(၁)
ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် စီးပွားရေးကြီးထွားမှုနှုန်း မြင့်တက်လာရန် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ကြီးကြီးမားမား ဝင်ရောက်လာရန် လိုအပ်သည်။
FDI ဟူသည် ကုမ္ပဏီများက နိုင်ငံခြားတိုင်းပြည်တစ်ခု၌ အရင်းအနှီး ဝယ်ယူခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အမေရိကန်၌ အခြေစိုက်သော်လည်း နိုင်ငံပေါင်းစုံ၌ လုပ်ကိုင်နေသော Nike ကုမ္ပဏီသည် အားကစားဖိနပ် ထုတ်လုပ်ရန်အတွက် ပါကစ္စတန်နိုင်ငံတွင် စက်ရုံတစ်ရုံတည်ဆောက်ခြင်းမျိုးကို FDI ဟု ခေါ်သည်။ FDI ဝင်ရောက်မှုအပေါ် သက်ရောက်သည့် အကြောင်းခြင်းရာ များစွာရှိသည့်အနက် အရေးကြီးသည့်အချက်အချို့ကို သုံးသပ်ကြည့်ရန် လုုိသည်။
(၁) လုပ်အားခနှုန်းထား - လုပ်အားခနှုန်းထား လျော့နည်းခြင်းသည် FDI ကို ဆွဲဆောင်နိုင် သည့် အဓိကမက်လုံးထဲ၌ ပါဝင်သည်။ ပျမ်းမျှအားဖြင့် အမေရိကန်တွင် တစ်နာရီ လုပ်ခ ၁၅ ဒေါ်လာ ရှိသော်လည်း အိန္ဒိယတိုက်ငယ်တွင် တစ်နာရီတစ်ဒေါ်လာသာ ရှိသည်။ (မြန်မာနိုင်ငံတွင် တစ်နာရီလုပ်အားခသည် လက်ရှိဒေါ်လာစျေးအရ တစ်ဒေါ်လာ၏ သုံးပုံတစ်ပုံခန့်သာ ရှိသည်) ။ ထို့ကြောင့် အနောက်တိုင်းကုမ္ပဏီများသည် အထည်ချုပ်စက်ရုံများကို အိန္ဒိယတိုက်ငယ်၌ လာရောက်လုပ်ကိုင်ကြခြင်း ဖြစ်သည်။
သို့သော် လုပ်အားခနှုန်းထား သက်သက်က FDI ကို ဆုံးဖြတ်ခြင်း မဟုတ်ပေ။ ဆာဟာရအောက်ပိုင်း အာဖရိကဒေသကဲ့သို့သော နေရာ၌ လုပ်အားခ စျေးပေါသော်လည်း အခြားကုန်ကျစရိတ်များနှင့် မကာမိသောကြောင့် ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံရန် နောက်တွန့်ကြသည်။
(၂) ကျွမ်းကျင်လုပ်သား - အချို့သော လုပ်ငန်းများ (ဥပမာ- ဆေးဝါးထုတ်လုပ်ရေးနှင့် အီလက်ထရွန်နစ်) တို့အတွက် ကျွမ်းကျင်လုပ်သားများ လိုအပ်သည်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံတွင် အင်္ဂလိပ်စကား ကျွမ်းကျင်စွာ ပြောတတ်သူပေါများပြီး လုပ်ခနှုန်း နိမ့်ပါးသောကြောင့် ဖုန်းခေါ်ဆိုမှုများကို ဖြေဆိုရသော ဝန်ဆောင်မှုလုပ်ငန်းများက အိန္ဒိယ၌ လာရောက်ရင်းနှီးမြှုပ်နှံကြသည်။
(၃) အခွန်ကောက်ခံမှု - Apple ၊ Google နှင့် Microsoft ကဲ့သို့သော ကုမ္ပဏီကြီးများသည် အခွန်ကောက်ခံမှု နိမ့်ပါးသည့် နိုင်ငံများ၌ ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းကြသည်။ ဥပမာအားဖြင့် အိုင်ယာလန်နိုင်ငံသည် အခွန်ကောက်ခံမှုနှုန်းထားအရ Google နှင့် Microsoft ကုမ္ပဏီတို့ကို ဆွဲဆောင်နိုင်ခဲ့သည်။ သို့သော် အငြင်းပွားဖွယ်ရာအချို့ကို ဖြစ်ပေါ်စေသည်။ Google ကုမ္ပဏီသည် ဥရောပနိုင်ငံများ အားလုံးနီးပါး၌ လုပ်ငန်းများ လုပ်ကိုင်သော်လည်း အကျိုးအမြတ်အားလုံးကို အိုင်ယာလန်မှတစ်ဆင့် လွှဲပြောင်းရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
