စက်သုံးဆီစျေးမြင့်တက်ခြင်းနှင့် သယ်ယူမှုအခက်အခဲများကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ရှိ ရွှေတူးဖော်ရေးလုပ်ငန်းများတွင် စက်သုံးဆီလုံလောက်စွာမရရှိသည့် အခက်အခဲဖြစ်နေကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ်ရှိ ရွှေတူးဖော်ရေးလုပ်ငန်းများတွင် စက်သုံးဆီအဖြစ် မုံရွာချက်ဆီကို အသုံးပြုကြကာ ထိုဆီများသည် အောက်တိုဘာလ ပထမအပတ်တွင် အမြင့်ဆုံးမြင့်တက်ခဲ့ကာ ထိုဆီများကိုသယ်ယူသည့် မော်တော်များ၊ ကားများ သွားလာရေးအခက်အခဲရှိခြင်းတို့ကြောင့် ဟုမ္မလင်းမြိုနယ်ရှိ ရွှေတူးဖော်ရေး လုပ်ငန်းများတွင် စက်သုံးဆီရှားပါးသည့် အခြေအနေဖြစ်နေကြောင်း သိရသည်။
“စက်သုံးဆီက လုံလောက်မှုမရှိဘူး။ တချို့ဆိုရင် လုပ်ငန်းနားထားရတယ်။ စက်သုံးဆီက မုံရွာချက်ဆီကို ဒီဘက်ရောက်ရင် လေးသိန်းခွဲလောက်အထိကို ဖြစ်သွားတယ်။ မုံရွာစျေးကို သုံးသိန်းခွဲကျော်အထိ ရောက်သွားတာ။ စျေးကနှစ်ဆလောက်အထိ တက်သွားတာ။ အဲဒီစျေးနဲ့ကို လိုသလောက်မရတာပေါ့။ မုံရွာချက်ဆီရဲ့သဘောက နိုင်ငံခြားဆီစျေးကို ကပ်ပြီးအတက်အကျရှိတယ်။ နိုင်ငံခြားဆီတက်ရင် တက်တယ်။ နိုင်ငံခြားဆီကျရင် သူလည်းကျတယ်။ နောက်တစ်ခုက စက်သုံးဆီသယ်တဲ့ မော်တော်တွေက ဒီအထက်ဘက်ကို ဆန်မရဘူး။ ဆန်ခွင့်မပေးကြဘူး။ မော်တော်အတော်အများများက ကုန်တွေတင်ထားပြီး မုံရွာကနေ ထွက်မရကြဘူး။ ပွင့်လင်းရာသီကြရင် ဆီကိုဆယ့်နှစ်ဘီးကားနဲ့ သယ်ကြပေမဲ့ အခုကကားနဲ့သယ်ဖို့လည်း လမ်းမကောင်းသေးဘူး။ ကုန်တွေကို ဆယ့်နှစ်ဘီးကားနဲ့သယ်ပြီး အဲဒီကားတွေက မဟာမြိုင်လမ်းကနေပဲ ရတာ။ မဟာမြိုင်လမ်းက အခုထိမကောင်းသေးဘူး။ ကားတွေဝင်တာတော့ရှိပေမဲ့ အတော်နည်းတယ်။ အခုဖြစ်နေတာက မော်တော်တွေ၊ ကုန်ကားတွေလည်း လမ်းခရီးမှာ အရဲစွန့်လာရတဲ့သဘောလိုဖြစ်နေပြီး သူတို့သုံးရတဲ့စက်သုံးဆီစျေးကြီးတာရယ် လမ်းမှာပေးရတဲ့ အထွေထွေကုန်ကျစရိတ်ရယ် အကုန်လုံးပေါင်းလိုက်တော့ ဒီဘက်ရွှေတူးတဲ့လုပ်ငန်းတွေမှာ စက်သုံးဆီအလုံအလောက် မရတာ၊ ရှားတာ။ တချို့ဆို လုပ်ငန်းနား ထားလိုက်ရတာတွေ ဖြစ်လာတယ်” ဟု ဟုမ္မလင်းမြို့ရှိ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
ဟုမ္မလင်းမြို့ရှိ ရွှေတူးဖော်ရေးလုပ်ငန်းများသည် ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းနှင့် တတိယလှိုင်းကာလများတွင် ပုံမှန်လည်ပတ်နိုင်ခဲ့ကြသော်လည်း ယခုအခါ စက်သုံးဆီစျေးနှင့် အထွေထွေကုန်ကျစရိတ် မြင့်တက်လာခြင်း၊ စက်သုံးဆီအလုံအလောက် မရရှိခြင်းတို့ကြောင့် လုပ်ငန်းအချို့ ရပ်နားထားရမည့် အခြေအနေဖြစ်နေကြောင်း သိရသည်။















