သီးနှံအထွက်နှုန်းနဲ့ ကုန်ကျစရိတ် မမျှတမှုကြောင့် အညာတောင်သူတွေ ပျော်နိုင်ပါ့မလား

သီးနှံအထွက်နှုန်းနဲ့ ကုန်ကျစရိတ် မမျှတမှုကြောင့် အညာတောင်သူတွေ ပျော်နိုင်ပါ့မလား
အညာဒေသ သီးနှံခြွေလှေ့လုပ်ငန်းခွင်များကို တွေ့ရစဉ်
အညာဒေသ သီးနှံခြွေလှေ့လုပ်ငန်းခွင်များကို တွေ့ရစဉ်
Published 17 October 2021
သက်ထိန်ဝင်း (ပခုက္ကူ)

“မနှစ်က ပုလဲတစ်အိတ် နှစ်သောင်းခြောက်ထောင်။ ဒီနှစ်ခြောက်သောင်းခွဲဆိုတော့ တောင်သူကတော့ သီးနှံရလည်း မြတ်ဖို့မလွယ်ပါဘူး” ဆိုသည့်စကားကို တောင်သူ ကိုဗညားမြေပဲရိတ်ရင်း ပြောပါတယ်။

ယခု အောက်တိုဘာလဆိုတော့ ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်မှာ စိုက်ထားတဲ့ မြေပဲတွေ နုတ်သိမ်းနေကြပြီ။ ယခုမိုးကာလ ထူးထူးခြားခြားအညာမှာ မိုးကောင်းခဲ့သည့်အတွက် မြေပဲအထွက်မဆိုး။ တချို့ယာခင်းများ အထွက်ကောင်းတယ်လို့တောင် ဆိုရပါမယ်။ တစ်ဧကခြောက်တင်း ထွက်သူလည်းရှိသလို ရှစ်တင်းကိုးတင်း ထွက်သူလည်းရှိပါတယ်။ မြေအမျိုးအစားနဲ့ မြေသြဇာသုံးစွဲနိုင်မှုကွာခြားပြီး အထွက်လည်းကွာခြားသွားပါတယ်။

အထွက်ကောင်းလို့ တောင်သူများ အဆင်ပြေမှာလားဆိုလျှင် မသေချာပါ။ အစစအရာရာ စျေးတက်နေတဲ့ခေတ်။ ထွန်ယက်ခြွေလှေ့ရာမှာ သုံးရသည့် စက်သုံးဆီစျေးလည်း ယခင်နှစ်နှင့်မတူ။ အလုပ်သမားစရိတ်လည်းတက်။ မြို့ပွဲရုံဆီ သီးနှံရောင်းဖို့ သွားရသည့် တန်ဆာခလည်း ယခင်နှစ်ထက် အများကြီး စျေးပိုပေးရ။ တောင်သူများဘဝ ပေးသော်လည်း မရရှာပါ။

“ဒီနှစ်က တောင်သူအတွက် အရင်းမရှုံးဘူးလို့ ပြောရမယ်။ အမြတ်ရဖို့ကတော့ သီးနှံစျေးအပေါ် မူတည်တယ်။ ပုံမှန်နှစ်တွေ ဒီလောက်ထွက်ရင် တောင်သူက မြတ်ကိုမြတ်တယ်။ ဒီနှစ်က အကုန်စျေးတက်နေတာ။ စက်သုံးဆီစျေးဆိုလည်း နှစ်ဆလောက်တက်တယ်။ မြေသြဇာစျေးလည်း ဒီတိုင်းပဲ။ ကိုယ့်သီးနှံစျေးတာ နှစ်ဆလောက် မတက်တာ။ လက်ရှိတော့ မြေပဲတောင့် အခြောက်တစ်ပိဿာကို ၁၅၀၀ ကနေ ၁၉၀၀ ကျပ်လောက်တော့ စျေးပေါက်တယ်။ တောင်သူကတော့ ယာခင်းများများရှိတဲ့သူလောက်ပဲ အမြတ်ရဖို့ရှိတယ်” ဟု တောင်သူ ကိုဗညားက ပြောပါတယ်။

