ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲများနှင့် ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားသည့် မျိုးရိုးဗီဇကွဲ ဗိုင်းရပ်စ်များဖြစ်သော Alpha ၊ Delta ၊ Gamma ၊ Beta လေးမျိုးအနက် Delta ဗိုင်းရပ်စ်မျိုးကွဲက ကူးစက်မှုအမြန်ဆုံးဖြစ်ပြီး ကမ္ဘာ့နိုင်ငံဒေအသီးသီးတွင် ကူးစက်ပျ့ံနှံ့နေဆဲဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း ကိုဗစ်ရောဂါ စတင်ဖြစ်ပွားချိန်မှစပြီး ပထမလှိုင်း၊ ဒုတိယလှိုင်းတို့တွင် Delta ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှု မရှိခဲ့သော်လည်း တတိယလှိုင်းအတွင်း ယင်းဗိုင်းရပ်စ်၏ ကူးစက်မှုမြန်နှုန်းကြောင့် နိုင်ငံအတွင်း ကိုဗစ်ရောဂါ ကူးစက်ခံရသူများနှင့် သေဆုံးသူများစွာ ရှိခဲ့သည်။
ယင်းဗိုင်းရပ်စ်သည် အခြားနိုင်ငံများတွင်လည်း ကူးစက်ပျံ့နှံ့မှုကြောင့် ရောဂါထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်ကာကွယ်ဆေးများ အရှိန်မြှင့်ထိုးနှံခဲ့ကြသဖြင့် ရောဂါပိုးကူးစက်မှု လျော့နည်းလာကာ ကူးစက်ခံရပါကလည်း ပြင်းထန်သည့် ရောဂါလက္ခဏာများ မဖြစ်ပွားဘဲ ဆေးရုံတက်ရောက်ရမှုနှင့် သေဆုံးနှုန်း လျော့ကျလာသည်ကို တွေ့ရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ အခြေအနေအရ ကူးစက်မှု မြင့်မားခဲ့သည့် ဇူလိုင်နှင့်သြဂုတ်လများနှင့် နှိုင်းယှဉ်ပါက ဖြစ်ပွားမှု လျော့ကျလာသော်လည်း နိုင်ငံအတွင်း နောက်ထပ်လှိုင်းများ မဖြစ်ပွားစေရေးအတွက် နိုင်ငံအတွင်း ကာကွယ်ဆေးလွှမ်းခြုံရေးက အလွန်အရေးကြီးလျက်ရှိသည်။
ပျံ့နှံနေဆဲ Delta ဗိုင်းရပ်စ်နှင့် ကာကွယ်ဆေးထိုးနှံမှု အရေးကြီးပုံ
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံခြင်းက Delta ဗိုင်းရပ်စ် မျိုးကွဲကူးစက်ခံရမှု အပါအဝင် ပြင်းထန် COVID-19 ရောဂါ အခြေအနေ မဖြစ်ပွားစေရန် ထိရောက်မှုအား ကောင်းစွာကာကွယ်ပေးနိုင်ကြောင်းကို ပြင်သစ်နိုင်ငံရှိ သုတေသနလေ့လာမှုကြီးတစ်ခုတွင် တွေ့ရှိထားသည်။
COVID-19 ကူးစက်မှု အခြေအနေမဟုတ်ဘဲ COVID-19 ကူးစက်မှုကြောင့် ပြင်းထန်ရောဂါ အခြေအနေနှင့် သေဆုံးမှုအခြေအနေကို ကာကွယ်နိုင်မှုနှင့် ပတ်သက်၍ ဦးတည်လုပ်ဆောင်ခဲ့သော သုတေသနလေ့လာမှုတွင် အသက် ၅၀ ကျော်အရွယ် လူ ၂၂ သန်းကို လေ့လာခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပြီးသူများတွင် COVID-19 ကြောင့် ဆေးရုံတက်ရောက် ကုသမှုခံယူနိုင်ခြေ သို့မဟုတ် သေဆုံးနိုင်ခြေမှာ ရာခိုင်နှုန်း ၉၀ အောက် လျော့နည်းကြောင်းကို တွေ့ရှိခဲ့သည်။