(၄) သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံ - အလွန်အဓိကကျသည့် အကြောင်းခြင်းရာတစ်ရပ်မှာ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များနှင့် အခြေခံအဆောက်အအုံ အဆင့်အတန်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၌ လုပ်အားခ စျေးပေါနိုင်သော်လည်း ကုန်ပစ္စည်းများကို ကမ္ဘာ့စျေးကွက်သို့ တင်ပို့သည့်အခါ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်မားမှုနှင့် မကာမိခြင်း ဖြစ်နိုင်သည်။ ရေလမ်းမှ တင်ပို့ရမည့် ကုန်ပစ္စည်းမျိုးအတွက် ပင်လယ်ရေကြောင်းလမ်း အသုံးပြုနိုင်သည့် နိုင်ငံများက ကုန်းတွင်းပိုင်း နိုင်ငံများထက် ပို၍အားသာချက်ရှိသည်။
(၅) စီးပွားရေး အရွယ်အစား ကြီးထွားနိုင်သည့် အလားအလာ- အချို့သော FDI များသည် မိမိတို့ လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံ၌ ကုန်ပစ္စည်းများကို တိုက်ရိုက်ရောင်းချရန် ပစ်မှတ်ထားသည်လည်း ရှိသည်။ ထိုအခါ လူဦးရေအရွယ်အစားနှင့် စီးပွားရေး ကြီးထွားနိုင်မှု အလားအလာသည် အရေးကြီးသည့် မက်လုံးတစ်ရပ်ဖြစ်သည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံတွင်အသစ် ပေါ်ထွက်လာသော လူလတ်တန်းလွှာများအတွက် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ဝယ်လိုအား အလွန်ကြီးမားသောကြောင့် FDI များ အလွန် စိတ်ဝင်စားကြခြင်းဖြစ်သည်။
(၆) နိုင်ငံရေးတည်ငြိမ်မှု၊ မြေယာပိုင်ဆိုင်မှုဆိုင်ရာအခွင့်အလမ်း - FDI အဖြစ် ရင်းနှီးမြှုပ်နှံမှုသည် စွန့်စားရသော ကိစ္စတစ်ရပ် ဖြစ်သည်။ နိုင်ငံရေးအနေအထားအရ မရေရာသောနိုင်ငံများအနေဖြင့် ဆွဲဆောင်အား လျော့နည်းမည်ဖြစ်သည်။ စီးပွားရေးအကျပ်အတည်းသည်လည်း FDI ကို ဆွဲဆောင်နိုင်ရန် မျှော်လင့်ချက် နည်းစေသည်။ ဥပမာအားဖြင့်ရုရှားနိုင်ငံတွင် မကြာသေးမီက စီးပွားရေးအကျပ်အတည်း ဖြစ်ပေါ်ခဲ့ပြီး စီးပွားပိတ်ဆို့မှုပါ ခံရသောကြောင့် FDI များကို တွန့်ဆုတ်စေခဲ့သည်။ နိုင်ငံရေးတည်ငြိမ်မှု ပတ်သက်နေသော အခြားအကြောင်းခြင်းရာများသည်လည်း FDI များအပေါ် သက်ရောက်မှုရှိသည်။ ၎င်းတို့မှာ အဂတိလိုက်စားမှုအဆင့်နှင့် အင်စတီကျူးရှင်းများ (အထူးသဖြင့် တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေး) အပေါ် ယုံကြည်စိတ်ချရမှုတို့ဖြစ်သည်။
