မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူမီးရထားရပ်ကွက် ဗိုလ်မင်းရောင်လမ်း သိမ်ဖြူမီးပွိုင့်တွင် မြန်မာ့မီးရထား ဝန်ထမ်းတစ်ဦး သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခံရမှု အောက်တိုဘာ ၁၃ ရက် နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး အသက်သေဆုံးမှု ရှိ မရှိကိုမှု မသိရှိရကြောင်း၊ ၎င်းကိုမှု လူနာတင်ယာဉ်ဖြင့် သယ်ဆောင်သွားကြောင်း သိမ်ဖြူမီးပွိုင့်အနီး နေထိုင်တစ်ဦးက ပြောကြားခဲ့သည်။
မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူမီးပွိုင့်အနီး နေထိုင်သူတစ်ဦးက "မနက်က ကျွန်တော်တို့ ဆိုင်ဖွင့်ခါစလောက်မှာ ဖြစ်သွားတာ။ သေနတ်ပစ်သံ သုံးချက်ကြားရတယ်။ မီးရထားက ဝန်ထမ်းတစ်ဦးပဲ။ သေသလား ရှင်သလားတော့ မသိရဘူး " ဟု ပြောကြားခဲ့သည်။
သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ မြန်မာ့မီးရထားမှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး ဦးထိန်ဝင်း (ခေါ်) ရန်ကင်းမောင် ဆိုသူဖြစ်ပြီး မြန်မာ့မီးရထား သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်းသိရသည်။
၎င်းသည် ရန်ကုန်ဘူတာကြီးမှ ဗိုလ်တထောင်မြို့နယ်ရှိ မီးရထားရုံးသို့ မော်တော်ယာဉ်ဖြင့် သွားရောက်စဉ် သိမ်ဖြူမီးပွိုင့်အရောက်တွင် အမည်မသိ လူတစ်ဦးက သေနတ်ဖြင့် သုံးချက် ပစ်ခတ်သွားကြောင်း သိရသည်။