ပြင်သစ်တွင် COVID-19 ကာကွယ်ဆေးထိုးနှံမှု အစီအစဉ် စတင်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ၌ စတင်စုဆောင်းခဲ့သည့် အချက်အလက်များကိုလေ့လာရာ၌ ကာကွယ်ဆေးထိုးနှံပြီးသူ ၁၁ သန်း၏ ရလဒ်များနှင့် ကာကွယ်ဆေးမထိုးနှံရသေးသူ ၁၁ သန်း၏ ရလဒ်များကို နှိုင်းယှဉ်လေ့လာခဲ့သည်။
အဆိုပါ သုတေသနတွေ့ရှိချက်များအရ ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားခြင်းက ရောဂါကူးစက်မှုများကို ဟန့်တားနိုင်သလို ရောဂါအပြင်းအထန်ခံစားရမှုနှင့် သေဆုံးနိုင်ခြေကိုလည်း လျော့ကျနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲများ ကူးစက်လျက်ရှိပြီး ယင်းအနက် Delta မျိုးကွဲက ကူးစက်မှုမြန်ဆန်သည့်အပြင် ရောဂါပြင်းထန်မှုများ ခံစားရနိုင်သဖြင့် ယင်းဗိုင်းရပ်စ်၏ ဖြစ်ပွားမှုလျှော့ချ ဟန့်တားရေးတွင် ကာကွယ်ဆေးထိုးနှံမှုက အရေးကြီးလျက်ရှိသည်။
“COVID-19 ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ ရောဂါကာကွယ်ရေးအတွက် ရေရှည်အကျိုးရလဒ် ရရှိဖို့အနေနဲ့ ဆောင်ရွက်သင့်တာ၊ တစ်ခုတည်းသောထွက်ပေါက်လို့ ပြောလို့ရတာက ကာကွယ်ဆေးထိုးနှံခြင်း ဖြစ်ပါတယ်။ ကာကွယ်ဆေးတွေက ဘာကြောင့် အရေးပါလာသလဲဆိုတာနဲ့ပတ်သက်လို့ တင်ပြရရင် လူသားတွေအနေနဲ့ ကပ်ရောဂါတွေဆိုတာ အခုမှရင်ဆိုင်ရတာ မဟုတ်ပါဘူး။ COVID-19 ရောဂါ မတိုင်ခင်ကလည်း ကပ်ရောဂါတွေ အများအပြား ရင်ဆိုင်ခဲ့ရတယ်။ အဲဒီရောဂါတွေကြောင့် သမိုင်းမှာ လူသန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရတာတွေ ရှိခဲ့ပါတယ်။ အခု COVID-19 ရောဂါကိုလည်း နောက်ဆုံးကပ်ရောဂါလို့ ပြောလို့မရသေးဘူး။ နောက်ထပ်အသစ်ဖြစ်ပေါ်လာနိုင်တဲ့ ကပ်ရောဂါတွေ ရှိလာနိုင်သေးတယ်။ အဲဒါကို Emerging infectious Diseases လို့ ခေါ်တယ်။ တစ်ဖက်မှာလည်း လတ်တလောမှာ ဖြစ်ပွားမှုကျဆင်းနေပေမဲ့ ပြန်လည်ခေါင်းထောင်လာနိုင်တဲ့ ကူးစက်ရောဂါတွေရှိပြီး Reemerging လို့ ခေါ်ပါတယ်။ ဒီလို Emerging နဲ့ Reemerging infectious Diseases တွေရဲ့ သဘောအနေနဲ့ကလည်း ကပ်ရောဂါအသွင် ဖြစ်ပွားနိုင်တာ ဖြစ်ပါတယ်။ ဒီလိုကူးစက်ရောဂါတွေအနေနဲ့ အလွန်ကြီးမားတဲ့ကပ်ရောဂါ အသွင်ဖြစ်ပွားလာနိုင်တာတွေကို ဖြေရှင်းနိုင်တဲ့ ထိရောက်တဲ့ စုပေါင်းနည်းလမ်းကတော့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး Global Health ဖြစ်ပြီး Global Health လုပ်ငန်းစဉ်မှာ အလွန်အစွမ်းထက်တဲ့လက်နက်ကလည်း ကာကွယ်ဆေး ကျယ်ပြန့်စွာ ထိုးနှံခြင်းပဲဖြစ်ပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောကြားထားသည်။
လက်ရှိတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အရေးပေါ်အသုံးပြုခွင့် ပြုထားသည့် ကာကွယ်ဆေးအနက် မြန်မာနိုင်ငံတွင် Covishield ၊ Sinopharm နှင့် Sinovac ကာကွယ်ဆေးတို့ကို အသုံးပြုထိုးနှံလျက်ရှိသည်။