အထက်ပါ ခြောက်ချက်အပြင် ကုန်ကြမ်းပစ္စည်း ရရှိနိုင်မှုနှင့် ငွေလဲနှုန်းတို့ကလည်း FDI အပေါ် သက်ရောက်မှုရှိသည်။ ငွေလဲနှုန်းအားပျော့သည့်နိုင်ငံများက FDI ကို ဆွဲဆောင်နိုင်သော်လည်း ငွေလဲနှုန်း အပြောင်းအလဲမြန်ခြင်းက FDI များကို တွန့်ဆုတ်စေသည်။
သို့ဖြစ်ရာ နိုင်ငံကို အကျိုးရှိစေမည့် FDI များ ဝင်ရောက်လာရန်အတွက် နိုင်ငံအတွင်း အခြေခံကောင်းများ တည်ဆောက်ထားရန် လိုအပ်လျက်ရှိသည်။
(၂)
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး အကျပ်အတည်းကြောင့် ယခုနှစ်တွင် တိုက်ရိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ရာခိုင်နှုန်း ၄၀ အထိ ကျဆင်းသွားနိုင်ပြီး ၂၀၂၂ ခုနှစ် မတိုင်မီအထိ ရင်းနှီးမြှုပ်နှံမှု ပြန်လည်နာလန်ထူဖွယ်မရှိကြောင်း ကုလသမဂ္ဂ စီးပွားရေးပညာရှင်များက ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ပိတ်ဆို့ထိန်းချုပ်မှုများ၊ ကပ်ဘေးဆိုင်ရာ စီးပွားရေးကျဆင်းမှုကြောင့် နယ်စပ်ဖြတ်ကျော် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို တိုင်းတာသည့် တိုက်ရိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) သည် သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာရုံး (UNCTAD) က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
၂၀၂၀ ပြည့်နှစ်၏ ပထမနှစ်ဝက်တွင် ကမ္ဘာတစ်ဝန်း၌ FDI သည် ၂၀၁၉ ခုနှစ်ကထက် ၄၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ အခြား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် ကျဆင်းခဲ့ကြောင်း UNCTAD က ပြောကြားခဲ့သည်။
“ရင်းနှီးမြှုပ်နှံမှု ကျဆင်းတာက သိသိသာသာကြီး ရှိခဲ့ပါတယ်” ဟု UNCTAD ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပုဂ္ဂလိကစီးပွားရေးဆိုင်ရာ တာဝန်ခံဂျိမ်းစ်ကျန်က အွန်လိုင်းသတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
FDI ကျဆင်းမှုသည် ၂၀၂၀ ပြည့်နှစ် ဒုတိယနှစ်ဝက်တွင် နှေးကွေးသွားဖွယ်ရှိပြီး တစ်နှစ်လုံးအတွက် ရာခိုင်နှုန်း ၃၀ မှ ၄၀ အတွင်း ကျဆင်းနိုင်ဖွယ်ရှိသည်။ ၂၀၂၂ ခုနှစ်တွင် FDI ပြန်လည်နာလန်ထူလာဖွယ်ရှိပြီး ၂၀၂၁ ခုနှစ်တွင် အသင့်အတင့် ပြန်တက်လာနိုင်ကြောင်း UNCTAD က ခန့်မှန်းထားသည်။
