ညဟာ အလင်းရောင်ကို ကျောခိုင်းရင်း အမှောင်ထုထဲကို တဖြည်းဖြည်း တိုးဝင်ခဲ့တယ်။ ပြီးတော့ ညဟာညထဲမှာ မျက်စိအကြောင်သားနဲ့ ငုတ်တုတ်မေ့နေတယ်။ သဘာဝက ပေးအပ်ထားတဲ့ တာဝန်အရ ညဟာမျက်စိကို ခေတ္တပိတ်ဖို့၊ မှိတ်ဖို့ တာဝန်ယူထားသူလေ။ မျက်စိမပိတ်လို့လည်း မရဘူးလေ။ ညက အလင်းရောင်ကိုမှ မပိုင်ဆိုင်ထားတာ။ အရာဝတ္ထုတစ်ခုကို မျက်စိကမြင်တွေ့နိုင်ဖို့ အလင်းရောင် လိုတယ်။ အရာဝတ္တုတစ်ခုကို ထိရိုက်ပြီး ပြန်ထွက်လာတဲ့ ပြန်လင်းတန်းဟာ မျက်စိရဲ့ မြင်လွှာပေါ်ကို ပုံရိပ်အဖြစ် ထုဆစ်ပေးတယ်။ ဒီတော့ အလင်းရောင် မရှိတဲ့ညဟာ မျက်စိမှေးမှိတ် အိပ်စက်ရာကာလတစ်ခု အလိုလိုဖြစ်လာတော့တာပေါ့။
အခုတော့ မှိတ်ရမဲ့မျက်စိကမမှိတ်၊ အိပ်ရမဲ့မျက်စိက မအိပ်နဲ့ညဟာ ကြောင်စီစီနဲ့ ငုတ်တုတ်မေ့နေတယ်။ အလင်းရောင်ရဲ့ အဓိကပင်ရင်းက နေမင်း။ ဒီဂရီစင်တီဂရိတ်ပေါင်းများစွာ ပူပြင်းလောင်ကျွမ်းနေတဲ့ နေမင်းရဲ့ အပူရှိန်ဆီကနေ အလင်းရောင်က ဖြာဆင်းလာတာ။ ညကတော့ အဲဒီနေမင်းနဲ့ မထိတွေ့ရဘူး။ ညမှာနေမရှိဘူး။ ဒီတော့ ညဆိုတာ အေးချမ်းမှုအသွင်ကို ဆောင်တယ်။ ဒါပေမဲ့ လတ်တလော မျက်စိကြောင်နေတဲ့ ညကတော့ အေးချမ်းနေခြင်းမရှိ။ သောကတွေ တဖျစ်ဖျစ်နဲ့ ချွေးဒီးဒီးကျအောင် ပူလောင်အိုက်စပ်လို့။
အချိန်အခါမဟုတ် ရွာချလိုက်တဲ့ မိုးကလည်း ညရဲ့အပူကို မဖြေဖျောက်နိုင်။ ဆောင်းဦးလေတွေ ရောယှက်စိမ့်ဝင်နေတဲ့တိုင် မိုးစက်မိုးပေါက်တွေဟာ အေးစိမ့်ခြင်းသရုပ်ကို မဖော်ဆောင်နိုင်ဘဲ ညရဲ့သောကအောက်မှာ အငွေ့ပြန်သွားကြတယ်။ ညဟာ ထူးထူးခြားခြား ပိုးကောင်ငယ်လေးတွေရဲ့ အော်သံကိုတောင် မကြားရဘဲ တိတ်ဆိတ်နေတယ်။ ညဉ့်ငှက်တွေရဲ့ အသံကိုလည်း မကြားရဘူး။ ယုတ်စွအဆုံး ခွေးလေခွေးလွင့်တွေရဲ့ တောင်တောင်အီအီ အော်ဟစ်သံကိုတောင်မှ မကြားရဘဲ ညဟာ မိုးစွတ်စွတ်၊ လေအေးအေးအောက်မှာပဲ ခြောက်ကပ်အထီးကျန်နေရတယ်။
နှင်းနဲ့မိုး ရောထွေးနေတဲ့ မိုးနှင်းတွေရဲ့ အအေးဒဏ်ဟာ ပြင်းလွန်းတာမို့ ညခန္ဓာ (ကိုယ်ထည်) ကြီးဟာ တဆတ်ဆတ်တုန်တက်လာတယ်။ ဒါပေမဲ့ ညရဲ့ရင်တွင်း ခံစားချက်မှာတော့ အေးတယ်ဆိုတဲ့ ခံစားမှုမျိုး ရရှိမနေဘူး။ ခန္ဓာကိုယ်အခွံကြီးက ဘယ်လောက်ပဲ အအေးဒဏ်ကို ခံစားနေရပေမဲ့ အတွင်းကလီစာတွေကတော့ ငရဲမီးဒယ်အိုးထဲမှာ အပြုတ်ခံထားရတဲ့ ငရဲသားတွေလို တလူးလူးတလိမ့်လိမ့် ခံစားလောင်မြိုက်နေကြရတယ်။