ပခုက္ကူဒေသရဲ့ စိုက်ပျိုးရေး ထွက်ကုန် ပဲတီစိမ်းစျေးလည်း ဒီနှစ်အတော်တန်စျေးကောင်းပါတယ်။ ပြီးခဲ့သည့် သုံးနှစ်တာကာလနှင့် ယှဉ်ရင် စျေးကောင်းရပါတယ်။ ယခင်နှစ်တွေ တစ်တင်း ၃၀၀၀၀ ကျပ် ပတ်ချာလည်ပဲ ရောင်းခဲ့ရပါတယ်။ ဒီနှစ်တော့ ပဲတီစိမ်းတစ်တင်း ၄၅၀၀၀ ကျပ်ဝန်းကျင် ရောင်းရတယ်ဆိုတော့ စျေးကောင်းရတယ် ပြောရပါမယ်။ မြေဆီမြေသြဇာစျေးနှုန်း၊ ပိုးသတ်ဆေးနဲ့ စက်သုံးဆီစျေးတွေသာ မတက်ခဲ့ဘူးဆိုရင် တောင်သူတွေ အကျိုးအမြတ် ကောင်းကောင်းခံစားရမယ့်နှစ်ပါ။

“ပဲတီစိမ်းက စိုက်ပြီးတဲ့နောက် မိုးမကောင်းလို့ မရတော့ဘူး ထင်နေတာကနေ ဇွန်လကုန်လောက်မှာ မိုးဆက်တိုက်ရတဲ့အတွက် အပင်တွေရှင်လာတယ်။ မိုးကလည်းထပ်ရွာတော့ အသီးသီးတာလည်းကောင်းပြီး အတော်ရလိုက်တယ်။ တစ်ဧကခြောက်တောင်း ခုနစ်တောင်းတော့ ရတယ်။ တချို့လည်း အားဆေးတွေ ဖျန်းလိုက်တော့ ၁၀ တောင်းလောက် ရတဲ့သူလည်းရှိတယ်။ မိုးလည်းကောင်းတော့ အခင်းမဖျက်ဘဲ ရသမျှဆွတ်နေကြတော့ သီးနှံအရကောင်းတယ် ။ စျေးကောင်းရတဲ့နှစ်မှ အစစအရာရာ စျေးတွေတက်နေတော့ တောင်သူက ထိုက်သင့်တဲ့အမြတ်မရဘူးပေါ့ဗျာ” ဟု ပဲတီစိမ်းစိုက်တောင်သူ ကိုမျိုးခိုင်က ပြောပါတယ်။

သီးနှံစျေးကွက်ထဲမှာ အများစုစျေးတက်ပါတယ်။ ဒီလို စျေးတက်ရခြင်းဟာ ဝယ်လိုအား အလွန်ကောင်းလို့လားဆိုတော့ ဝယ်လိုအားသည် ယခင်နှစ်များနည်းတူပါ။ ကျပ်ငွေတန်ဖိုးကျဆင်းတဲ့အတွက် ငွေတန်ဖိုးလိုက်ပြီး သီးနှံစျေးတွေ မြင့်တက်တဲ့သဘောလို့ ကုန်သည်တွေဆီမှသိရပါတယ်။ ပြည်တွင်းသုံးစွဲမှုထက် နိုင်ငံခြားတင်ပို့တဲ့ ကုန်စည်ဖြစ်တာကြောင့် ငွေကြေးတန်ဖိုးကိုလိုက်ပြီး ပြောင်းလဲတာလို့လည်း ဆိုပါတယ်။