ထို့ပြင် တရုတ်နိုင်ငံထုတ် Sinopharm နှင့် Sinovac ကာကွယ်ဆေးများသည် WHO ၏ အသိအမှတ်ပြုထားသည့် ကာကွယ်ဆေးများဖြစ်ပြီး ဗီဇပြောင်းပိုးများကိုလည်း ရာခိုင်နှုန်း ၆၀ မှ ရာခိုင်နှုန်း ၇၀ အထိ ကာကွယ်နိုင်ကာ အသက် ၁၈ နှစ်အထက်မှစ၍ အသက်အကန့်အသတ်မရှိ ထိုးနှံနိုင်ကြောင်း WHO ၏ လမ်းညွှန်ချက်တွင် ပါဝင်ကြောင်း သိရသည်။
“ကျွန်တော်တို့ လက်ရှိထိုးနှံနေတဲ့ ကာကွယ်ဆေး Covishield ၊ Sinovac ၊ Sinopharm တွေက ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်အသုံးပြုခွင့် ပေးထားတဲ့ဆေးတွေ ဖြစ်ပါတယ်။ စိတ်ချလက်ချထိုးနှံဖို့ လိုပါတယ်။ ဆေးရုံတက်ရောက်ရမှု၊ ရောဂါပြင်းထန်မှုတွေက အခုလို Delta ဖြစ်တဲ့အချိန်မှာတောင် သိသိသာသာလျှော့ချနိုင်တယ်ဆိုတော့ ကာကွယ်ဆေးရဲ့ ကောင်းကျိုးတွေက အများကြီးဖြစ်ပါတယ်” ဟု ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။
Sinopharm ကာကွယ်ဆေး ထိုးထားပါက အသက် ၆၀ အထက်တွင် သေဆုံးမှု ၈၄ ရာခိုင်နှုန်း ကာကွယ်နိုင်ကြောင်း၊ အသက် ၆၀ မှ ၆၉ နှစ်ကြားတွင် ၈၀ ဒသမ ၂ ရာခိုင်နှုန်း၊ အသက် ၇၀ မှ ၇၉ ကြားတွင် ၈၈ ဒသမ ၃ ရာခိုင်နှုန်း ကာကွယ်နိုင်ပြီး အသက် ၈၀ အထက်၌ ၇၇ ဒသမ ၆ ရာခိုင်နှုန်း သေဆုံးမှုမှ ကာကွယ်နိုင်ကြောင်းနှင့် တစ်ကြိမ်ထိုးရုံဖြင့် အသက် ၆၀ အထက်တွင် ၆၁ ဒသမ ၆ ရာခိုင်နှုန်း သေဆုံးမှုမှ ကာကွယ်နိုင်ကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံမှုအနေဖြင့် တရားဝင်ခွင့်ပြုထားသည့် ပုဂ္ဂလိကကဏ္ဍ ကာကွယ်ဆေးထိုးနှံမှုများနှင့် ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေးရရှိမှုအပေါ် မူတည်ပြီး ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
မြန်မာနိုင်ငံ၏ COVID-19 ရောဂါ လျော့ကျလာမှုနှင့် ကာကွယ်ဆေး လွှမ်းခြုံနိုင်မှုအခြေအနေ
အရှေ့တောင်အာရှဒေသတွင်း အချို့နိုင်ငံများအနေဖြင့် အဆိုးဆုံး COVID-19 ကူးစက်မှုလှိုင်းကို ရင်ဆိုင်ခဲ့ရပြီး ကာကွယ်ဆေးထိုးနှံမှုများကို အရှိန်မြှင့်တင်ဆောင်ရွက်မှုနှင့် ပြည်ပခရီးသွား ပြန်လည်ဝင်ရောက်ခွင့်ပြုချက်များနှင့် စည်းမျဉ်းစည်းကမ်းများ ရုပ်သိမ်းမှု စတင်ကာ စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေကြသည်။
ယင်းသို့ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံများကို ကြည့်ပါက နိုင်ငံအတွင်း လူဦးရေ၏ ရာခိုင်နှုန်း ၇၀ မှ ရာခိုင်နှုန်း ၉၀ အထိ ကာကွယ်ဆေးထိုးနှံထားပြီးသည့်နိုင်ငံများ ဖြစ်သည်။
