COVID-19 နှင့် ‌မြောက်ကိုရီးယား၏ နိုင်ငံရေးကစားပွဲ

COVID-19 နှင့် ‌မြောက်ကိုရီးယား၏ နိုင်ငံရေးကစားပွဲ
Published 15 October 2021
ရာဇ

၂၀၂၀ ပြည့်နှစ် အစောပိုင်းကာလများက မြောက်ကိုရီးယားသည် ၎င်း၏နိုင်ငံအတွင်း COVID-19 ကပ်‌ရောဂါ ကူးစက်ပျံ့နှံ့မည့်အရေးကို လွန်စွာစိုးရိမ်ထိတ်လန့်ခဲ့ပုံပေါ်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းရောဂါသာ နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားလာခဲ့မည်ဆိုပါက ၎င်း၏ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် ထိန်းချုပ်နိုင်မည် မဟုတ်သည်ကို သိရှိနားလည်ထားခြင်းကြောင့် ဖြစ်သည်။

ကနဦးလက်ခံရမည့်အချက်မှာ မြောက်ကိုရီးယားသည် အခြားနိုင်ငံများကဲ့ သို့ ကပ်ရောဂါ ဆိုးဆိုးရွားရွားဖြစ်ပွားသည့် အခြေအနေကို ကြံတွေ့ခဲ့ရခြင်းမရှိသည့်အချက် ဖြစ်သည်။ သို့သော် မြောက်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိဆိုသည့် အချက်ကိုမူ ကျိန်းသေပြောရန် ခက်ခဲလှသည်။

‌မြောက်ကိုရီးယားအစိုးရ၏ ကြေညာချက်အရမူ နိုင်ငံအတွင်း ရောဂါကူးစက်သူ တစ်ဦးမျှမရှိဟု ဆိုသည်။သို့သော်လည်း ယင်းကြေညာချက်ကို အနောက်နိုင်ငံများက ယုံကြည်ခြင်းမရှိခဲ့ပေ။

အကယ်၍ ယင်းကြေညာချက်သည် မှန်ကန်ခဲ့သည်ဆိုသည့်တိုင် ကပ်ရောဂါသည် မြောက်ကိုရီးယားကို တစ်နည်းနည်းဖြင့် ထိခိုက်စေမည်မှာ အမှန်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြောက်ကိုရီးယားသည် ကပ်ရောဂါအစောပိုင်းကာလ ဖြစ်သည့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလကတည်းကပင် ၎င်း၏နယ်စပ်များကို ပိတ်ပင်ခဲ့ခြင်းကြောင့်ဖြစ်သည်။

ယင်းကဲ့သို့ နယ်စပ်များကို ပိတ်ပင်ခဲ့ခြင်းသည် ယခင်ကတည်းက နိုင်ငံတကာ၏ ပိတ်ဆို့မှုများနှင့် အကန့်အသတ်ဖြင့် ကုန်သွယ်ခွင့်ရရှိထားသည့် မြောက်ကိုရီးယားအတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။

အတိတ်ကာလများက ‌မြောက်ကိုရီးယားသည် တရုတ်နယ်စပ်မှဖြတ်ပြီး တရားမဝင်သည့် ကုန်သွယ်မှုများပြုလုပ်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ ကျားကန်ပေးနိုင်ခဲ့သည်။ သို့သော်လည်း ကပ်ရောဂါကြောင့် နယ်စပ်များကို ပိတ်လိုက်သည့်အခါတွင် ယင်းကုန်သွယ်မှုလမ်းကြောင်းလည်း ပြတ်တောက်သွားခဲ့သည်။

