ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မြစ်ဆုံတွင် စက်ကြီးများဖြင့် ရွှေကျင်နေခြင်းကို ကန့်ကွက်ကြောင်း တန်ဖဲမြစ်ဆုံဒေသခံ ကန့်ကွက်သူများအဖွဲ့ ထုတ်ပြန်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မြစ်ဆုံတွင် စက်ကြီးများဖြင့် ရွှေကျင်နေခြင်းကို ကန့်ကွက်ကြောင်း တန်ဖဲမြစ်ဆုံဒေသခံ ကန့်ကွက်သူများအဖွဲ့ ထုတ်ပြန်
Published 14 October 2021
ထွန်းလင်းအောင် (မြစ်ကြီးနား)

ကချင်ပြည်နယ် မြစ်ဆုံအနီးဝန်းကျင် မြေတူးနေမှုအား တွေ့ရစဉ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မြစ် ဆုံတွင်  စက်ကြီး များဖြင့် ရွှေကျင်လုပ်ငန်းများ လုပ်ဆောင်နေခြင်းအား ကန့်ကွက်ကြောင်း တန်ဆဲမြစ်ဆုံဒေသခံကန့်ကွက်သူများ အဖွဲ့ က အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန် သည်။

 အဆိုပါထုတ်ပြန်ချက်တွင် မြစ်ဆုံဒေသသည် တစ်မျိုးသားလုံး တန်ဖိုးထားသည့် သဘာဝတရား တစ်ခုဖြစ်ကြောင်း၊ ရွှေတူး ဖော်ခြင်းကြောင့် အထင်ကရနေရာများ ပျက်စီးဆုံးရှုံးခြင်း၊ နောက်ဆက်တွဲဆိုးကျိုးများ နှင့် လူမှုပြဿနာများဖြစ်ပေါ်လာနိုင်ခြင်းကြောင့် ယခင်ကာလက တူးဖော်ခဲ့မှုများ ရပ် ဆိုင်းခဲ့ပြီဖြစ်ကြောင်း၊ ယခုတစ်ကြိမ်တွင် မြစ်ဆုံ ကမ်း ပြန်လည်ပြုပြင်ထိန်းသိမ်းရေးနှင့် သာယာလှပရေးခေါင်းစဉ်ဖြင့် ရွှေတူး လာခြင်းဖြစ်ကြောင်း၊ ပြုပြင်ထားသည့်မြေသည် မူလမြေကဲ့သို့ခိုင်မာကျစ်လစ်ပြည်စုံမှုရှိမည် မဟုတ်ကြောင်း၊ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်လာပါက ရွှေတူးဖော်သူများ၊ ခွင့်ပြုသူ များ၊ အားပေးထောက်ခံသူများ၏ တာဝန် သာဖြစ်ကြောင်း  ဖော်ပြထားသည်။

ဒေသခံများပြောဆိုချက်အရ မြစ်ဆုံ အပန်းဖြေစခန်းအထက် မေလိခမြစ်ကမ်း အနီး ဧက ၃၀ ခန့် ကွင်းပြင်းပေါ်တွင် တူး ဖော်နေခြင်းဖြစ်ပြီး မြစ်ကြောင်း ပြောင်းလဲ ကာ ရေလမ်းကြောင်းပြောင်းကာ ကျေးရွာ နှင့် အပန်းဖြေစခန်းကို ထိခိုက်လာနိုင်သည့် အခြေအနေကြောင့် တားမြစ်ရခြင်းဖြစ် ကြောင်း ပြောကြား သည်။  

မြစ်ဆုံကျေးရွာဒေသခံရပ်မိရပ်ဖ တစ်ဦး က “ဒီနေရာကလွန် ၁၉၅၈ ခုနှစ်ရေလမ်း ကြောင်းပြောင်းဖူးတယ်။အဓိကတော့ရေ လမ်းလွဲပြီး အခုအပန်းဖြေစခန်းကိုရေစား သွားနိုင်တယ်။နောက်ပြီးအပန်းဖြေစခန်း နောက်ကျောရေလမ်းကြောင်းဝင်နိုင်တဲ့ လမ်းကြောင်းရှိတယ်။ အဲဒါကြောင့်ကန့်ကွက်ကြတာပါ။ တူးနေကြတော့တွေ့တာ ဘက်ဖိုးတွေ၊ မြေသယ်ကားတွေပါတယ်။အရင် ဦးသိန်းစိန်အစိုးရလက်ထက်နှင့် အဲထက် အရင်လက်ထက်ကတူးခဲ့ကြတာ ရပ်ဆိုင်းနေပြီ။ မြစ်ဆုံသွားတဲ့လမ်းဘယ်ဘက်ခြမ်းက ကျင်းတွေဟာ အဲဒီတုန်းကတူးထားတာ။အခု ခေတ်မကောင်းတော့ ပြန်လုပ်ကြတာပေါ့။ ရွှေက အရင် မေလိခ မြစ်ကြမ်းပြင် ဟောင်းတော့ များများရလို့ နေမှာပေါ့။ အထက်ဘက်မှာ လည်း တူးနေကြတာ ရွှေမှော်တောင် မရေမ တွက်နိုင်ပါပဲ။ မြစ်ဆုံနေရာလေးတော့ ကျန် နေစေချင် တာပေါ့ဗျာ” ဟု ပြောကြားသည်။

