ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၂၂ ခုနှစ်အစောပိုင်းတွင် ယူအေအီးနိုင်ငံ၌ ကျင်းပပြုလုပ်မည်ဟု ဖီဖာ အတည်ပြု

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၂၂ ခုနှစ်အစောပိုင်းတွင် ယူအေအီးနိုင်ငံ၌ ကျင်းပပြုလုပ်မည်ဟု ဖီဖာ အတည်ပြု
Photo: FIFA
Photo: FIFA
Published 22 October 2021

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က နှစ်စဉ်ကျင်းပနေကျ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၂၂ ခုနှစ်အစော ပိုင်းတွင် ယူအေအီးနိုင်ငံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က အတည်ပြုကြေညာခဲ့သည်။

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၀၀ ခုနှစ်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး တိုက်ကြီးများအလိုက် ချန်ပီယံအသင်းများ ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲဖြစ်သည်။

ပုံမှန်အားဖြင့် ယခုပြိုင်ပွဲကို ဒီဇင်ဘာလအတွင်း ကျင်းပလေ့ရှိသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ၂၀၂၀ ခုနှစ်ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှသာ ကျင်းပနိုင်ခဲ့သည်။

ယခုအခါ ၂၀၂၁ ခုနှစ်ပြိုင်ပွဲကိုလည်း ၂၀၂၂ ခုနှစ်မှသာ ကျင်းပရန် ဖီဖာက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မူလက အိမ်ရှင်အဖြစ် ဂျပန်နိုင်ငံကို ရွေးချယ်ထားသော်လည်း ဂျပန်နိုင်ငံက လက်ခံကျင်းပနိုင်ခြင်းမရှိတော့ကြောင်း အသိပေးခဲ့သည့်အတွက် ယူအေအီးနိုင်ငံတွင် ပြောင်းလဲကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယူအေအီးနိုင်ငံသည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် (၄)ကြိမ် လက်ခံကျင်းပခဲ့ဖူးပြီး ယခု (၅)ကြိမ်မြောက်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။

၂၀၂၁ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်း ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အာဖရိကချန်ပီယံ အယ်လ်အာလီ၊ သမုဒ္ဒရာပိုင်းကိုယ်စားပြု အော့ကလန်စီးတီး၊ အိမ်ရှင်အဖြစ် အယ်လ်ဂျာဇီးယားတို့သာ ယှဉ်ပြိုင်ခွင့်ရရန် အဖြေထွက်သေးကြောင်းသိရသည်။ 

Most Read

Most Recent