ရလဒ်အနေဖြင့် မြောက်ကိုရီးယားသည် အလွန်ဆိုးရွားသည့် စားနပ်ရိက္ခာ ပြတ်လပ်မှုကို ရင်ဆိုင်ခဲ့ရသည်။ တရုတ်နှင့် တရားဝင်မှုရှိသည့် ကုန်သွယ်ရေးနှင့် တရားဝင်မှုမရှိသည့် ကုန်သွယ်ရေးတို့ လျော့ကျသွားခဲ့မှုနှင့်အတူ တရုတ်နိုင်ငံသည်လည်း ကပ်ရောဂါကြောင့် ၎င်း၏စီးပွားရေး လှုပ်ရှားမှုများကို လျှော့ချခဲ့ချိန်တွင် မြောက်ကိုရီးယားမှ တရုတ်သို့ရောင်းချနေသည့် ကုန်စည်များနှင့် တရုတ်ထံမှ ဝယ်ယူနေရသည့် လူသုံးကုန်နှင့် စားနပ်ရိက္ခာ ကုန်သွယ်မှု လမ်းကြောင်းသည်လည်း ပြတ်တောက်သွားခဲ့သည်။

စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် တိုင်းပြည်ဝင်ငွေ လျော့နည်းလာမှုတို့ကြောင့် ယခင်ကတည်းက အားနည်းချက်ရှိနေသည့် မြောက်ကိုရီးယားပြည်သူများအပေါ် စားနပ်ရိက္ခာ ငတ်မွတ်ခေါင်းပါးသည့် အန္တရာယ်များ မြင့်တက်လာနိုင်သည်ဟု ကုလသမဂ္ဂ၏ ကျွမ်းကျင်သူများက သတိပေးခဲ့ကြသည်။

ယင်းအခြေအနေများကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ဖုံးကွယ်ထားခြင်းမရှိဘဲ လူသိရှင်ကြား ဝန်ခံပြောဆိုခဲ့မှုသည် စိတ်ဝင်စားဖွယ်ကောင်းသည့် အချက်ဖြစ်သည်။ ၎င်း၏ အစိုးရအဖွဲ့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ပြည်သူလူထု၏ အမြင်တွင် ကောင်းမွန်သည့်ပုံရိပ်ကို ပြသရန်လိုအပ်နေသည်။

ပြီးခဲ့သည့်‌နွေရာသီက မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာသည် ကင်၏ ကိုယ်အလေးချိန် လျော့ကျသွားသည့် ရုပ်ပုံများကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ပြီး ယင်းရုပ်ပုံများနှင့် ပတ်သက်ပြီး ပြည်သူများကို မှတ်ချက်ပေးခွင့်ကို ရှားရှားပါးပါး ခွင့်ပြုခဲ့သည်။

ယင်းကိုထောက်ရှုခြင်းအားဖြင့် ကပ်ရောဂါနှင့် နိုင်ငံတကာ၏ ပိတ်ဆို့မှုများသည် ကင်အတွက် အရေးအကြီးဆုံး ပြဿနာများ ဖြစ်နေသည်ကို ပြသရာရောက်ခဲ့သည်။ နိုင်ငံအတွင်းဖြစ်ပွားနေသည့် ဆိုးရွားသည့် အခြေအနေများကြောင့် ကင်သည် ၎င်း၏အပြုအမူအချို့ကို ပြောင်းလဲခဲ့သည်။

ကင်သည် စားနပ်ရိက္ခာပြတ်လပ်မှုများကြောင့် အလွန်အမင်းထိခိုက်ခံစားနေရပုံကို ပြည်သူများကို ပြသခဲ့ပြီး နိုင်ငံတကာ၏ ပိတ်ဆို့မှုများကို အပြစ်ပုံချခဲ့သည်။ ထို့အတူ ၎င်း၏အစိုးရက ကပ်ရောဂါကို ကာကွယ်တားဆီးနိုင်ခဲ့သည့်အချက်ကို အ‌လေးပေးပြောဆိုခဲ့ပြီး ပြည်သူများ၏ ယုံကြည်မှုကို စည်းရုံးသိမ်းသွင်းခဲ့သည်။

ဥပမာပြရလျှင် မြောက်ကိုရီးယားသည် ပြီးခဲ့သည့်‌နွေရာသီက ကျင်းပခဲ့သည့် တိုကျိုအိုလံပစ်ပြိုင်ပွဲကို အားကစားသမားများ စေလွှတ်ခြင်းမရှိခဲ့ဘဲ ယင်းပြိုင်ပွဲသို့ အားကစားသမားများ စေလွှတ်ခဲ့မည်ဆိုလျှင် ဗိုင်းရပ်စ်ကူးစက်ခံရနိုင်သည့် အားကစားသမားများသည် နိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လာနိုင်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် ၎င်းတို့အစိုးရအဖွဲ့၏ ကပ်ရောဂါ ထိန်းချုပ်မှုပုံစံကို ပြည်သူများ ယုံကြည်စေရန် လုပ်ဆောင်ပြခဲ့သည်။

