူဝါဒရေးရာ အကြံပေး ဒဲရက်ချိုလက်သည် ထိုင်း၊ စင်ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ ရောက်ရှိလာခဲ့၏။ သူက ‘စင်ကာပူနိုင်ငံဟာ မြန်မာစစ်ခေါင်းဆောင်တွေ ငွေထုတ်ငွေသွင်း လုပ်ရခက်ခဲအောင် ဖိအားပေး လုပ်ဆောင်နိုင်တဲ့ အခွင့်အလမ်းရှိကြောင်း၊ လာမယ့် အာဆီယံ ထိပ်သီးစည်းဝေးပွဲမှာ စစ်ကောင်စီအကြီးအကဲကို မဖိတ်ဖို့ အာဆီယံက ဆုံးဖြတ်လိုက်တဲ့ သာဓကဟာ  နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ ထိရောက်မှုရှိတယ်ဆိုတာကို ပြသလိုက်တာဖြစ်ကြောင်း’ ထင်ထင်ပေါ်ပေါ် ပြောဆိုခဲ့သည်။

ယခုအတိုင်းဆိုလျှင် အာဆီယံ ပဋိညာဉ်ပါ အခြေခံမူများကတော့ ပျက်ပြယ်ခဲ့ပြီဖြစ်သည်။မြန်မာတစ်နိုင်ငံတည်း အရေးသာမက ကျန်အဖွဲ့ဝင်ကိုးနိုင်ငံတွင်လည်း အလားတူ သို့မဟုတ် မနီးယိုးစွဲ ပြဿနာတစ်ခုခု ထပ်မံပေါ်ပေါက်ခဲ့သော် အာဆီယံပဋိညာဉ်သည် ယခုလိုပင် ‘စက္ကူကျား’ ဘဝ ပြန်ရောက်သွားတော့မည်လော။

အာဆီပဋိညာဉ် စတင်အသက်ဝင်ချိန်က အင်ဒိုနီးရှားသမ္မတ ပြောခဲ့သော ခါးခါးသီးသီး သွေးခွဲခံရသည့် အခြေအနေမျိုး နောက်ထပ်တစ်ဖန် ပြန်ဖြစ်လာပြီလော။

အာဆီယံ၏အခြေပြုခဲ့ရာ ဆီးတိုးအုပ်စုကြီးက၂၁ ရာစုတွင် ‘ခြောက်အိပ်မက်’ တစ်ခါပြန်ပေး လာပြန်ပြီလော။

နိဂုံးချုပ်အနေဖြင့် မြန်မာခေါင်းဆောင်တစ်ဦး၏ အာဆီယံအပေါ် တွေးမြင်ဖြတ်ထုံးပြုခဲ့ပုံနှင့် အဆုံးသတ်ပါမည်။ ရောဘတ်အိပ်ချ်တေလာပြုစုခဲ့သော ‘ဗိုလ်ချုပ်ကြီးနေဝင်း’ မှ ထုတ်နုတ်ပါသည်။

‘ဗီယက်နမ်စစ်ပွဲ အပြီးတွင် ပေါ်ပေါက်လာခဲ့သော အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သို့မြန်မာနိုင်ငံပါဝင်ရေးကို အဓိကထားပြီးဆွေးနွေးခဲ့ကြသည်။ ဦးနေဝင်းက မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝါဒသည် အာဆီယံထက် ပို၍ကြားနေ လွတ်လပ်သော နိုင်ငံဖြစ်သည့်အတွက် ထိုအသင်းနှင့် ကင်းလွတ်စွာနေလိုကြောင်း ပြောကြားခဲ့သည်။’

‘၁၉၇၀ ပြည့်နှစ်၊ နှစ်လယ်ပိုင်းတွင် အာဆီယံခေါင်းဆောင်များသည်  အရှေ့တောင်အာရှနိုင်ငံများ အသင်း၌ မြန်မာပါဝင်လာနိုင်ရေးအတွက် ပြန်ထည့်စဉ်းစားကြရာတွင် အာဆီယံသည် အနောက်နိုင်ငံများနှင့် မဟာမိတ်ပြုရန်မဟုတ်ဘဲ ဒေသတွင်းနိုင်ငံများ အချင်းချင်း စည်းလုံးညီညွတ်ကြရန်နှင့် တစ်နိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်ဟူသော သဘောထား၊ တစ်နည်းအားဖြင့် ဦးနေဝင်း၏သဘောထားကို အားလုံးသဘောတူ လက်ခံခဲ့ကြသည်။ (အာချာရာ၂၀၁၂၊ စာ - ၁၂၅)’ (စာမျက်နှာ - ၄၉၀)

‘လွှတ်တော် မကျင်းပမီ သြစတြေးလျ လေဘာပါတီဝန်ကြီးချုပ် ဂေါ့ဖ်ဝှစ်တလမ်၏ လေးရက်ကြာ အလည်အပတ် ခရီးစဉ်သည် နှစ်နိုင်ငံရင်းနှီးစွာ ဆက်ဆံရေးကို အစပြုခဲ့သည်။ သြစတြေးလျဝန်ကြီးချုပ် ဝှစ်တလမ်က အာဆီယံအဖွဲ့သို့ဝင်ရန် တိုက်တွန်းခဲ့ရာ ဦးနေဝင်းက ငြင်းပယ်ခဲ့သည်။ အာဆီယံအဖွဲ့သည် တရုတ်နိုင်ငံကို အသိအမှတ်ပြုပြီး ဆက်ဆံသည့်အချိန်၊ ထိုင်းနိုင်ငံမှ အမေရိကန်တပ်များ ရုပ်သိမ်းသည့် အချိန်ကျမှသာ အာဆီယံအဖွဲ့ထဲသို့ မြန်မာနိုင်ငံ ဝင်ရောက်မည်ဟု တုံ့ပြန်ခဲ့သည်။’ (စာမျက်နှာ - ၄၉၃)

သမိုင်းတို့သည် တစ်ခါတစ်ရံ စိမ်းလန်းသောမြက်ခင်းပြင်၌ ရင်ခုန်သံတိုးတိုးဖွဖွ အသံပြုလျက် အသက်ရှင်သန် ထင်ကျန်နေဆဲ ဖြစ်ပါ၏။

References :

https://apnews.com/article/business-asia-myanmar-global-trade-southeast-asia-020da6ef264d3a95clcbffaa020cda59

https://www.pyisoe.com/2018/10/asean-charter.html?m=1

https://en.m.wikipedia.org/wiki/ASEAN

https://en.m.wikipedia.org/wiki/Southeast_Asia_Treaty_Organization

https://asean.org/

https://burmese.voanews.com/a/myanmar-indonesia-derek-chollet-voa-burmese-military-coup-/6279691.html

ဗိုလ်ချုပ်ကြီးနေဝင်း (နိုင်ငံရေးအတ္ထုပ္ပတ္တိ) ၊ Robert H.Taylor-Ze က ပြန်ဆို၊ Myanmar Heritage Publication? ၊ ပထမအကြိမ်၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ။