WHO အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများတွင် အောက်တိုဘာလ ပထမပတ်အထိ COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ ၈၅၉ သန်းကျော်ရှိပြီး လူ ၁၀၀ လျှင် ၄၁ ရာခိုင်နှုန်းကျော်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က WHO အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများ၏ COVID-19 ဖြစ်ပွားမှု အခြေအနေ အပတ်စဉ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
WHO အရှေ့တောင်အာရှဒေသတွင်း နိုင်ငံ ၁၁ နိုင်ငံအနက် ၁၀ နိုင်ငံတွင် COVID-19 ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသည့် Doses ပေါင်း ၁၂၂၆၃၆၄၈၀၄ ရှိပြီဖြစ်ကြောင်းနှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူ ၈၅၉၀၈၉၆၈၄ ဦး၊ လူ ၁၀၀ လျှင် ၄၁ ဒသမ ၆၁ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံခြင်းသည် ဒယ်တာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရမှုအပါအဝင် ပြင်းထန် COVID-19 ရောဂါ အခြေအနေ မဖြစ်ပွားစေရန် ထိရောက်မှု အားကောင်းစွာ ကာကွယ်ပေးနိုင်ကြောင်း ပြင်သစ်နိုင်ငံရှိ သုတေသနလေ့လာမှုကြီးတစ်ခုတွင် တွေ့ရှိခဲ့သည်။
COVID-19 ကူးစက်မှုအခြေအနေ မဟုတ်ဘဲ COVID-19 ကူးစက်မှုကြောင့် ပြင်းထန်ရောဂါအခြေအနေနှင့် သေဆုံးမှုအခြေအနေကို ကာကွယ်နိုင်မှုနှင့် ပတ်သက်၍ ဦးတည်လုပ်ဆောင်ခဲ့သော သုတေသန လေ့လာမှုတွင် အသက် ၅၀ ကျော်အရွယ် လူ ၂၂ သန်းကို လေ့လာရာ၌ ကာကွယ်ဆေးထိုးနှံပြီးသူများတွင် COVID-19 ကြောင့် ဆေးရုံတက်ရောက်ကုသမှု ခံယူနိုင်ခြေ သို့မဟုတ် သေဆုံးနိုင်ခြေမှာ ရာခိုင်နှုန်း ၉၀ အောက် လျော့နည်းကြောင်း တွေ့ရှိခဲ့သည်။
ယင်းသုတေသရလဒ်များကို အမေရိကန်၊ ဗြိတိန်နှင့် အစ္စရေးတို့တွင် လေ့လာချက်မှ အတည်ပြုထုတ်ပြန်ခဲ့ခြင်း ဖြစ်သော်လည်း သုတေသီများက ယင်းလေ့လာချက်သည် အကြီးမားဆုံး သုတေသန လေ့လာပြုလုပ်ချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ပြင်သစ်တွင် COVID-19 ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်စတင်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ၌ စတင်စုဆောင်းခဲ့သည့် အချက်အလက်များကို လေ့လာရာ၌ ကာကွယ်ဆေးထိုးနှံပြီးသူ ၁၁ သန်း၏ ရလဒ်များနှင့် ကာကွယ်ဆေးမထိုးနှံရသေးသူ ၁၁ သန်း၏ ရလဒ်များကို နှိုင်းယှဉ်လေ့လာခဲ့သည်။
သုတေသီများက တူညီသည့်ဒေသတွင်းရှိ တူညီသည့်အသက်အရွယ်နှင့် တူညီသည့် လိင်အမျိုးအစားအလိုက် ကာကွယ်ဆေးထိုးနှံပြီးသူနှင့် ကာကွယ်ဆေးမထိုးနှံရသူများကို တွဲစပ်စုစည်းခဲ့ပြီးနောက် ဇူလိုင် ၂၀ ရက်အထိ ကာကွယ်ဆေးထိုးနှံပြီးသူများ၏ ဒုတိယထပ်တိုး ကာကွယ်ဆေးထိုးနှံပြီးသည့် နောက်ပိုင်းအထိ ခြေရာခံဆန်းစစ်လေ့လာခဲ့သည်။
ကာကွယ်ဆေး ဒုတိယတစ်လုံးထိုးနှံပြီး နောက် ၁၄ ရက်မှစ၍ ကာကွယ်ဆေးထိုးနှံပြီးသူသည် ပြင်းထန်ရောဂါအခြေအနေ ဖြစ်ပွားနိုင်ခြေ ရာခိုင်နှုန်း ၉၀ အထိ လျော့ကျခဲ့ကြောင်း ပြင်သစ်အစိုးရနှင့် အနီးကပ်ပူးပေါင်း လုပ်ဆောင်နေသည့် လွတ်လပ်သောဆေးဝါး ဘေးကင်းလုံခြုံရေးသုတေသနအဖွဲ့ Epi-Phare က သုတေသနတွေ့ရှိချက်ကို ထုတ်ပြန်ခဲ့သည်။