ယင်းသည် ၁၉၈၈ ဆိုးလ်အိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်ခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယားအတွက် ‌နွေရာသီအိုလံပစ်ကို ပါဝင်ယှဉ်ပြိုင်ခြင်းမရှိသည့် ပထမဆုံးအိုလံပစ် ဖြစ်လာခဲ့သည်။ ထို့ပြင် ကပ်ရောဂါကြောင့် အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုသည့် တစ်ခုတည်းသော အင်အားကြီးနိုင်ငံ ဖြစ်ခဲ့သည်။

မြောက်ကိုရီးယားသည် ၂၀၂၁ ခုနှစ် တစ်နှစ်လုံး အ‌ရေးကြီးသည့် ပွဲအခမ်းအနားများကို ပါဝင်ခြင်းမရှိခဲ့ဘဲ စက်တင်ဘာလတွင်မူ နိုင်ငံထူထောင်သည့် ၇၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကိုလည်း ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် တိတ်ဆိပ်စွာ ပြုလုပ်ခဲ့သည်။

ယင်းနှစ်ပတ်လည် အခမ်းအနားတွင် ယခင်ကစစ်ယူနီဖောင်းများဖြင့် စစ်ရေးပြချီတက်လေ့ရှိသည့် မြောက်ကိုရီးယားစစ်သားများသည် စစ်ယူနီဖောင်းအစား ဘေးအန္တရာယ် ကာကွယ်ရေးဝတ်စုံများ ဝတ်ဆင်ထားသည်ကို တွေ့မြင်ခဲ့ရပြီး ပဲ့ထိန်းဒုံးကျည် အများအပြားကိုလည်း ပြသခဲ့ခြင်းမရှိပေ။

ကပ်ရောဂါကြောင့် စိုးရိမ်ထိတ်လန့်မှုများနှင့် မရေရာမှုများ ပတ်လည်ဝိုင်းနေသည့် အခြေအနေတွင် ကင်သည် စစ်ရေးအင်အားထက် အမျိုးသားစည်းလုံးညီညွတ်မှုကိုသာ အလေးပေးဖော်ပြခဲ့ပြီး ပြည်တွင်းမူဝါဒကို ချပြခဲ့သည်။

ယင်းကဲ့သို့ စိုးရိမ်ထိတ်လန့်မှုများနှင့် ရေရာမှုမရှိသည့် အခြေအနေတွင် မြောက်ကိုရီးယားသည် ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်စွမ်းရှိကြောင်း ယုံကြည်မှုရှိနေသည့် အရိပ်လက္ခဏာကို ပြသခဲ့သည်။

ပြီးခဲ့သည့်‌နွေရာသီက ‌မြောက်ကိုရီးယားသည် ကုလသမဂ္ဂ၏ ကာကွယ်ဆေး ထောက်ပံ့ရေး အစီအစဉ်ဖြစ်သည့် COVAX အစီအစဉ်မှရရှိသည့် တရုတ်၏ Sinovac ကာကွယ်ဆေး အလုံးရေ သုံးသန်းကို ငြင်းပယ်ခဲ့ပြီး ယင်းကာကွယ်ဆေးများကို ကာကွယ်ဆေးထောက်ပံ့မှု နိမ့်ကျနေပြီး ကူးစက်မှုနှုန်းမြင့်တက်နေသည့် နိုင်ငံများကိုပေးအပ်ရန် ‌မြောက်ကိုရီးယားက ကမ်းလှမ်းခဲ့သည်။ ထို့ပြင် ဇူလိုင်လအတွင်းကလည်း ‌မြောက်ကိုရီးယားသည် AstraZeneca ၏ ကာကွယ်ဆေးများကို ငြင်းပယ်ခဲ့သည်။

