ဧရာဝတီတိုင်းအတွင်းမှ ဆားလယ်များတွင် လုပ်ငန်းခွင် ဝင်နေကြစဉ်
မိုးလေနည်းပါးစပြုလာတဲ့ သီတင်းကျွတ်လဆိုလျှင် ဆားတောင်သူတွေအနေနဲ့ ဆားလယ်တွေ စတင်နိုင်ဖို့ ပြင်ဆင်ကြတာဟာ ပုံမှန်ပဲဖြစ်ပါတယ်။ လုပ်သားတွေကို ပြန်လည် စုစည်း၊ ဆားကွင်းမှာ လိုအပ်တဲ့ အိမ်ရာအ ဆောက်အအုံတွေ ပြင်ဆင်၊ ဆားလယ်တွေကို တာပြင်စက်တွေ သန့်ရှင်းနဲ့ မိုးအကုန်လုပ်ငန်း စနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ကြရပါတယ်။
ဒီနှစ်မှာတော့ ဆားတောင်သူတွေဟာ လုပ်ငန်းခွင် စတင်နိုင်ဖို့အတွက် စိုးရွံ့နေကြပါပြီ။ မိုးရာသီမှာဆို အမြင့်ဆုံးစျေးနှုန်းအမြဲတမ်း ရှိတတ်တဲ့ ဆားကြမ်းစျေးဟာ ဒီနှစ်ဒီအချိန်မှာ တစ်ပိဿာကို ကျပ် ၇၀ ဝန်းကျင်ပဲ ရှိနေပါတယ်။ ယမန်နှစ် ကာလတူအချိန်မှာ တောင် ၁၅၀ ကျပ်ဝန်းကျင်ရှိခဲ့ဖူးတဲ့ ဆားကြမ်း စျေးနှုန်းဟာ ထက်ဝက်နည်းပါးတဲ့ စျေးနှုန်းနဲ့ ဖြစ်နေခဲ့ပါတယ်။
ဆားကြမ်းစျေးနှုန်းသာ ကျဆင်းနေခဲ့ပေမဲ့ အထွေထွေစက်သုံးဆီစျေးနှုန်းကတော့ ယမန်နှစ်ကနဲ့ နှိုင်းယှဉ်ပါက နှစ်ဆမက မြင့်တက်နေပါတယ်။ ဆားလယ်တွေမှာ ရေတင်ဖို့နဲ့ လည်ပတ်နိုင်ဖို့ဟာ စက်သုံးဆီဟာ မဖြစ်မနေကို လိုအပ်ပါတယ်။ ကြိုတင်စက်သုံးဆီ မစုဆောင်းထားမိခဲ့တဲ့ ဆားတောင်သူတွေဟာ အခုလိုအချိန်မှာ ဝယ်ယူရမယ့် စက်သုံးဆီတန်ဖိုးကို မတတ်နိုင်ခဲ့ပါဘူး။
ကိုဗစ်ကာလ ချေးငွေရရှိရေးမှာလည်း နှောင့်နှေးခဲ့ရတဲ့ တောင်သူတွေဟာ နှစ်ရာသီ ဆက်တိုက် အရှုံးကို ရင်ဆိုင်ထားရချိန်မှာ အခုနှစ်ဆားရာသီကို စတင်ဖို့ စိုးရွံ့နေကြ တာပါ။
စက်သုံးဆီစျေးနှုန်းနဲ့ အထွေထွေကုန် စျေးနှုန်းတွေ ယခုနှစ်လောက် မမြင့်တက်ချိန် မှာပင် ဆားကြမ်းတစ်ပိဿာ ထွက်ရှိနိုင်ဖို့ အတွက် ပျမ်းမျှသွင်းအားစု ကုန်ကျစရိတ်ဟာ လုပ်အားခတွေ အပါအဝင် ၇၅ ကျပ်ဝန်းကျင် အထိ ကျသင့်ပါတယ်။ ဒီနှစ်မှာ ဆားတောင်သူ တွေ တွက်ချက်မှုအရ ဆားကြမ်းတစ်ပိဿာ ထွက်ရှိဖို့အတွက် ပျမ်းမျှသွင်းအားစု ကုန်ကျ စရိတ်ဟာ ၉၅ ကျပ်ဝန်းကျင်မှာ ရှိမယ်လို့ ဆို ပါတယ်။ ဆားကြမ်းထွက်ရှိချိန်မဟုတ်တဲ့ စျေးနှုန်းအမြင့် အမြဲရှိတတ်တဲ့ ယခုလိုအချိန် မှာတောင် ပြင်ပစျေးကွက် ပေါက်စျေးမှာ ဆား ကြမ်းတစ်ပိဿာကို ကျပ် ၇၀ စျေးနှုန်းပဲ ရှိနေ တော့ လုပ်ငန်းတစ်ခုဟာ မစတင်ခင်ကဘဲ ရှုံးနေရပါပြီ။