မြန်မာနိုင်ငံ၌ မေ ၂၇ ရက်မှစ၍ COVID-19 ရောဂါပိုးတွေ့လူနာ ပြန်လည်များပြားလာပြီး ကိုဗစ်တတိယလှိုင်းကို အစပျိုးဖြစ်ပွားလာခဲ့ပြီး ဇွန်လအတွင်း ပိုးတွေ့လူနာ ၁၀၀ ကျော်မှ ၁၅၀၀ ကျော်အထိ တွေ့ရှိခဲ့သည်။
ထို့နောက် ဇူလိုင်လအတွင်း ပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၂၀ မှ ရာခိုင်နှုန်း ၄၀ ကျော်အထိ မြင့်တက်ခဲ့ပြီး ရက်အလိုက်သေဆုံးသူ မြင့်တက်ခဲ့ကာ ကိုဗစ်တတိယလှိုင်းကို အပြင်းထန်ဆုံး ရင်ဆိုင်ခဲ့ရသည်။
သြဂုတ် ၅ ရက်နောက်ပိုင်းမှ စတင်ကာ ရောဂါပိုးတွေ့ရှိမှုနှုန်း လျော့ကျလာခဲ့ပြီး ပိုးတွေ့ရှိမှု သိသိသာသာလျော့ကျခဲ့သည့် စက်တင်ဘာလအစပိုင်းတွင် သေဆုံးသူ ၁၀၀ ဝန်းကျင်ရှိခဲ့ပြီး လကုန်ပိုင်းတွင် သေဆုံးသူ ၅၀ ဝန်းကျင်အထိ လျော့ကျခဲ့ကာ အောက်တိုဘာလ ဒုတိယပတ်အတွင်း ရောဂါပိုးတွေ့ရှိမှုနှုန်း ရှစ်ရာခိုင်နှုန်းဝန်းကျင်နှင့် နေ့စဉ်သေဆုံးသူ ၅၀ အောက် လျော့ကျခဲ့သည်။
လက်ရှိတွင် တစ်နိုင်ငံလုံး အနေဖြင့် COVID-19 ရောဂါ ဖြစ်ပွားမှုများမှာ တည်ငြိမ်စပြုနေပြီဖြစ်ပြီး ပိုးတွေ့ရှိသူအရေအတွက်မှာလည်း ကျဆင်းလာပြီဖြစ်သော်လည်း အချို့တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ပိုးတွေ့ရှိမှုနှုန်းနှင့် ပိုးတွေ့ရှိသူအရေအတွက် များပြားလျက်ရှိနေသည့်အတွက် တစ်နိုင်ငံလုံးတွင် ပိုးတွေ့ရှိမှုနှုန်းအနေဖြင့် ၇ ဒသမ ၈ ရာခိုင်နှုန်းမှ ၇ ဒသမ ၉ ရာခိုင်နှုန်းခန့်တွင် တန်းလျက်ရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ၁၄ ရက်အထိ လူဦးရေ စုစုပေါင်း ၁၀ ဒသမ ၉ သန်းအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ ၄ ဒသမ ၃ သန်းနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၆ ဒသမ ၆ သန်း ရှိပြီဖြစ်သည်။
ထို့ကြောင့် အောက်တိုဘာ ၁၄ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၁၅ ဒသမ ၂ သန်း ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကာကွယ်ဆေးလွှမ်းခြုံမှု နည်းနေသေးသည့်အတွက် ကာကွယ်ဆေးထိုးပြီးသူများကို ရောဂါပိုး ရှိ၊ မရှိ မစစ်ဆေးရန်၊ Quarantine မဝင်ရန်စသည်တို့ကို ခွင့်ပြုထားခြင်းမရှိသေးကြောင်း သိရသည်။
“မြန်မာနိုင်ငံက ကာကွယ်ဆေး လွှမ်းခြုံမှုက ရည်မှန်းထားတဲ့ လူဦးရေရဲ့ လေးပုံတစ်ပုံထက် နည်းနေပါသေးတယ်။ ဒါကြောင့် လောလောဆယ်မှာ ကာကွယ်ဆေးထိုးပြီးသူကို ရောဂါပိုး ရှိ၊ မရှိ မစစ်ဆေးဖို့၊ Quarantine မဝင်ဖို့တွေကို ခွင့်ပြုမထားသေးပါဘူး။ ခရီးသွားတဲ့အရပ်ဒေသက ကူးစက်မှုများနေရင်၊ ကာကွယ်ဆေးမထိုးရသေးသူများနေရင် ကိုယ်ကတစ်ဆင့် ကူးစက်နိုင်ဖို့ အခွင့်အလမ်းများပါတယ်။ ဒါက မိမိအတွက်ရော၊ ပတ်ဝန်းကျင်အတွက်ရော၊ နိုင်ငံအတွက်ပါ လိုအပ်တဲ့ ရောဂါထိန်းချုပ်ရေး အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပြီးရင် QR ကုတ်ပါတဲ့ ကတ်ကို ပေးလိုက်မှာဖြစ်ပါတယ်။ မဖြစ်မနေ ခရီးသွားဖို့လိုအပ်တယ်ဆိုရင် ဒီကတ်ကို ယူဆောင်သွားပါ” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေးထိုးနှံမှုအနေဖြင့် ဦးစားပေးလူအုပ်စုများကို တိုးချဲ့ထိုးနှံ ပေးလျက်ရှိပြီး မသန်စွမ်းသူများ အုပ်စု၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များအုပ်စု၊ ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများမှ ပြည်သူလူထုအုပ်စု၊ နာတာရှည်နှင့် မကူးစက်နိုင်သောရောဂါရှိသူများ အုပ်စုများကို ထိုးနှံပေးလျက်ရှိသည်။
ထို့ပြင် ကာကွယ်ဆေးထိုးနှံခြင်းကို နိုင်ငံတစ်ဝန်းရှိ မြို့နယ်များတွင် ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်၌ ကျောင်းအပ်နှံထားပြီး ကျောင်းတက်ရသည့်အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားကျောင်းသူများ ရည်မှန်းဦးရေ တစ်သန်းခန့်ကို စတင်၍ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
တရုတ်နိုင်ငံက ထုတ်လုပ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ် အသုံးပြုခွင့်ပေးထားသော Sinovac ကာကွယ်ဆေးကို ကျောင်းသားကျောင်းသူများအား ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးရရှိမှုအပေါ် မူတည်၍ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းများရှိ ကျောင်းသူကျောင်းသားများကို ဦးစားပေးအလိုက်ထိုးနှံပေးသွားမည်ဖြစ်သည်။
ကလေးများတွင် ဖြစ်ပွားသေဆုံးမှု အလွန်နည်းသော်လည်း ကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် ရောဂါဖြစ်ပွားမှု ကူးစက်လျော့နည်းစေပြီး အိမ်နီးချင်းနိုင်ငံ အနည်းငယ်နှင့် ကမ္ဘာ့နိုင်ငံတချို့တွင်လည်း ထိုးနှံပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ် အထက် ၃၆ ဒသမ ၉ သန်းရှိပြီး ကာကွယ်ဆေးနှစ်ကြိမ်ထိုးရမည် ဖြစ်သည့်အတွက် ကာကွယ်ဆေး ၃၆ သန်းကျော်လိုအပ်ပြီး လက်ရှိအနေအထားအရ မရှိသေးကြောင်းနှင့် အမြန်ဆုံးရရှိရန် ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှု လျော့ကျလာသည်ဆိုသော်လည်း Delta အပါအဝင် မျိုးကွဲများ၏ ကူးစက်မှုနှင့် ရောဂါပြင်းထန်စွာခံစားရမှုများ မဖြစ်ပွားစေရန်နှင့် ကိုဗစ်ရောဂါသည် ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သဖြင့် ရောဂါကူးစက်ခံရမှု ဟန့်တားထိန်းချုပ်နိုင်စေရန် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရန် လိုအပ်နေကြောင်း ကျန်းမာရေးပညာရှင်များက ပြောကြားသည်။