ဖေဖော်ဝါရီလတွင် ကျင်းပရန်စီစဉ်ထားသော ရွေးကောက်ပွဲကို သတ်မှတ်ချိန်အတိုင်း ကျင်းပရမည်ဟု အနောက်အာဖရိအဖွဲ့ (ECOWAS အက်ကိုဝက်စ်) ၏ ဥက္ကဌဖြစ်သူ ဂါနာသမ္မတ နာနာအကူဖိုအက်ဒိုက မာလီ၏ အာဏာရစစ်အစိုးရအားပြောခဲ့သည်ဟု အောက်တိုဘာ ၁၇ ရက်တွင် ယင်းကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့သည်။
အကူဖိုအက်ဒိုသည် ဘာမာကိုမြို့တွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲ၌ မာလီအာဏာရှင် ဗိုလ်မှူးကြီး အက်စီမီဂွိုင်တာကို ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဂွိုင်တာသည် မကြာသေးခင်က မာလီအာဏာသိမ်းမှုများ၏ နောက်ကွယ်ကလူဖြစ်ပြီး မေလတွင် သမ္မတကိုဖယ်ရှားကာ မိမိကိုယ်မိမိ ယာယီသမ္မတအဖြစ်ကြေညာခဲ့ပြီးနောက် နိုင်ငံတကာဖိအားပေးမှုများကြောင့် အရပ်သားဦးဆောင်သော ယာယီအစိုးရကို ဖွဲ့စည်းခဲ့သည်။
“ကျွန်တော်တို့ရဲ့သတင်းစကားကတော့ ပြတ်ပြတ်သားသား ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို သတ်မှတ်ချိန်အတိုင်း ကျင်းပရမယ်လို့ ကျွန်တော်တို့ ရှင်းရှင်းပြောထားပါတယ်” ဟု အက်ကိုဝက်စ်ကိုယ်စားလှယ်ဖွဲ့၏ အကြီးတန်းအဖွဲ့ဝင်တစ်ဦးက AFP သတင်းဌာနကို ပြောကြားခဲ့သည်။
“ရည်ရွယ်ချက်ကတော့ အက်ကိုဝက်စ်တစ်ဖွဲ့လုံး ခိုင်မာတဲ့သတင်းစကားပေးဖို့ ဖြစ်ပါတယ်။ အဲ့ဒီအတိုင်းပဲ ကျွန်တော်တို့ လုပ်ခဲ့ပါတယ်” ဟု အမည်မဖော်လိုသူ ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။
အက်ကိုဝက်စ် ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလကုန်ပိုုင်းတွင် ဘာမာကိုမြို့ကို ပြန်လာကြမည်ဖြစ်ပြီး ထိုအချိန်တွင် ၎င်းတို့လိုချင်သော အာမခံချက်များကို ရရှိမည်ဟု မျှော်လင့်ထားသည်။
ရွေးကောက်ခံသမ္မတကို လွန်ခဲ့သောနှစ်တွင် ဖြုတ်ချခဲ့သော ဂွိုင်တာသည် အစောပိုင်းက ဘာမာကိုလေဆိပ်တွင် ဂါနာခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည်ဟု မာလီသမ္မတရုံးက လူမှုမီဒီယာမှတဆင့် ထုတ်ပြန်ခဲ့သည်။
ဂါနာနိုင်ငံသည် အက်ကိုဝက်စ်အလှည့်ကျ ဥက္ကဌရာထူးကို လောလောဆယ်ရယူထားသည် ဆိုသော်လည်း အကူဖိုအက်ဒိုနှင့် အတူမာလီအရေးအတွက် ကြားဝင်ဆောင်ရွက်ပေးနေသော နိုင်ဂျီးရီးယားသမ္မတဟောင်း ဂွတ်လတ်ဂျိုနသန်နှင့် အက်ကိုဝက်စ် ကော်မရှင်ဥက္ကဌ ဂျင်းကလောက်ကက်ဆီဘရိုတို့အတူ လိုက်ပါခဲ့ကြသည်။
ဒေသခံအာဏာပိုင်များက မာလီအစိုးရ မီဒီယာကိုသာ ရှင်းလင်းပြောကြားခဲ့သည်ဟု AFP သတင်းထောက်တစ်ဦးက ဆိုသည်။
စစ်ဒဏ်သင့် ဆာဟယ်ဒေသတွင်းနိုင်ငံ မာလီသည် အရပ်သားအစိုးရထံ အာဏာလျင်လျင်မြန်မြန် ပြန်လည်အပ်နှင်းရေးအတွက် နိုင်ငံတကာဖိအားများကို ရင်ဆိုင်နေရသည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟု ဂွိုင်တာက ကတိပြုထားခဲ့သည် ဆိုသော်လည်း ၎င်း၏အစိုးရအဖွဲ့သည် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများ နှေးကွေးနေသဖြင့် ရွေးကောက်ပွဲကျင်းပရက်အမီ ပြင်ဆင်မှုပြီးစီးဖွယ်မရှိဟု မာလီစစ်အစိုးရက ပြောကြားထားသည်။
သံတမန်ရေးအရ ဆက်ဆံရေးများ ချောမွေ့နေချိန်တွင် အက်ကိုဝက်စ် ကိုယ်စားလှယ်အဖွဲ့ မာလီနိုင်ငံကို ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ပြင်သစ်နိုင်ငံသည် ဂျီဟတ်စစ်သွေးကြွများ သောင်းကျန်းနေသော ဆာဟယ်ဒေသတွင် မိမိ၏ စစ်အင်အားကို လျှော့ချရန်စီစဉ်နေသည်။ ထို့ကြောင့် မာလီသည် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီ Wagner ထံမှ ရုရှားလုံခြုံရေးဝန်ထမ်း ၁,၀၀၀ ခန့်ကို ငှားရမ်းရန် စဉ်းစားနေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။