ညဦးကိုလွန်ပြီး ညလယ် (သန်းခေါင်) ဆီ ချဉ်းကပ်လာတဲ့တိုင် ဆောင်းဦးမိုးက တဖျောက်ဖျောက် ရွာချနေဆဲ။ တချို့ကတော့ ဒီမိုးကိုစပါးလဲမိုးလို့ ခေါ်ကြတယ်။ စပါးပင်တွေလဲ၊ မလဲတော့မသိ။ ညကတော့ မိုးစက်မိုးပေါက်တွေအောက်မှာ အလျားလိုက်လှဲလျောင်းပြီး ငြိမ်သက်လို့။ ငြိမ်သက်နေပေမဲ့ အိပ်စက်နေတာမျိုးတော့မဟုတ်။ ညဟာမျက်စိကြောင်နေဆဲ။ နွေညလား၊ မိုးညလား၊ ဆောင်းညလား သဲသဲကွဲကွဲ ခွဲခြားမရတဲ့ညဟာ မျက်စိအကြောင်သားနဲ့ ငုတ်တုတ်မေ့နေဆဲ။
ကမ္ဘာဦးအစ ကမ္ဘာမြေကြီး ပြန်လည်ပေါ်ထွန်းလာတဲ့အခါ ဗြဟ္မာဘုံမှ ဗြဟ္မာတို့ဟာ သက်တမ်းကုန်ဆုံးပြီး လူ့ပြည်ဆင်းသက်၊ ဥပပါတ်ပဋိသန္ဓေနဲ့ လူဖြစ်လာကြတယ်။ အဲဒီကမ္ဘာဦးလူသားတွေဟာ ကိုယ်ရောင်ကိုယ်ဝါ ထွန်းတောက်နေကြတယ်။ အဲဒီအချိန်က ကမ္ဘာမြေကြီးကလည်း ပုံသွန်းလောင်းထားတဲ့ ထောပတ်လို သိမ်မွေ့နူးညံ့တဲ့ မြေဆီလွှာအဖြစ် ရှိနေတယ်။ တစ်စုံတစ်ယောက်သော ကမ္ဘာဦးလူသားက မြေဆီလွှာကို လျှာပေါ်တင်ပြီး အရသာခံကြည့်လိုက်တဲ့အခါ ကိုယ်ရောင်ကိုယ်ဝါတွေ ပျောက်ကွယ်ပြီး တစ်ကမ္ဘာလုံး မှောင်အတိ ဖုံးလွှမ်းသွားတယ်။
ကမ္ဘာဦးလူသားတွေ အလွန်တရာ ကြောက်ရွံ့သွားကြတယ်။ အဲဒီအချိန်မှာပဲ ယူဇနာတစ်ထောင် အလင်းဆောင်တဲ့ နေမင်းကြီး ထွက်ပေါ်လာတယ်။ ကမ္ဘာဦးလူသားတွေ ဝမ်းသာအားရ ဖြစ်ကြတယ်။ ကြောက်စိတ်တွေပြယ်ပြီး ရဲရင့်တဲ့စိတ်တွေ ဝင်လာကြတယ်။ ဒါနဲ့ နေမင်းကြီးကို သူရိယလို့ အမည်ပေးကြတယ်။ အဲဒီသူရိယနေမင်းကြီး ထွန်းတောက်လင်းလက်နေတဲ့အချိန်က နေ့ပေါ့။ သူရိယနေမင်းကြီးက အချိန်ပြည့်ရှိမနေဘူး။ ထွက်ပေါ်လာပြီး နာရီပေါင်း ၃၀ ကြာတဲ့အခါ အနောက်ယုဂန္ဓိုရ်တောင်ဆီဝင်သွားပြီး အမှောင်ထုက ကြီးစိုးသွားပြန်တယ်။
နောက်တစ်ကြိမ် ဝင်ရောက်လာတဲ့ အမှောင်ကာလကိုညလို့ သတ်မှတ်ကြတယ်။ ကမ္ဘာဦးလူသားတွေဟာ အဲဒီညအမှောင်မှာ အလင်းရောင်ကို တောင့်တကြပြန်တယ်။ အဲဒီမှာ လမင်းကြီး ထွက်ပေါ်လာတယ်။ လူသားတွေ တောင့်တလို့ ပေါ်ထွက်လာရတယ်လို့ယူဆပြီး လမင်းကို ဆန္ဒလို့ အမည်ပေးလိုက်ကြတယ်။ နောက်ကာလရွေ့လျောလာပြီး ဆန္ဒကနေ စန္ဒာဖြစ်လာတယ်။ အခုမျက်စိကြောင်နေတဲ့ ညခင်းထဲမှာ အဲဒီစန္ဒာ လမင်းကြီးလည်း မထွန်းပနေဘူး။ လမင်းမရှိတဲ့အချိန် လမင်းရဲ့ကိုယ်စားလင်းလက်ပေးနေတဲ့ မှိတ်တုတ်မှိတ်တုတ် ကြယ်ကလေးတွေလည်း ရှိမနေဘူး။ ညရဲ့ကောင်းကင်ဟာ မဟူရာရောင်အတိ မည်းနက်ပြီး အအေးပတ်မတတ် မှောင်မည်းအေးစက်နေတယ်။