“မလွယ်ဘူး ရှုံးမှာ။ အရှုံးကိုသိတယ် ဘာလုပ်ရမလဲ မသိဖြစ်ကြတာ။ လုပ်ငန်းစတာ နဲ့ရှုံးမယ် မစရင်လည်း ရှုံးမယ်။ ဆားလယ်ဆိုတာ မိုးတွင်းကာလမှာ အလုပ်မရှိဘူးလေ။ အဲဒီအတွက် မနှစ်က ရာသီသိမ်းပြီဆိုကတည်း က ကျွန်တော်တို့က လုပ်သားတွေကို ငွေကြို ထုတ်ပေးရတယ်။ ဆားရေကိုင်ဆို အနည်းဆုံး ငါးသိန်း၊ လုပ်သားတွေဆိုလည်း သုံးသိန်း လေးသိန်း အကုန် ကြိုငွေထုတ်ပေးရတယ်။ လိုအပ်တဲ့နေရာ အစားအသောက်ကအစ ထောက်ပံ့ရတယ်။ ဒါတွေက ဒီနှစ်မလုပ်တော့ ဘူးဆိုပြီး ပြန်တောင်းဖို့လည်း မလွယ်ဘူး။ လုပ်သားတွေအနေနဲ့လည်း အခုလိုအချိန်မှာ အလုပ်လိုချင်မယ်။ နောက် ကျွန်တော်တို့ ဆားလယ်ဆိုတာ ဒီနှစ်မလုပ်ဘူးကွာ နောက် နှစ်မှ လုပ်မယ်ဆိုပြီး ပစ်ထားလိုက်ရင် အရိုင်း ဝင်သွားရော။ အရိုင်းဝင်တာကို ပြန်ပြင်ရင် နှစ်နှစ်လောက်ကြာတယ်။ ကုန်တာလည်း တအားကုန်တယ်။ အဲဒီတော့ ဘာလုပ်ရမယ် ဆိုတာကို ဆုံးဖြတ်လို့မရဘူး” လို့ ငပုတောမြို့နယ်က ဆားတောင်သူတစ်ဦးက ပြောပါတယ်။
ဆားတောင်သူတချို့ကတော့ ဆားလယ်တွေကို အပြီးအတိုင်စွန့်လွှတ်ဖို့ ကြံစည်မှုတွေ လည်းရှိလာခဲ့ပြီး ဆားလယ်အစား ပြုပြင် ပြောင်းလဲ အသုံးပြုဖို့အတွက် ကြိုးစားမှု တွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“ဆားလယ်ကို စပါးစိုက်ဖို့ဆိုတာကတော့ သိပ်မလွယ်လှဘူး။ တချို့က ပုစွန်ကန်ပုံစံ ပြောင်းပြီးတော့ လုပ်ဖို့ကြံကြတယ်။ အခုချိန် အထိ ဘယ်တောင်သူမှ ဆားလိုင်စင် သွားမလျှောက်ကြသေးဘူး။ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြတာ။ ပုစွန်မွေးမယ်ဆိုရင်လည်း သားပေါက်ဝယ်တာကနေ ပြင်ရမှာက အဆင့် ဆင့်ပဲ။ နောက်ထပ်က ပုစွန်စျေးကွက်ကရော အဲဒီလောက် ကောင်းမွန်ရဲ့လားဆိုတာ ကြည့် ရတယ်။ အခုလိုမတည်ငြိမ်ချိန်မှာ ဘာမှ မလုပ်ရဲဘူး။ လယ်တွေရောင်းမယ်ဆိုရင်လည်း ဝယ်မယ့်သူက မရှိဘူး”လို့ ဆားတောင်သူ တစ်ဦးကပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီးမှာ ဆားလုပ်ငန်း ဟာ နာဂစ်မုန်တိုင်းပြီးချိန်က စတင်ပြီးတော့ အရှုံးများတဲ့ ရာသီတွေကိုပဲ ဆက်တိုက်ကြုံ တွေ့နေခဲ့ရတာ။ သွင်းအားစုငွေကြေး မပြည့် စုံမှုနဲ့ ဆားကြမ်းစျေးနှုန်းကျဆင်းမှု၊ ဆားကြမ်း စျေးကွက်နည်းပါးလာမှု၊ ပြည်တွင်းဆားအစား နိုင်ငံခြားမှ ဝင်ရောက်လာတဲ့ ဆားတွေကို သုံး စွဲမှု များပြားလာတာဟာ လုပ်ငန်းဆက်လက် လုပ်ကိုင်လိုသူ တောင်သူတွေကို နည်းပါးသွား စေပါတယ်။
နာဂစ်မုန်တိုင်းမတိုင်ခင်က ဆားတောင် သူဦးရေ ၈၀၀ ခန့်ရှိခဲ့ပြီး နာဂစ်မုန်တိုင်းအပြီး မှာ သေဆုံးသူ၊ လုပ်ငန်းဆုံးရှုံးမှုကြောင့် ပြန် လည်မတင်နိုင်တော့သူတွေနဲ့ ဆားတောင် သူဟာ ၅၀၀ ခန့်သာ ကျန်ခဲ့ပါတယ်။
၂၀၀၈-၂၀၀၉ ခုနှစ် ဆားရာသီမှာ ဆား တောင်သူဦးရေဟာ ၈၀၃ ဦးရှိခဲ့ပြီးတော့ ဆား ထုတ်သည့် ၃၀၃၇၇ ဧက ရှိခဲ့ရာမှ ၂၀၀၉-၂၀၁၀ ခုနှစ် ဆားရာသီမှာ ဆားတောင်သူဦးရေ ၈၀၂ ဦး ဆားထုတ်သည့် ၃၀၉၈၂ ဧက၊ ၂၀၁၀-၂၀၁၁ ခုနှစ် ဆားရာသီမှာ ဆား တောင်သူဦးရေ ၅၉၀ ဦးရှိခဲ့ပြီးတော့ ဆား ထုတ်သည့် ဧက ၂၃၈၈၇ ဧက၊ ၂၀၁၁-၂၀၁၂ ခုနှစ် ဆားရာသီမှာ ဆားတောင်သူဦးရေ ၅၀၄ ဦးရှိပြီးတော့ ဆားထုတ်သည့်ဧက ၂၀၇၁၅ ဧက၊ ၂၀၁၂-၂၀၁၃ခုနှစ် ဆားရာသီမှာ ဆား တောင်သူဦးရေ ၄၈၅ဦးရှိပြီးတော့ ဆား ထုတ်သည့်ဧက ၁၈၉၆၆ ဧက၊ ၂၀၁၃-၂၀၁၄ ခုနှစ် ဆားရာသီမှာ ဆားတောင်သူဦးရေ ၃၅၂ ဦးရှိခဲ့ပြီးတော့ ဆားထုတ်သည့်ဧက ၁၄၃၆၄ ဧက၊ ၂၀၁၄-၂၀၁၅ ခုနှစ် ဆားရာသီမှာ ဆား တောင်သူဦးရေ ၃၆၇ ဦးရှိပြီးတော့ ဆား ထုတ်သည့်ဧက ၁၅၁၇၂ ဧက၊ ၂၀၁၅-၂၀၁၆ ခုနှစ် ဆားရာသီမှာ ဆားတောင်သူဦးရေ ၄၃၂ ဦးရှိပြီးတော့ ဆားထုတ်သည့်ဧက ၁၇၁၁၈ ဧက၊ ၂၀၁၆-၂၀၁၇ ခုနှစ် ဆားရာသီမှာ ဆား တောင်သူဦးရေ ၃၉၁ ဦးရှိခဲ့ပြီးတော့ ဆား ထုတ်သည့်ဧက ၁၀၁၄၄၂ ဧကအထိ ဆက် တိုက်ဆိုသလို ကျဆင်းလာခဲ့ပါတယ်။