“အလားအလာက မရေမရာဖြစ်မှု မြင့်မားနေဆဲပါပဲ။ ကျန်းမာရေး အကျပ်အတည်း ကာလကြာချိန်နဲ့ ဗိုင်းရပ်စ်ကပ်ဘေးကြောင့် စီးပွားရေးသက်ရောက်မှုတွေ သက်သာရာရအောင် မူဝါဒပိုင်းဆိုင်ရာ ဝင်ရောက်စွက်ဖက်မှုတွေက ထိရောက်မှု ဘယ်လောက်ရှိတယ်ဆိုတဲ့အပေါ် မူတည်နေပါတယ်” ဟု ကျန်ကပြောကြားခဲ့သည်။
“ပထဝီနိုင်ငံရေး အကျပ်အတည်း အန္တရာယ်တွေကလည်း ဒီမရေရာမှုကို ဆက်လက်ဖြစ်စေပါတယ်” ဟု ကျန်က ပြောကြားခဲ့သည်။
ဥရောပစီးပွားရေးအင်အားစုများသို့ FDI စီးဝင်မှု ကျဆင်းခဲ့ခြင်းက အခြေအနေကို ပိုဆိုးစေခဲ့ကြောင်း UNCTAD ၏ အစီရင်ခံစာက ဖော်ပြခဲ့သည်။ ၂၀၂၀ ပြည့် ပထမနှစ်ဝက်တွင် ဥရောပသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးဝင်မှုသည် ပထမဆုံးအကြိမ် အနုတ်လက္ခဏာ ပြခဲ့သည်။
ပထမနှစ်ဝက်တွင် မြောက်အမေရိကသို့ FDI စီးဝင်မှုသည် ၅၆ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ FDI စီးဝင်မှုသည် မျှော်လင့်ထားသည်ထက် နိမ့်ကျခဲ့ပြီး ၁၆ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း UNCTAD က ပြောကြားခဲ့သည်။
အာဖရိကသို့ FDI စီးဝင်မှုသည် ၂၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး လက်တင်အမေရိကနှင့် ကာရစ်ဘီယံ၌ FDI ၂၅ ရာခိုင်နှုန်း လျော့ကျခဲ့သည်။ တရုတ်တွင် ရင်းနှီးမြှုပ်နှံမှုခိုင်မာမှုကြောင့် အာရှတွင် FDI ရာခိုင်နှုန်းသာ လျော့ကျခဲ့ကြောင်း UNCTAD က ပြောကြားခဲ့သည်။
(၃)
မြန်မာနိုင်ငံတွင်လည်း COVID-19 ကြောင့် အသွားအလာကန့်သတ်ထားသဖြင့် အချို့လုပ်ငန်းများ ဝင်ရောက်ရန်ရှိသော်လည်း ခွင့်ပြုမပေးနိုင်သဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လျာထားချက် ပြည့်မီခြင်းမရှိဘဲ လျော့ကျခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅ ဒသမ ၈ ဘီလျံရရှိရန်လျာထားခဲ့သော်လည်း ဒေါ်လာ ၅ ဒသမ ၆၈ ဘီလျံသာ ဝင်ရောက်ခဲ့သည်။
မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို လေ့လာကြည့်ပါက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄ ဒသမ ၅၂ ဘီလျံဝင်ရောက်ခဲ့သည်။
၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ဒေါ်လာ ၁ ဒသမ ၉၄၄ ဘီလျံ၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၆၁၁၉ ဒသမ ၉၆၆ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၆၉၁၂ ဒသမ ၄၀၀ သန်း ဝင်ရောက်ခဲ့သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၇၉၁ ဘီလျံ ဝင်ရောက်မြှုပ်နှံထားမှုတွင် UK က ဒေါ်လာ ၂ ဒသမ ၅၀၆ ဘီလျံကျော်ဖြင့် အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံထားမှုအနေဖြင့် ဘရူနိုင်းက ဒေါ်လာ ၁ ဒသမ ၄၆၉ သန်း၊ တရုတ်က ဒေါ်လာ ၁၇၅ ဒသမ ၈၃၄ သန်း၊ တိုင်ပေက ဒေါ်လာ သုည ဒသမ ၄၄၃ သန်း၊ H.K က ဒေါ်လာ ၁၁ ဒသမ ၁၃၈ သန်း ၊ အိန္ဒိယက ဒေါ်လာ ၁ ဒသမ ၂ သန်း၊ ဂျပန်က ဒေါ်လာ ၅၁၈ ဒသမ ၇၆၁ သန်း၊ မလေးရှားက ဒေါ်လာ ၂ ဒသမ ၁ သန်း၊ Marshall Island က ဒေါ်လာ ၁၀ ဒသမ ၇၀၀ သန်း၊ R.O.K က ဒေါ်လာ ၃၂ ဒသမ ၆၁၄ သန်း၊ Samoa က ဒေါ်လာ သုည ဒသမ ၅၀၀ သန်း၊ စင်ကာပူက ဒေါ်လာ ၄၂၉ ဒသမ ၃၃၆ သန်း ၊ ထိုင်းက ဒေါ်လာ ၉၉ ဒသမ ၁၈၅ သန်း၊ UK က ဒေါ်လာ ၂၅၀၆ ဒသမ ၉၁၈ သန်း၊ ဗီယက်နမ်က ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် စုစုပေါင်း ၃၇၉၁ ဒသမ ၃၉၈ သန်း ဝင်ရောက်မြှုပ်နှံထားခြင်းဖြစ်သည်။
၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်အတွင်း ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုအနေဖြင့် လယ်ယာကဏ္ဍတွင် ဒေါ်လာ ၉ ဒသမ ၉၈၈ သန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၁၉ ဒသမ ၆၉၈ သန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ၂၈၆ ဒသမ ၀၂၃ သန်း၊ စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ ၃၁၂၁ ဒသမ ၃၂၃ သန်း၊ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃ ဒသမ ၅၀၀ သန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ဒေါ်လာ ၈၁ သန်း၊အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာရှစ်သန်း၊ Industrial Estate ကဏ္ဍတွင် ဒေါ်လာ ၂၈ ဒသမ ၂၁၀ သန်းနှင့် အခြားကဏ္ဍတွင် ဒေါ်လာ ၁၀၃ ဒသမ ၆၅၆ သန်းဖြင့် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၇၉၁ ဒသမ ၃၉၈ သန်း ဝင်ရောက်ခဲ့သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကုန်အထိ လုပ်ငန်းကဏ္ဍ ၁၂ ခုတွင် မြန်မာနိုင်ငံသားလုပ်ငန်းရှင်က ကျပ် ၂၂၃၀၆၂၂၃ ဒသမ ၃၄၇ သန်း (ကျပ် ၂၂၃၀၆ ဘီလျံကျော်) ရင်းနှီးမြှုပ်နှံထားသည်။
ကဏ္ဍအလိုက် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုများမှာ အိမ်ခြံမြေ ဖွံ့ဖြိုးရေးကဏ္ဍတွင် ကျပ် ၄၈၈၄ ဒသမ ၉၆၄ ဘီလျံ (လုပ်ငန်း ၉၈ ခု)၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကျပ် ၄၉၃၅ ဒသမ ၈၇၈ ဘီလျံ (လုပ်ငန်း ၉၇၂ ခု)၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ကျပ် ၂၈၀၂ ဒသမ ၇၇၄ ဘီလျံ (လုပ်ငန်း ၅၄ ခု)၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ကျပ် ၂၃၆၇ ဒသမ ၀၇၀ ဘီလျံ (လုပ်ငန်း ၂၀၉ ခု)၊ စွမ်းအင်ကဏ္ဍတွင် ကျပ် ၈၉၆ ဒသမ ၁၆၄ ဘီလျံ (လုပ်ငန်း ၂၆ ခု) တို့ဖြစ်သည်။