“အဓိကကတော့ ငွေတန်ဖိုးကြောင့်ပဲ။ မနှစ်က တစ်ဒေါ်လာ ၁၅၀၀ ကျပ်လောက်ကနေ ဒီနှစ်တစ်ဒေါ်လာ ၂၀၀၀ ကျော်ဆိုတော့ ငွေစျေးက အတော်ကွာသွားတယ်။ တောင်သူတွေရဲ့ စိုက်စရိတ်လည်း တက်လာတယ်။ Export သမားကတော့ စျေးတက်ပေးပြီး ဝယ်တာ။ ဝယ်လိုအားလည်း မပြောင်းပါဘူး။ စျေးနှုန်းအရ တက်လာတော့ အရောင်းအဝယ်သွက်လာတယ်” ဟု ပခုက္ကူမြို့မှ သီးနှံရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

ယခင်နှစ်တောင်သူများ သီးနှံရောင်းချပြီး ပြန်လည်ဝယ်ယူနိုင်တဲ့ ဆန်၊ ဆီ၊ ဆားနဲ့ လူသုံးကုန်ပစ္စည်း အရေအတွက်နဲ့ ဒီနှစ်သီးနှံရောင်းချပြီး ပြန်လည်ဝယ်ယူနိုင်တဲ့ ဆန်၊ ဆီ၊ ဆားနဲ့ လူသုံးကုန်ပစ္စည်း အရေအတွက် ကွာခြားမယ် မထင်ပါဘူး။ မနှစ်က ဆီတစ်ပိဿာ ၃၀၀၀ ကျပ်က ဒီနှစ် တစ်ပိဿာ ၅၅၀၀ ကျပ်။ ဓာတ်ဆီတစ်လီတာ မနှစ်က ၇၀၀ ကျပ် ဝန်းကျင် ဒီနှစ်ကတော့ တစ်လီတာ ၁၆၀၀ ကျပ် ဝန်းကျင်။                 

အခြားသော လူသုံးကုန်ပစ္စည်းများလည်း ထိုနည်းအတူပင်။ သီးနှံစျေးတက်လို့ သီးနှံရောင်းလိုက်တဲ့အခါ ကိုယ်ရသည့်ငွေ တိုးလာသလို ကိုယ်ပြန်ဝယ်ရတဲ့ ပစ္စည်းများ စျေးနှုန်းကလည်း ရပ်မနေပါ။

“တောင်သူတွေမြေပဲစိုက်လို့ မြေပဲဆီအစစ်စားရမှာပဲ မထင်ပါနဲ့။ တောင်သူက သီးနှံပေါ်ပြီးတာနဲ့ ရောင်းလိုက်တာပဲ။ သီးနှံစိုက်တုန်းက ယူထားတဲ့မြေဆီဖိုးတို့ ပေးရတယ်။ နောက်စိုက်မယ့် သီးနှံအတွက် မျိုးစေ့ဝယ်ရတယ်။ ပိုတာကိုပဲ စားဝတ်နေရေးအတွက် လောက်ငှအောင် သုံးရတာ။ ကိုယ့်ယာခင်းက ဆီထွက်ပေမဲ့ စျေးသက်သာတဲ့ဆီ ပြန်ဝယ်စားကြတာ။ အထွက်ကောင်းပြီး စျေးကောင်းလွန်းတဲ့နှစ်မှ အပိုအလျှံလေးရှိတာ။ သီးနှံစျေးကောင်းလို့ ရွှေဝယ်စုနိုင်တယ်ဆိုတာနည်းသွားပြီ။ သီးနှံစျေးမကောင်းလို့ ရွှေရောင်းရင်းရတဲ့နှစ်က များလာပြီ” ဟု တောင်သူကိုဖိုးစိုးက ပြောပါတယ်။