တောင်ကိုရီးယားထောက်လှမ်းရေး အေဂျင်စီနှင့်နီးစပ်မှုရှိသည့် အမျိုးသားလုံခြုံရေး မဟာဗျူဟာဌာနကမူ မြောက်ကိုရီးယားသည် Sinovac ကာကွယ်ဆေး၏ ထိရောက်မှုအပေါ် စိုးရိမ်မှုများရှိနေပြီး AstraZeneca ကာကွယ်ဆေး၏ သွေးခဲမှုပြဿနာအချို့ကြောင့် ယင်းကာကွယ်ဆေးများကို လက်ခံရန် ငြင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းကောက်ချက်ချမှုသည် မှန်ကန်ခဲ့မည်ဆိုလျှင် ‌မြောက်ကိုရီးယားသည် ကပ်ရောဂါထိန်းချုပ်မှု အပေါ်ယုံကြည်ချက်ရှိနေပြီး ၎င်းလိုချင်သည့် ကာကွယ်ဆေးအမျိုးအစားကိုသာ လက်ခံမည့် အနေအထားတွင် ရှိနေသည်။

သို့သော်လည်း ယင်းအချက်က မြောက်ကိုရီးယားသည် လက်ရှိအခြေအနေကို ကျေနပ်အားရမှုရှိနေသည် ဆိုသည့် အဓိပ္ပာယ်မျိုး သက်ရောက်ခြင်းမရှိပေ။ မကြာသေးမီက မြောက်ကိုရီးယားသည် ယွန်ဗြောင်နျူကလီးယားစက်ရုံတွင် လှုပ်ရှားမှုများနှင့် ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။

ယင်းလုပ်ဆောင်ချက်များသည် ‌မြောက်ကိုရီးယားအနေဖြင့် ဆွေး‌နွေးပွဲများ ပြုလုပ်လိုသည့်အချိန်တွင် နိုင်ငံတကာ၏ အာရုံကိုရယူသည့် နည်းလမ်းဟောင်းများ ဖြစ်သည်။ ကင်သည် ယခင်ကတည်းက ကမ္ဘာနိုင်ငံရေးကို သိရှိနားလည်ကြောင်းပြသခဲ့ပြီး ‌ဒေသတွင်းပထဝီနိုင်ငံရေး အခြေအနေကို အသုံးချပြီး မြောက်ကိုရီးယားအတွက် အကျိုးအမြတ်များရရှိစေရန် လုပ်ဆောင်ခဲ့သည်။

‌ကပ်ရောဂါကို ထိတ်လန့်ကြောက်ရွံ့မှုနှင့် ကာကွယ်ဆေးမရှိသည့် အနေအထားတွင် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများနှင့် နျူကလီးယားလှုပ်ရှားမှုများသည် နိုင်ငံတကာနှင့် ဆွေး‌နွေးပွဲစားပွဲဝိုင်းထံ ရောက်ရှိသွားခဲ့မည်ဆိုလျှင် မြောက်ကိုရီးယားအနေဖြင့် လက်ရှိ COVID-19 နှင့် ပတ်သက်ပြီး ကြုံတွေ့နေရသည့် အခက်အခဲများကြားထဲမှ ရုန်းထွက်နိုင်မည့် အလားအလာရှိနေနိုင်သည်။

ထို့ကြောင့် မြောက်ကိုရီးယားသည် ကပ်ရောဂါကို ထိန်းချုပ်နိုင်သည့်ဟန်ဖြင့် ၎င်းလိုချင်သည့် ကာကွယ်ဆေးအမျိုးအစားကို စောင့်ဆိုင်းနေဖွယ်ရှိကာ တစ်ချိန်တည်းမှာပင် နျူကလီးယားလှုပ်ရှားမှုများ၊ ဒုံးကျည်စမ်းသပ်မှုများဖြင့် ဆွေး‌နွေးပွဲစားပွဲဝိုင်းကို စောင့်ဆိုင်းနေပြီး ၎င်း၏အဓိကရည်မှန်းချက်ဖြစ်သည့် ပိတ်ဆို့မှုများ ရုပ်သိမ်းရေးလမ်းကြောင်းကို ဖောက်လုပ်နေမည်ဖြစ်သည်။