ဆားစက်များဟာလည်း ဧရာဝတီတိုင်း ဒေသကြီးမှာ ၂၀၁၆ ခုနှစ်အထိ ဆားစက် ပေါင်း ၃၂စက်ရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ဆားစက်ဆိုတာ လက်ချိုးရေတွက်လို့ရတဲ့ အခြေအနေတစ်ခုကို ရောက်ရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ယူနီဆက်နဲ့ ပူးပေါင်းပြီးတော့ မြေသားဆားကွင်းနေရာမှာ ပလတ်စတစ်ပြား ခင်း ဆားကွင်းများအဖြစ် ဆားကြမ်းအရည်အသွေးမြှင့်တင်ထုတ်လုပ်နိုင်ရေးအတွက် လုပ်ဆောင်ခဲ့သော်လည်း နိမ့်ပါးလှသည့် ဆား ကြမ်းစျေးနှုန်းကြောင့် တောင်သူတိုင်း အ ကောင်အထည်မဖော်နိုင်သလို ပလတ်စတစ် ပြားတစ်ခုဟာလည်း သုံးရာသီသာ အသုံးပြုလို့ ရပါတယ်။ ပလတ်စတစ်ပြားအသုံးပြုတဲ့ တောင်သူတွေဟာလည်း ဒီနှစ်မှာ ပလတ် စတစ်ပြားတွေကို ဝယ်ယူနိုင်ဖို့အတွက် မြင့် မားလှတဲ့ ဒေါ်လာစျေးနှုန်းတွေရယ်၊ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ဝယ်ယူနိုင်ဖို့ ခက်ခဲ နေခဲ့ပါတယ်။
ဒီနှစ် ဆားရာသီမှာတော့ နေလှမ်းဆား လုပ်ဆောင်လိုသူ တောင်သူဟာ ဦးရေ ၁၀၀ အောက်ကိုတောင်မှ ရောက်ရှိမယ်လို့ တောင် သူတွေက ခန့်မှန်းထားကြပါတယ်။ ဆားကြမ်း စျေးနှုန်းမြင့်တက်ရမယ့် အချိန်မှာတောင်မှ သွင်းအားစုစျေးနှုန်းအောက်ကို ရောက်ရှိနေ တဲ့ ဆားကြမ်းစျေးဟာ ဆားကြမ်းပေါ်ထွက် လာချိန်မှာလည်း မြင့်တက်လာဖို့ မလွယ်ကူ ပါဘူး။ နိုင်ငံအနှံ့မှာရှိတဲ့ ဆားကြမ်းအသုံးပြု ရတဲ့ လုပ်ငန်းတွေ အများအပြား ရပ်ဆိုင်းထား ရတာဟာ ဆားကြမ်းဝယ်လိုအားကို ကျဆင်း စေမှာ သေချာစေပါတယ်။
“ဆားစက်တွေကလည်း အစ်ကိုတို့ စျေး နှုန်းလှမ်းမေးတာကို မသေမချာဘဲ ပြောနေ တယ်။ သူတို့ကိုယ်တိုင်က လိုလိုချင်ချင်ရှိမနေ ဘူး။ အဓိကတော့ အထွေထွေစျေးနှုန်းမြင့်တက်တာတင်မကဘူး။ ဆားကြမ်းအသုံးပြု မယ့် အလုပ်တွေပါ ရပ်ဆိုင်းနေတာ။ ပြီးတော့ ဒေသတွေ မငြိမ်းချမ်းတော့ ပို့ဆောင်ရေးကို ကြောက်ပြီး အကျိုးအမြတ် ဒီလောက် မဖြစ် နိုင်တဲ့အရာ မလုပ်ချင်တော့တာပဲ”လို့ လပွ တ္တာမြို့နယ်က ဆားတောင်သူတစ်ဦးက ပြော ပါတယ်။
ဆားလယ်ကလွဲပြီး ဘာမှလုပ်ဆောင်ဖို့ မလွယ်ကူတဲ့ တောင်သူတွေကတော့ ဒီနှစ်မှာလည်း အရှုံးကိုမူတည်ပြီးတော့ မိမိဆားလယ်လေး မပျက်စီးဖို့နဲ့ ကြိုတင်ငွေတွေ မဆုံးရှုံးဖို့ အတွက် ဆက်လက်လုပ်ဆောင်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။