အညာတောင်သူအတွက် အခြားသော အလုပ်အကိုင်အခွင့်အလမ်း နည်းပါတယ်။ လူအများကြီးကို အလုပ်ပေးနိုင်တဲ့ စက်ရုံအလုပ်ရုံဆိုတာလည်း မရှိသလောက်ပါ။ မြို့ပေါ်တက် ရောင်းဝယ်ဖောက်ကားဖို့ ဆိုတာလည်း စျေးဆိုင်ခန်းခ၊ နေစရာနဲ့ ကျောထောက်နောက်ခံမရှိရင် ခုနေချိန်အခါ မလွယ်လှပါ။

တောအရပ်မှာပဲ မိရိုးဖလာ လုပ်ကိုင်ရင်း နေထိုင်ရသော တောင်သူလုပ်ငန်းဆိုတာကလည်း ယခင်နည်းတူပင်။ စိုက်နေကျ သီးနှံစိုက်နေကျ အချိန်ရောက်ရင် စိုက်နေကျ နည်းစနစ်အတိုင်းပဲ စိုက်ပျိုးကြပါတယ်။ ဒါကြောင့်လည်း တောင်သူများဘဝဟာ ထူးပြီး ပြောင်းလဲသွားတာမျိုးမရှိပါ။

တောင်သူလုပ်ငန်း မတိုးတက်လို့ အခြားသောအရပ် အလုပ်ရှာလုပ်ကိုင်ကြတဲ့ လူငယ်တွေဆိုတာ နှစ်စဉ်တိုးနေတုန်းပဲ။ တချို့လည်း ငွေတိုးရှာ နိုင်ငံခြားထွက် အလုပ်လုပ်ကြရတယ်။ ဒါကြောင့်လည်း အညာမှာတစ်နှစ်ထက်တစ်နှစ် လူငယ်တောင်သူဆိုတာ ရှားလာတယ်။ ယာသိမ်းချိန်ရောက်ပြီဆိုရင် လူငယ်လုပ်သား မရှိတော့ဘူး။ ဘုရားပွဲအလှူအတန်းရောက်ပြီဆို အရင်လိုဖြီးလိမ်းပြင်ဆင်ထားတဲ့ လူငယ်တွေ မမြင်ရတော့ဘူး။ ရွာဘုရားပွဲအတွက် ကိုရီးယားရောက် လူငယ်များက ၁၀ သိန်းလှူတယ်ဆိုတာမျိုးပဲ ကြားရမြင်ရပါတော့တယ်။

အညာမှာ နေထိုင်သူတွေအတွက် ယခုနှစ်လို မိုးကောင်းတာမျိုး မကြုံဖူးပါ။ ရက်ပေါင်း ၅၀ နီးပါးလောက် မိုးရွာတာမျိုး မကြုံဖူးပါ။ မကောင်းတော့ဘူးထင်တဲ့ ပဲတီစိမ်းပင်များလည်း ပြန်လည်ရှင်သန် အထွက်ကောင်းခဲ့သလို စျေးကောင်းလို့ နောက်မှစိုက်တဲ့ ပဲစင်းငုံပင်များလည်း အတော်ဖြစ်ထွန်းပါတယ်။ လက်ရှိရိတ်သိမ်းနေတဲ့ မြေပဲလည်း အထွက်ကောင်းပါတယ်။ စိုက်ပျိုးပြီးစ နှမ်းပင်တွေနဲ့ သက်ရင့်မြေပဲတွေလည်း ကြီးထွားနေတုန်းပါပဲ။ သို့ပေမဲ့ တရိတ်ရိတ်တက်လာတဲ့ ကုန်စျေးနှုန်းကတော့ တောင်သူတွေကို ပျော်ခွင့်မပေးခဲ့ပါဘူး။ လာမယ့်နှမ်းသိမ်းချိန် မြေပဲသိမ်းချိန် ရောက်ရင်တော့ တောင်သူများသီးနှံ အထွက်ကောင်းပါစေကြောင်းနှင့် ကုန်စျေးနှုန်း ကျဆင်းပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။