ညဟာ အသွင်သဏ္ဌာန်အရ အေးစိမ့်နေပေမဲ့ အတွင်းအနှစ်သာရကတော့ ပူပြင်းလောင်မြိုက်နေတယ်။ အရုဏ်ဦးဆီချဉ်းနင်း ဝင်ရောက်လာတာမို့ နှင်းတွေကလည်း တဖွဲဖွဲကျဆင်းလာတယ်။ ဒါပေမဲ့ အဲဒီနှင်းတွေဟာ ညရဲ့ သောကအပူအောက်မှာ အငွေ့ပြန်ကုန်ကြတယ်။ တစ်ခါတလေကျလောကဟာ အသွင်သဏ္ဌာန်နဲ့ အနှစ်သာရကို တစ်ထပ်တည်း မကျစေဘူးလေ။ ပေါက်ပန်းပွင့်ဟာ အသွင်သဏ္ဌာန်အရ လှပပေမဲ့ အနှစ်သာရမှာ ရနံ့မကြွယ်ဘူး။ ကျီးအာသီးဆိုရင်လည်း အဆင်းအရောင် လှပပေမဲ့ အတွင်းကျတော့ စားသုံးလို့မရတဲ့ အပုတ်အဆွေးအနှစ်တွေ။
ရုပ်ရှင်တွေ၊ ဇာတ်ပွဲတွေ၊ ဝတ္ထုဇာတ်လမ်းတွေထဲမှာ သူတော်ကောင်း (သူရဲကောင်း) အဖြစ် သရုပ်ဆောင်သူရဲ့ အတွင်းသဘောဟာ ဘယ်လိုပဲဖြစ်ဖြစ် ကြည့်ရှုခံစားသူတွေကတော့ သရုပ်ဆောင်သူရဲ့ အသွင်သဏ္ဌာန်ကိုပဲကြည့်ပြီး သူတော်ကောင်းဆိုတဲ့ အနှစ်သာရကို ခံစားကြရတာ။ သရုပ်ဆောင် ပီပြင်လေ ကြည့်ရှုသူ ပရိသတ်မှာ သူတော်ကောင်းရဲ့ အနှစ်သာရကို ခံစားရလေ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့ ဘဝအဖြစ်အပျက်တွေ၊ လှုပ်ရှားရုန်းကန်မှုတွေဟာ ဇာတ်ကနေတာ၊ ရုပ်ရှင်ရိုက်နေတာ မဟုတ်လေတော့ သရုပ်ဆောင်ကောင်းရုံ၊ အသွင်သဏ္ဌာန်ပီပြင်ရုံနဲ့ မဖြစ်နိုင်တော့ဘူး။ စိတ်ပုတီးကို လက်မှာချိတ်၊ ယောဂီဝတ်ရုံခြုံပြီး ဗုဒ္ဓံသရဏံ ဂစ္ဆာမိရွတ်နေရုံနဲ့ သူတော်ကောင်း ဖြစ်မသွားဘူး။ ကျန်စစ်သားတို့ ဘုရင့်နောင်တို့အကြောင်းတွေ တဖွဖွ ရွတ်ပြနေရုံနဲ့လည်း သူရဲကောင်း ဖြစ်မသွားဘူး။
တကယ်တော့ အသွင်သဏ္ဌာန်နဲ့ အနှစ်သာရ တစ်ထပ်တည်းမကျတဲ့ လူသားတွေကြောင့် ညဟာ ပူပြင်းလောင်မြိုက်နေခဲ့ရတာ။ အိပ်စက်မပျော်နိုင်ဘဲ သောကပွားနေခဲ့ရတာ။ တစ်ဘက်ခြမ်း(နေ့)ဆီက ပူလောင်မှုတွေကို အေးငြိမ်းမှုနဲ့ ဖြေဖျောက်ပေးဖို့ ဖြစ်တည်လာရတဲ့ ညဟာ အခုတော့ အိပ်စက်ခြင်းကိုတောင် ကောင်းကောင်းမဖန်တီးနိုင်ဘဲ သောကတွေ ပွားနေရတယ်။ ညဟာ အကြွေးတွေအကြောင်း တွေးပူနေရတယ်။ ညဟာ အနာဂတ်အတွက် စိုးရိမ်နေရတယ်။ ညဟာ ပစ္စုပ္ပန်ကာလ ထမင်းတစ်လုပ်အတွက်ကိုတောင် မရေမရာ တွေးပူနေရတယ်။ ဒီလိုနဲ့ သူရိယနေမင်းကြီး တစ်ဖန်ပြန်ထွက်လာချိန်အထိ ညဟာ မျက်စိအကြောင်သားနဲ့ ငုတ်တုတ်မိုးလင်းခဲ့ရတော့တယ်။