ယခု ရွှေတူးဖော်နေသည့် နေရာတွင် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်  သြဂုတ် ၄ ရက် ကလည်း   မြစ်ဆုံဒေသရှိ ရွှေကျင်း ၁၂ ခုမှ လူ ပေါင်း ၆၁ ဦးကို ရွှေတူးဖော်သည့် ဆက်စပ် ပစ္စည်းများနှင့်အတူဖမ်းဆီးခဲ့သည်။

မြစ်ဆုံအနီးရှိကျေးရွာများမှာ မြစ်ဆုံ စီမံကိန်းကြောင့် အစိုးရမှချထားပေးသည့် ကျေးရွာများတွင် ရွှေ့ပြောင်းနေကြရသည်မှာ ဆယ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွေ့ရ မည့် ရွာပေါင်း ၄၇ ရွာ၊အိမ်ထောင်စု ၁၉၀၄ စု၊ လူဦးရေ ၁၀၅၀၅ ဦးရှိပြီး လက်ရှိတွင်   မြစ်ဆုံ(မလိဇွပ်)၊ တန်ဖဲ၊ ရွေပါး၊ ကဒန်ပါ၊ ဒွန် ဘန်၊ လဖျဲ့စသည့် ကျေးရွာများမှာ အောင်မြင် သာကျေးရွာနှင့် မလိယန်ကျေးရွာသို့ ရွေ့ ပြောင်းနေကြရခြင်းဖြစ်သည်။

ထို့အတူ အောင်မြင်သာကျေးရွာတွင် အိမ်ထောင်စု ၃၁၇ စု ၊လူဦးရေ ၂၀၇၅  ဦး၊မလိ ယန်ကျေးရွာတွင် အိမ်ထောင်စု ၁၂၀  လူဦး ရေ ၅၀၀ ကျော်ရှိပြီး အများစုမှာ ဝမ်းစာရှာဖွေရန် အခက်အခဲတွေ့လျက် ရှိကြောင်းယင်းဒေသတွင် နေထိုင်သူများ၏ပြောကြားချက်အရ သိရသည်။

CPI ကုမ္ပဏီသည် ဧရာဝတီ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် တည်ဆောက်ရန် မြစ်ဆုံ၊ချီဖွေ၊ဝူဆောက်၊ဖီဆော၊ ခေါင်လံဖူး၊ ယဲ့နန်၊ လာဆာတို့တွင် စီမံကိန်းခုနစ်ခုရှိပြီး စုစုပေါင်း စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၂၀၀၀၀ ခန့်ရှိပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှုန်း ၁၀၀ ဘီလျံယူနစ်ခန့်ရှိ မည်ဟု ယင်းကုမ္ပဏီ၏မှတ်တမ်းစာအုပ်တွင် ဖော်ပြထားသည်။ 

 ၂၀၁၀ ပြည့်နှစ် မေ ၂၈ ရက်တွင် နိုင်ငံတော်အစိုးရမှ မေခ-မလိခနှင့် ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ခြင်း၊မောင်းနှင်ဓာတ်အား ထုတ် လုပ်ခြင်း၊ပြန်လည်လွှဲပြောင်းခြင်းတို့ဆောင် ရွက်ရန် ရင်းနှီးမြှုပ်နှံခွင့် လိုင်စင်ထုတ်ပေးခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက်တွင် မြစ်ဆုံ ဆည်ရေကာတာစီမံကိန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်၌ ရပ်ဆိုင်း လိုက်ကြောင်း ကြေငြာခဲ့သည်မှာ  ၂၀၂၁ ခု နှစ် စက်တင်ဘာ ၃၀ ရက်တွင် ၁၀ နှစ်ပြည့်ခဲ့ ပြီဖြစ်သည်။

ဧရာဝတီမြစ်ဆုံ၊ မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းများ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ၁၂ ဦး သည် မြစ်ကြီးနားမြို့သို့ ၂၀၁၆ ခုနှစ် စက် တင်ဘာ ၁၅ ရက်တွင် ရောက်ရှိခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင် မြစ်ဆုံဒေသနှင့် လုပ်ငန်းခွင်များသို့ ကွင်းဆင်းလေ့လာခဲ့သည်။

ခရီးစဉ်သည် လေးရက်ကြာကြာမြင့်ခဲ့ ပြီး စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမတွင် လူထုနှင့် တွေ့ ဆုံခဲ့ကာ ဒေသခံများက ကန့်ကွက်မှုများပြု လုပ်ခဲ့သည်။

Most Read

Most Recent