ထို့ပြင် စက်မှုဖွံ့ဖြိုးရေးကဏ္ဍတွင် ကျပ် ၉၇ ဒသမ ၇၁၀ ဘီလျံ (လုပ်ငန်း ၁၂ ခု)၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ကျပ် ၄၀၉ ဒသမ၁၁၄ ဘီလျံ (လုပ်ငန်း ၉၈ ခု)၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၁၁၅၅ ဒသမ ၈၆၂ ဘီလျံ (လုပ်ငန်းအရေအတွက် ၆၈)၊ သတ္တုတူးဖော်ရေးကဏ္ဍတွင် ကျပ် ၂၁၂ ဒသမ ၃၈၉ ဘီလျံ (လုပ်ငန်း ၇၂ ခု)၊ စိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၉၁ ဒသမ ၅၅၀ ဘီလျံ (လုပ်ငန်း ၂၁ ခု)၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကျပ် ၁၃ ဒသမ ၇၂၃ ဘီလျံ (လုပ်ငန်းနှစ်ခု) နှင့် အခြားကဏ္ဍတွင် ကျပ် ၃၆၃၆ ဒသမ ၉၀၂ ဘီလျံ (လုပ်ငန်း ၁၉၄ ခု) ရင်းနှီးမြှုပ်နှံခွင့်ပြုထားသည်။
နှစ်အလိုက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုပမာဏများမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၁၅၆၆၃၅၀ ဒသမ ၂၈၂ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၃၆၇၃၄၈၅ ဒသမ ၆၇၁ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၁၇၄၄၅၈၅ ဒသမ ၁၉၉ သန်း၊ ၂၀၁၉ ဧပြီမှ ၂၀၁၉ စက်တင်ဘာ (ဘတ်ဂျက်ကြားကာလ) တွင် ကျပ် ၅၄၆၀၃၉ ဒသမ ၁၂၄ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၂၆၁၉၃၉၅ ဒသမ ၆၂၈ သန်းရှိ သည်။
(၃)
ရင်းနှီးမြှုပ်နှံမည့်သူများအနေဖြင့် ၎င်းတို့ရေရှည်မြှုပ်နှံလုပ်ကိုင်မည့်နိုင်ငံ၊ စျေးကွက်အလားအလာ နှင့်အကျိုးအမြတ်ကို လေ့လာသုံးသပ်ပြီးမှသာ ရင်းနှီးမြှုပ်နှံမည့်နိုင်ငံကို စဉ်းစားဆုံးဖြတ်ခြင်းဖြစ်သည်။
FDI အဖြစ် ရင်းနှီးမြှုပ်နှံမှုသည် စွန့်စားရသော ကိစ္စတစ်ရပ်ဖြစ်သည့်အတွက် နိုင်ငံရေးအနေအထားအရ မရေရာသော နိုင်ငံများအနေဖြင့် ဆွဲဆောင်အား လျော့နည်းမည်ဖြစ်သည်။ နိုင်ငံရေးတည်ငြိမ်မှု ပတ်သက်နေသော အခြားအကြောင်းခြင်းရာများသည်လည်း FDI များအပေါ် သက်ရောက်မှုရှိသည်။
“အခု ကျွန်တော်တို့ မြန်မာနိုင်ငံအခြေအနေက အားလုံးသိတဲ့ အတိုင်းပဲ။ ဒေါ်လာစျေး အတက် အကျကြမ်းတယ်။ ရွှေစျေးတက်တယ်။ စက်သုံးဆီစျေးတွေ တက်တယ်။ တကယ်တော့ ဒီအခြေအနေတွေက နိုင်ငံရေးနဲ့ ဆိုင်တယ်ဗျ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာပြီးနောက်ပိုင်း သတင်းမျိုးစုံထွက်လာတော့ ပြည်သူလူထုက ဘဏ်တွေအပေါ် မယုံကြည်တော့ဘဲ အပ်ထားတဲ့ ပိုက်ဆံတွေ ပြန်ထုတ်တယ်။ ဘဏ်တွေကထုတ်ချင်တိုင်း ထုတ်မပေးဘူး။ ပြည်တွင်းမှာ ငွေသားစီးဆင်းမှုပြဿနာ တော်တော်လေးကြီးလာတဲ့အခါ အဲဒီမှာအကျပ်အတည်းက တစ်ပူပေါ်နှစ်ပူဆင့်လာတာ။ နောက်ပြီး ကိုဗစ်တတိယလှိုင်းကလည်း ရုတ်တရက်ဆိုသလို ဝင်ဆောင့်လာတော့ နဂိုကတည်းက ယိုင်နဲ့နဲ့ဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ကိုဗစ်ရယ်၊ နိုင်ငံရေးအပြောင်းအလဲရယ်ကြားထဲမှာ မလှုပ်သာတော့ဘဲ ရပ်တဲ့သူတွေရပ်ကုန်ကြတာ။ အလုပ်လက်မဲ့ဖြစ်ကုန်တာလည်း အများကြီးပဲ” ဟု ရန်ကုန်မြို့မှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများ နှေးကွေးသွားခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးသွားခဲ့ရသဖြင့် မြန်မာနိုင်ငံတွင် COVID-19 ကာလအလွန်ကို မျှော်မှန်းပြီး ဦးစားပေးရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက်အနေဖြင့် လုပ်ငန်းခြောက်ခု ဖော်ထုတ်သတ်မှတ်ခဲ့ကြသည်။
“ဒါတွေက လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး အခြေပြု တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်သည့်လုပ်ငန်းများ ခွင့်ပြုခြင်းဖြင့် ကမ္ဘာ့စျေးကွက်ကိုချိတ်ဆက် ဆောင်ရွက်ရေး၊ ကျန်းမာရေးအထောက်အကူပြုလုပ်ငန်းများ၊ စီးပွားရေးဇုန်များထူထောင်ခြင်းနှင့် ဆက်စပ်သောလုပ်ငန်းများ၊ ဒစ်ဂျစ်တယ် နည်းပညာအခြေပြု စီးပွားရေးလုပ်ငန်းများ၊အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အထူးသဖြင့် လျှပ်စစ်နှင့် အစိမ်းရောင်စီးပွားရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် သက်ဆိုင်သည့်လုပ်ငန်းများစတဲ့ လုပ်ငန်းများဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားထားသည်။
COVID-19 ကာလအတွင်း နိုင်ငံတကာနည်းတူ မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍကို ထိခိုက်ခဲ့သည်။ ထို့ပြင်လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကလည်း နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ၏ မြန်မာနိုင်ငံအပေါ်စိတ်ဝင်စားမှုကို သက်ရောက်လျက်ရှိကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။
“တစ်ကမ္ဘာလုံးရင်ဆိုင်ရတာက ကိုဗစ်ကြောင့် ဖြစ်လာတဲ့အကျပ်အတည်း၊ မြန်မာနိုင်ငံကကျတော့ ကိုဗစ်အကျပ်အတည်းရော၊ နိုင်ငံရေးအပြောင်းအလဲဖြစ်လာတဲ့ အကျပ်အတည်းရောပဲ။ ဘာတွေဆက်ဖြစ်လာမလဲဆိုတဲ့အပေါ် ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်နေကြတယ်။ အခုတင် ပြန်ထွက်သွားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအများကြီးပဲ။ ကိုဗစ်စဖြစ်တော့ ခရီးသွားတွေကျသွားတဲ့အတွက် ဟိုတယ်လုပ်ငန်းတွေ စရပ်တယ်။ ဟိုနေ့ကတင် ထုတ်ပြန်တာတွေ့လိုက်တယ်။ Kempinski ဟိုတယ် ရပ်တော့မယ်တဲ့။ London နဲ့ Lucky Strike တွေထုတ်တဲ့ BAT Myanmar လည်း လုပ်ငန်းတွေ ရပ်စဲလိုက်ပြီ။ တခြားရပ်သွားတဲ့ လုပ်ငန်းကြီးတွေလည်း အများကြီးပဲ” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးလေ့လာမှု အစီရင်ခံစာအရ ကာလရှည်စီးပွားရေးမျှော်မှန်းချက်မှာမူ မကြာသေးခင်က ဖြစ်ပျက်ခဲ့သည့် အကြောင်းခြင်းရာများသည် ဆယ်စုနှစ်တစ်ခုစာ ကြိုးပမ်းခဲ့သော တိုးတက်မှုများကို ပျက်စီးသွားစေနိုင်ကြောင်း၊ စီးပွားရေးတိုးတက်မှုကို အခြေခံမောင်းနှင်သည့် အချက်များဖြစ်သည့် ရုပ်ဝတ္ထုအရင်းအနှီးများ၊ လူသားအရင်းအမြစ်နှင့် ကုန်ထုတ်လုပ်နိုင်စွမ်းတို့အပေါ် ထိခိုက်စေခဲ့ခြင်းကြောင့် ယခုရင်ဆိုင်နေရသည့် နှစ်ထပ်ကွမ်းထိခိုက်ပျက်စီးစေမှုသည် အနာဂတ်နှစ်ပေါင်းများစွာအထိ ဆက်လက်ရင်ဆိုင် ဖြေရှင်းနေရဦးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ကတိကဝတ်များ ကျဆင်းသွားသဖြင့် အရင်းအနှီးပမာဏ ကျဆင်းသွားသည့်နည်းတူ ပြည်တွင်း စက်မှုလုပ်ငန်းများအတွက် အရေးပါသော ပြည်ပကျွမ်းကျင်မှုနှင့် နည်းပညာများအား ချိတ်ဆက်သုံးစွဲနိုင်မှုကို ထိခိုက်စေသည်။
အနာဂတ်စီးပွားရေးနှင့် စီးပွားရေးမူဝါဒဆိုင်ရာ မရေရာမှုများ မြင့်မားလွန်းသောကြောင့် ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်နိုင်မှုကို ထိခိုက်စေသည်ဟုလည်း ကမ္ဘာ့ဘဏ်၏အစီရင်ခံစာတွင် ဖော်ပြထားသည်။
“ကျွန်တော့်အမြင်ပြောရရင် နိုင်ငံရေး၊ စီးပွားရေးတည်ငြိမ်ရင် နိုင်ငံတကာက လုပ်ငန်းရှင်တွေက လာမှာပဲ။ ဘာလို့ဆိုရင် မြန်မာနိုင်ငံမှာက လုပ်အားခနှုန်းသက်သာတယ်။ လုပ်သားအရင်းအမြစ်တွေရှိတယ်။ စျေးကွက်ရှိတယ်။ Intensive ပေးထားတာတွေလည်း ရှိတယ်။ ပြဿနာက ယုံကြည်စိတ်ချရမှုပဲ။ သူတို့မယုံကြည်စိတ်မချရတဲ့ နိုင်ငံမှာ သူတို့ဘယ်စွန့်စားရဲပါ့မလဲ။ အဲဒီတော့ ငွေကြေးစျေးကွက် တည်ငြိမ်အောင် လုပ်ပေးရမယ်။ ရင်းနှီးမြှုပ်နှံသူတွေ၊ လုပ်သာကိုင်သာရှိတဲ့၊ စိတ်ချလက်ချ လုပ်ကိုင်နိုင်တဲ့ဝန်းကျင်ဖြစ်အောင် ဖန်တီးပေးရမယ်။ အာမခံချက်ရှိရမယ်ပေါ့ဗျာ။ ဒီလိုအာမခံချက်တွေမပေး နိုင်သရွေ့တော့ ကျွန်တော်ထင်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တက်လာစရာ အကြောင်းမရှိဘူး” ဟု စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။